မေ ၂၅၊ ၂၀၂၄
သာသနာတော်နှစ် ၂၅၆၈ ခုနှစ်
ယနေ့ကျရောက်သည့် ဗုဒ္ဓဘာသာဝင်များ၏ အလေးအမြတ်ထားရာ နေ့ထူးနေ့မြတ်တစ်ရက် ဖြစ်သော ကဆုန်လပြည့်(ဗုဒ္ဓနေ့)အခါသမယတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံသူ နိုင်ငံသားများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်း မေတ္တာပို့သလျက် နှုတ်ခွန်းဆက်သ အပ်ပါသည်။
ကဆုန်လပြည့်နေ့သည် ဘုရားအလောင်းတော် သုမေဓာရှင်ရသေ့ဘဝ၌ ဗျာဒိတ်ခံယူခြင်း၊ အလောင်းတော်ဖွားမြင်ခြင်း၊ သဗ္ဗေညုတဉာဏ်တော်ကိုရရှိခြင်း၊ ပရိနိဗ္ဗာန်စံဝင်တော်မူခြင်းဟူသော ဖြစ်စဉ်များ ထူးခြားအံ့ဩဖွယ် တိုက်ဆိုင်စွာဖြစ်ပေါ်ခဲ့ခြင်းကြောင့် ဗုဒ္ဓဘာသာဝင်များအဖို့ အလွန်ထူး မြတ်သည့် နေ့ထူးနေ့မြတ် တစ်ရက်ဖြစ်ပါသည်။
မြတ်ဗုဒ္ဓသည် သဗ္ဗေညုတဉာဏ်တော်ကို ရရှိပြီး နှစ်လအကြာ ဝါဆိုလပြည့်နေ့မှ စတင်ကာ ၄၅ ဝါကာလပတ်လုံး အယုတ်၊ အလတ်၊ အမြတ် ဟူ၍ မခွဲခြားဘဲ သံသရာမှ လွတ်မြောက်ရာလမ်းဖြစ်သော သစ္စာလေးပါး မြတ်တရားနှင့် ဓမ္မနှင့် အဓမ္မ၊ ကုသိုလ်နှင့် အကုသိုလ်ကို ဝေဖန်ပိုင်းခြား သိရှိနိုင်သည့်အပြင် လိုက်နာကျင့်ကြံအပ်သော တရားဓမ္မများကို ကိုယ်တော်တိုင်လည်း ပိုင်းခြားသိမြင်အောင် ကြိုးပမ်းအားထုတ်နိုင်သကဲ့သို့ လောကဝေနေယျသတ္တဝါအများ သိရှိလိုက်နာနိုင်စေရန်လည်း ဟောပြော ညွှန်ပြ ဆုံးမတော်မူခဲ့သည်။
ယခုအခါမြန်မာနိုင်ငံသူနိုင်ငံသားများအနေဖြင့် ဓမ္မနှင့်အဓမ္မကို ဝေဖန်ပိုင်းခြားခြင်း မပြုနိုင်သော လူတစုကြောင့် ဆင်းရဲဒုက္ခများ ကြီးစွာခံစားခဲ့ကြရပါသည်။ သို့ရာတွင် အဓမ္မတရားများကို ရှောင်ရှားပြီး ဓမ္မတရားကိုသာ လိုက်နာကျင့်သုံးသင့်ကြောင်း မြတ်ဗုဒ္ဓ၏ မိန့်ကြားချက်အတိုင်း ဓမ္မနှင့် အဓမ္မကို ကောင်းမွန်စွာ ဝေဖန်ပိုင်းခြားနိုင်သော နိုင်ငံသူ/သားများ၏ စည်းလုံးညီညွတ်မှုကြောင့် ယခု ဆင်နွှဲနေသော ကျွန်ုပ်တို့၏ နွေဦးတော်လှန်ရေးသည် မုချဧကန် အောင်မြင်မည်ဖြစ်ပါသည်။ မိမိတို့ လိုလား တောင့်တအပ်သော ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်ထူထောင်နိုင်ရေးအတွက် ကြိုးပမ်း ရာတွင် မြန်မာပြည်သူ/သားများ၏ ကြိုးစားအားထုတ်မှုသာ အဓိကကျသည်မှာ ဧကန်မလွဲပင်ဖြစ်ပါသည်။
ပြည်သူ့နွေဦးတော်လှန်ရေးတွင်သာမက သမိုင်းတစ်လျှောက် မတရားသည့် အဓမ္မတရားများ ကို တိုက်ဖျက်ရာတွင် အသက်ပေးလှူသွားကြသော တိုင်းရင်းသားညီနောင်များနှင့် ပြည်သူ/သားများ အားလုံး သူတော်ကောင်းများစံမြန်းရာ မြင့်မြတ်သည့် ဘုံဌာနများ၌ ရောက်ရှိစံစားနိုင်ကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သလျက် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် နိုင်ငံတဝှမ်း ဓမ္မတရားများ ထုံမွမ်း လာသည်အထိ ပြည်သူများနှင့်အတူ ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဆန္ဒပြုရင်း ဤသဝဏ်လွှာကို ပေးပို့အပ်ပါသည်။
အမျိုးသားညီညွတ်ရေးအစိုးရ