ကရင်နီပြည် အတိုင်ပင်ခံကောင်စီ (KSCC) ၏ ဥက္ကဋ္ဌ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၏အထွေထွေအတွင်းရေးမှူး၊ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ၏ အတွင်းရေးမှူးအဖွဲ့ဝင် ဦးအောင်ဆန်းမြင့် ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းကြောင်းသဝဏ်လွှာ

၂၀၂၆ ခုနှစ်၊ သြဂုတ်လ (၃၀) ရက်
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ၏ အထွေထွေအတွင်းရေးမှူး၊ ကရင်နီပြည် အတိုင်ပင်ခံကောင်စီ (KSCC) ၏ ဥက္ကဋ္ဌနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ၏ အတွင်းရေးမှူးအဖွဲ့ဝင်ဖြစ်သူ ဦးအောင်ဆန်းမြင့်သည် ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၃၀) ရက်၊ မြန်မာစံတော်ချိန် မွန်းလွဲ ၂ နာရီ ၄၃ မိနစ်တွင် ကွယ်လွန်အနိစ္စ ရောက်ရှိသွားကြောင်း ကြားသိရသည့်အတွက် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ကျန်ရစ်သူ မိသားစုဝင်များ၊ ကရင်နီပြည်သူတရပ်လုံးနှင့်အတူ ထပ်တူထပ်မျှ အထူးဝမ်းနည်းကြေကွဲရပါသည်။
ဦးအောင်ဆန်းမြင့်သည် ကရင်နီလူမျိုးတို့၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ တန်းတူညီမျှရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးတို့အတွက် မဆုတ်မနစ်သော ဇွဲလုံ့လ၊ ခိုင်မာသော နိုင်ငံရေးယုံကြည်ချက်တို့ဖြင့် ဘဝတစ်သက်တာလုံး ပေးဆပ်စတေးကာ တစိုက်မတ်မတ် ကြိုးပမ်း အားထုတ်ခဲ့သော ခေါင်းဆောင်တစ်ဦး ဖြစ်ပါသည်။ တော်လှန်ရေးခရီးကြမ်းတစ်လျှောက် ကရင်နီပြည်၏ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာ အုတ်မြစ်များကို စနစ်တကျချမှတ်ပေးခဲ့ပြီး နိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍများတွင် ရှေ့တန်းမှ မားမားမတ်မတ် ရပ်တည်ကာ တော်လှန်‌ရေး အင်အားစုများအကြား ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်နိုင်ရန် စွမ်းစွမ်းတမံ ကြိုးပမ်းခဲ့သည့် ခေါင်းဆောင်ကောင်းတစ်ဦး ဖြစ်ပါသည်။
ယခုကဲ့သို့ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ် တည်ဆောက်ရေးအတွက် အရေးပါလှသော တော်လှန်ရေး အချိုးအကွေ့ကာလတွင် နိုင်ငံရေး အမြော်အမြင်ကြီးမားပြီး ရင့်ကျက်တည်ကြည်ကာ သဘောထားပြည့်ဝသည့် တိုင်းရင်းသား ခေါင်းဆောင်ကြီးတစ်ဦးအား ဆုံးရှုံးလိုက်ရခြင်းသည် ကရင်နီလူမျိုးများအတွက်သာမက မြန်မာနိုင်ငံ တစ်ဝန်းလုံးရှိ တော်လှန်ရေးအင်အားစု တရပ်လုံးနှင့် ပြည်သူလူထုအတွက်ပါ အစားထိုး မရနိုင်သော ကြီးမားလှသည့် ဆုံးရှုံးမှုကြီးတစ်ရပ် ဖြစ်ပါသည်။ ဦးအောင်ဆန်းမြင့်၏ မဆုတ်မနစ်သော ဇွဲ၊ လုံ့လ၊ သတ္တိနှင့် ခိုင်မာသော နိုင်ငံရေးခံယူချက်များမှာ တော်လှန်ရေးအင်အားစုများ အားလုံးအတွက် အစဉ်အမြဲ လေးစားအတုယူဖွယ် ကမ္ပည်းတင်ကျန်ရစ်နေမည် ဖြစ်ပါသည်။
ဦးအောင်ဆန်းမြင့်၏ ခိုင်မာသော နိုင်ငံရေးသန္နိဋ္ဌာန်များ၊ မျှော်မှန်းချက်များနှင့် မပြီးဆုံးသေးသော တော်လှန်ရေးတာဝန်များကို အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ဆက်လက် တာဝန်ယူကာ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချုပ်ငြိမ်းရေးနှင့် တိုင်းရင်းသားအားလုံး တန်းတူညီမျှမှု ရှိသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ်ကြီး ပေါ်ထွန်းလာသည်အထိ တိုင်းရင်းသားပြည်သူ တရပ်လုံးနှင့် အတူလက်တွဲ၍ မမှိတ်မသုန် ဆက်လက်တိုက်ပွဲဝင် သွားမည်ဖြစ်ပါကြောင်း ကတိပြုရင်း ကွယ်လွန်သူ ဦးအောင်ဆန်းမြင့် ခရစ်တော်၌ ငြိမ်းချမ်းစွာ အိပ်ပျော်ပါစေကြောင်း ဆုမွန်ကောင်း တောင်းလျက် ဤဝမ်းနည်းကြောင်း သဝဏ်လွှာကို ပေးပို့အပ်ပါသည်။
National Unity Government
Scroll to Top