ရိုဟင်ဂျာပြည်သူများ ရက်စက်ကြမ်းကြုတ်စွာ အကြမ်းဖက်ခံခဲ့ရမှု နဝမမြောက်နှစ်ပတ်လည်နေ့ ထုတ်ပြန်ကြေညာချက်

၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၂၅) ရက်
လွန်ခဲ့သော ၂၀၁၇ ခုနှစ်၊ သြဂုတ်လတွင် အကြမ်းဖက်စစ်အုပ်စုက ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာ ပြည်သူများအပေါ် ရက်စက်ကြမ်းကြုတ်စွာ အကြမ်းဖက်ပြီး ကြီးလေးသော ရာဇဝတ်မှုများကို ကျူးလွန်ခဲ့သည့် ဖြစ်စဉ်မှာ ယခုဆိုလျှင် (၉) နှစ်တိုင်ခဲ့ပြီ ဖြစ်ပါသည်။ ဤနဝမမြောက် နှစ်ပတ်လည်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ထပ်တူထပ်မျှ နက်ရှိုင်းစွာ ဝမ်းနည်း ကြေကွဲရပါကြောင်းနှင့် တရားမျှတမှုအတွက် အခိုင်အမာ ဆက်လက် ရပ်တည်လျက်ရှိပါကြောင်း ထပ်လောင်း ကတိပြုအပ်ပါသည်။
ကိုးနှစ်တာကာလ ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း အကြမ်းဖက်စစ်အုပ်စု၏ လူမဆန်သော ကျူးလွန်မှုများကြောင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခိုလှုံခဲ့ရသည့် သိန်းနှင့်ချီသော ရိုဟင်ဂျာပြည်သူများ ယနေ့တိုင် နေရပ်ပြန်နိုင်ခြင်း မရှိသေးသည့်အခြေအနေများ၊ ဒုက္ခသည် စခန်းများတွင် ရင်ဆိုင်နေရသော ကျန်းမာရေးနှင့် ရှင်သန်ရပ်တည်ရေး အခက်အခဲများအတွက် အမျိုးသားညီညွတ်ရေးအစိုးရ အနေဖြင့် အထူးပင် စိုးရိမ်ပူပန်မိပါသည်။ အမျိုးသားညီညွတ်ရေး အစိုးရသည် “ရိုဟင်ဂျာမူဝါဒ” တစ်ရပ်ကို ထုတ်ပြန်ထားပြီးဖြစ်ကာ ၎င်းမူဝါဒနှင့်အညီ ခိုင်မာစွာ ရပ်တည် ဆောင်ရွက်လျက်ရှိပါသည်။
ယနေ့ပြည်သူ့နွေဦးတော်လှန်ရေးကာလတွင် အကြမ်းဖက်စစ်အုပ်စုသည် ၎င်းတို့၏ နိုင်ငံရေး၊ စစ်ရေး အကျပ်အတည်းများမှ ထွက်ပေါက်ရရန် ရိုဟင်ဂျာပြည်သူများအပါအဝင် တိုင်းရင်းသား ပြည်သူများကို အတင်းအဓမ္မ စစ်သားစုဆောင်းခြင်း၊ လူသားဒိုင်းအဖြစ် အသုံးချခြင်းတို့ကို လုပ်ဆောင်လျက်ရှိသည့်အပြင်၊ လူမျိုးရေးနှင့် ဘာသာရေး ပဋိပက္ခများ ဖြစ်ပေါ်စေရန် စနစ်တကျ သွေးခွဲလှုံ့ဆော်မှုများကိုပါ ဆောင်ရွက်လျက်ရှိပါသည်။ သို့ဖြစ်ပါ၍ ရခိုင်ပြည်သူများ၊ ရိုဟင်ဂျာ ပြည်သူများ အပါအဝင် တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ အားလုံးအနေဖြင့် စစ်အုပ်စု၏ သွေးခွဲမှုများကို သတိပြုရှောင်ရှားကာ အချင်းချင်း နားလည်မှု၊ ယုံကြည်မှု တည်ဆောက်ပြီး မြန်မာနိုင်ငံရှိ တိုင်းရင်းသား ပြည်သူတရပ်လုံး၏ အသက်အိုးအိမ် စည်းစိမ်၊ လူ့အခွင့်အရေးနှင့် ဘာသာရေး၊ ယဉ်ကျေးမှုများအပေါ် ခြိမ်းခြောက်ဖျက်ဆီးနေသည့် အဓိကတရားခံဖြစ်သော စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးအတွက် စည်းလုံးညီညွတ်စွာ ပူးပေါင်းပါဝင်ကြရန် လေးနက်စွာ တိုက်တွန်းနှိုးဆော်အပ်ပါသည်။ နိုင်ငံတကာအသိုင်းအဝိုင်းနှင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အနေဖြင့်လည်း စစ်အုပ်စုအား သံတမန်ရေးအရသာမက လက်တွေ့ ကျသော အရေးယူမှုများ ပြုလုပ်ရန် အချိန်တန်နေပြီ ဖြစ်ပါသည်။
အမျိုးသားညီညွတ်ရေးအစိုးရသည် ရိုဟင်ဂျာပြည်သူများအပါအဝင် မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော လူမျိုးစုအားလုံး၊ ဘာသာဝင်အားလုံးအပေါ် လူမျိုး၊ ဘာသာ၊ လိင်၊ အသားအရောင် ခွဲခြားမှုကင်းစင်ကာ တန်းတူညီမျှရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အပြည့်အဝ အာမခံနိုင်မည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ်ကို ပြည်သူလူထုတရပ်လုံးနှင့်အတူ လက်တွဲ၍ မဆုတ်မနစ် ဆက်လက်တည်ဆောက်သွားမည်ဖြစ်ကြောင်း ဤ(၉)နှစ်မြောက် နှစ်ပတ်လည်နေ့တွင် သဘောထား ထုတ်ပြန်အပ်ပါသည်။
National Unity Government
Scroll to Top