ထုတ်ပြန်ကြေညာချက်အမှတ် (၇/၂၀၂၄)

၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၇) ရက်
၁။ အကြမ်းဖက်စစ်ကောင်စီသည် ယခုရက်ပိုင်းအတွင်း တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ အပြစ်မဲ့ အရပ်သား ပြည်သူများကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား၍ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေရာ လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်အချို့ကို အောက်ပါအတိုင်း တွေ့ရှိရပါသည်-
◾ (၆-၉-၂၀၂၄) ရက်နေ့၊ နေ့လယ် (၁၂း၄၈) နာရီအချိန်က မကွေးတိုင်း၊ မြိုင်မြို့နယ်၊ လက်ယက်မကျေးရွာရှိ စာသင်ကျောင်းကို လေကြောင်းမှတစ်ဆင့် ပေါင် (၂၀၀) ဗုံးဖြင့် နှစ်ကြိမ်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးတစ်ဦး အပါအဝင် အရပ်သားပြည်သူ စုစုပေါင်း (၆) ဦး သေဆုံးခဲ့ပြီး (၅) ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါသည်။ စာသင်ကျောင်းဆောင် နှစ်ဆောင်နှင့် လူနေအိမ် သုံးလုံးလည်း ပျက်စီးခဲ့ပါသည်။
◾ (၆-၉-၂၀၂၄) ရက်နေ့၊ နံနက် (၀၂း၄၀) နာရီအချိန်ခန့်က ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ တိုက်နယ် (၄) ရှိ ကျေးရွာတစ်ရွာကို လေကြောင်းတိုက်ခိုက်ခဲ့ရာ သေဆုံးထိခိုက်မှုနှင့် ပျက်စီဆုံးရှုံးမှုစာရင်း မသိရှိရသေးပါ။
◾ (၆-၉-၂၀၂၄) ရက်နေ့၊ နံနက် (၀၁း၃၅) နာရီအချိန်တွင် ရှမ်းပြည်နယ်၊ နမ့်ခမ်းမြို့၊ ဟိုကတ်ရပ်ကွက်ရှိ ညစျေးတန်းနှင့် ကျားဖြူခန်းမနေရာတို့ကို လေကြောင်းမှတစ်ဆင့် ပေါင် (၅၀၀) ဗုံးဖြင့် နှစ်ကြိမ်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ် (၂) ဦး၊ အမျိုးသား (၅) ဦးနှင့် အမျိုးသမီး (၄) ဦး၊ စုစုပေါင်း (၁၁) ဦး သေဆုံးခဲ့ရပါသည်။ သေဆုံးသူများ တွင် ကရုဏာပရဟိတအဖွဲ့ဝင် တစ်ဦးနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီး တစ်ဦးလည်း ပါဝင်ခဲ့ပါသည်။ ကလေးငယ် (၂) ဦး အပါအဝင် အခြားပြည်သူစုစုပေါင်း (၁၂) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကာ နေအိမ် (၁၀) လုံးနှင့်အထက် ထိခိုက်ပျက်စီးခဲ့ပါသည်။
◾ (၅-၉-၂၀၂၄) ရက်နေ့၊ ည (၀၉း၃၀) နာရီအချိန်ခန့်တွင် ရှမ်း-ကရင်နီပြည် အစပ်၊ ဖယ်ခုံ မြို့နယ်၊ လအိတိုက်နယ်၊ ဘန်ကောက် စစ်ဘေးရှောင်စခန်းကို လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ် (၇) ဦးနှင့် ဆရာမများအပါအဝင် ပြည်သူစုစုပေါင်း (၉) ဦး သေဆုံးခဲ့ရပါသည်။ ပြည်သူ (၆) ဦးလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
◾ (၅-၉-၂၀၂၄) ရက်နေ့၊ ညပိုင်းတွင် ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်ရှိ ရွှေမုဌောကျေးရွာ ကို လေကြောင်းဖြင့် နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်တစ်ဦး သေဆုံးပြီး၊ ယင်းကလေးငယ်၏ ဖခင်ဖြစ်သူ ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ်အများအပြားလည်း ပျက်စီးခဲ့ရသည်။
◾ (၅-၉-၂၀၂၄) ရက်နေ့၊ ညနေ (၀၅း၃၀) နာရီအချိန်တွင် နွားထိုးကြီးမြို့နယ်၊ ဆူးရစ်ကုန်းကျေးရွာနှင့် ဖလံကုန်းကျေးရွာတို့ကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ (၁) ဦး ထိခိုက်ဒဏ်ရာ ရရှိပြီး နေအိမ် (၃) လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့ပါသည်။
◾ (၅-၉-၂၀၂၄) ရက်နေ့၊ နံနက်ပိုင်းတွင် ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်၊ နန်းမယ်ခုံမြို့ကို လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ (၂) ဦးထက်မနည်း သေဆုံးခဲ့ရပြီး (၃) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါသည်။
◾ (၃-၉-၂၀၂၄) ရက်နေ့၊ နေ့လယ် (၀၂း၃၀) နာရီအချိန်တွင် ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ လုံးရန်းကျေးရွာအုပ်စု၊ ကျွဲကောပင်ကျေးရွာအား ဂျက်ဖိုက်တာဖြင့် ဗုံးကြဲပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ရာ ကလေးနို့တိုက်နေသော မိခင်တစ်ဦး သေဆုံးကာ ကလေး (၂) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါသည်။
◾ (၁-၉-၂၀၂၄) ရက်နေ့၊ နေ့လယ်တွင် စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့၊ မောင်းကုန်းကျေးရွာကို လေကြောင်းတိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူ (၉) ဦး သေဆုံးပြီး ပြည်သူ (၁၀) ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။
◾ (၃၀-၈-၂၀၂၄) ရက်နေ့တွင် ရှမ်းပြည်နယ်၊ လားရှိုးမြို့ကို လေကြောင်းမှ နှစ်ကြိမ်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ လားရှိုးမြို့၊ ရပ်ကွက် (၉) ရှိ အမှတ် (၈) အခြေခံပညာ အထက်တန်းကျောင်း အဆောက်အအုံ အများအပြား ပျက်စီးခဲ့ပြီး ကျောင်းအနီးရှိ နေအိမ်တစ်လုံးလည်း ထိခိုက်ပျက်စီးခဲ့ပါသည်။
◾ (၂၇-၈-၂၀၂၄) ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မြောက်ပိုင်း၊ ရန်မျိုးအောင် ကျေးရွာနှင့် စော်ဘွားရေရှင်ကျေးရွာ နှစ်ရွာကြားရှိ ပြည်သူ့ဆေးရုံကို လေကြောင်းဖြင့် ပေါင် (၅၀၀) ဗုံး အသုံးပြု၍ ဗုံးကြဲတိုက်ခိုက်မှုကြောင့် တော်လှန်ရေးရဲဘော် (၁) ဦး ကျဆုံးခဲ့ပြီး ပြည်သူ (၂) ဦး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါသည်။
၂။ အကြမ်းဖက်စစ်ကောင်စီက ဆေးရုံဆေးခန်းများ၊ ကျောင်းများ၊ အရပ်သားပြည်သူတို့၏ နေအိမ်များ၊ ဈေးများ၊ ဘာသာရေးအ‌ဆောက်အအုံများ၊ လမ်းတံတားများအပေါ် တမင်ပစ်မှတ်ထား၍ တိုက်ခိုက်မှုများသည် ဂျီနီဗာကွန်ဗန်းရှင်း (Geneva Conventions) ၊ ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်များ၊ လူသာချင်းစာနာထောက်ထားရေးနှင့် လူအခွင့်အရေးဆိုင်ရာ နိုင်ငံတကာဥပဒေများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေခြင်း ဖြစ်သည်။
၃။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနသည် ဒေသခံပြည်သူများ၊ ကျန်းမာရေး ဝန်ထမ်းများနှင့်အတူ ခိုင်မာစွာ လက်တွဲရပ်တည်လျက်ရှိပြီး အကြမ်းဖက်စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ်များကို ပြင်းထန်စွာ ရှုတ်ချလိုက်သည်။
၄။ အပြစ်မဲ့ပြည်သူများအပေါ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ရန် ခိုင်းစေသူများ၊ အကြမ်းဖက်လေတပ်မှ တာဝန်ရှိသူများ၊ လေယာဉ်မောင်းသူများ၊ လေယာဉ်စက်ပစ္စည်းများနှင့် လေယာဉ်ဆီ ရောင်းဝယ်သူများ၊ ပါဝင်ပတ်သက်သူများအားလုံးကို စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ ပြုလုပ်နေသည့် စစ်ရာဇဝတ်ကောင်များ၊ အကြမ်းဖက်သမားများအဖြစ် သတ်မှတ်ပြီး တရားမျှတမှု ရရှိသည်အထိ ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားရမည်ဖြစ်ပါသည်။ လူစိတ်ပျောက်နေသော အကြမ်းဖက်စစ်ကောင်စီနှင့် လက်တွဲဆောင်ရွက်နေသူများ၊ ထောက်ခံအားပေးနေသူများအနေဖြင့် မိမိတို့၏ လုပ်ရပ်များကို ရပ်တန်းက ရပ်ကြရန် အလေးအနက် တိုက်တွန်းလိုက်ပြီး အကြမ်းဖက်စစ်ကောင်စီနှင့် ဆက်လက်၍ လက်တွဲဆောင်ရွက်နေပါက ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားရမည်ဖြစ်ပါသည်။
၅။ မြန်မာနိုင်ငံ၏ အပြစ်မဲ့ပြည်သူများနှင့် ကျန်းမာရေးကဏ္ဍအပေါ် အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများ၊ စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို နိုင်ငံတကာအနေဖြင့် လစ်လျူရှုမထားဘဲ ဖြစ်နိုင်သမျှ နည်းလမ်းများ အသုံးပြု၍ မြန်ဆန်ထိရောက်စွာ တားဆီးအရေးယူပြီး ထိခိုက်ခံစားနေရသည့် မြန်မာပြည်သူ တို့ဘက်၌ စာနာရပ်တည်ပေးရန် အထူးလိုအပ်နေပါသည်။
၆။ ဝန်ကြီးဌာနသည် အခက်အခဲနှင့် စိန်ခေါ်မှုများစွာရှိသည့်တိုင် သူရဲကောင်းကျန်းမာရေး ဝန်ထမ်းများ၊ တိုင်းရင်းသားအဖွဲ့အစည်းများ၊ ဒေသခံအဖွဲ့အစည်းများ၊ ပြည်သူများနှင့် လက်တွဲ၍ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို အစွမ်းကုန် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် အပြီးတိုင် ချုပ်ငြိမ်း၍ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီး ပေါ်ထွန်းသည်အထိ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးနှင့်လက်တွဲ၍ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ကတိသစ္စာ ပြုအပ်ပါသည်။
ကျန်းမာရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ
Scroll to Top
Skip to content