စစ်ဘက်ဆိုင်ရာ သူရဲကောင်း ဘွဲ့၊ ဆုနှင့် တံဆိပ် ချီးမြှင့်ပွဲအခမ်းအနားတွင် ပြောကြားသော ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ အမှာစကား

၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်
ဒီကနေ့ ကျင်းပတဲ့ စစ်ဘက်ဆိုင်ရာ သူရဲကောင်းဘွဲ့၊ ဆုနှင့်တံဆိပ် ချီးမြှင့် အပ်နှင်းခြင်း အခမ်းအနားသို့ တက်ရောက်လာကြသော နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ အမှူးပြုသော အမျိုးသားညီညွတ်ရေးအစိုးရ တာဝန်ရှိသူများ၊ ပြည်ထောင်စု လွတ်တော်ကိုယ်စားပြုကော်မတီမှ အဖွဲ့ဝင်များ၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီမှ ခေါင်းဆောင်များ၊ ဖက်ဒရယ်ယူနစ်အစိုးရနှင့် ဖက်ဒရယ်ယူနစ် လွတ်တော်များမှ တာဝန်ရှိသူများ၊ မဟာမိတ်တော်လှန်ရေးအဖွဲ့အစည်းများ၊ မဟာမိတ် တပ်ဖွဲ့ဝင်များနှင့် ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDO) တို့မှ တော်လှန်ရေး ရဲဘော်များနှင့် တော်လှန် ပြည်သူများခင်ဗျာ—
ဒီနေ့ စက်တင်ဘာလ ၇ ရက်နေ့ဟာ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရေးအတွက် ပြည်သူတစ်ရပ်လုံး တညီ တညွတ်တည်း ထကြွတွန်းလှန်ခဲ့ကြတဲ့ ပြည်သူ့ခုခံတွန်းလှန်စစ် (၅) နှစ်ပြည့် မြောက်တဲ့ သမိုင်းဝင် နေ့ရက်လည်း ဖြစ်ပါတယ်။ လွန်ခဲ့သော ၅ နှစ်တာကာလအတွင်း မိမိတို့၏ အသက်၊ ခန္ဓာနှင့် ကိုယ်ကျိုးစီးပွား များကို မငဲ့ကွက်ဘဲ စစ်ရေးတာဝန်များကို ရဲဝံ့စွာ စွမ်းစွမ်းတမံ ထမ်းဆောင်ခဲ့ကြသည့် သူရဲကောင်းများ၏ ဂုဏ်ကျေးဇူးကို အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် လေးနက်စွာ အသိအမှတ်ထား ဂုဏ်ပြုလိုတာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် တည်ထောင်ခြင်း (၅)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် စစ်ဘက်ဆိုင်ရာ သူရဲကောင်းဘွဲ့၊ ဆု၊ တံဆိပ်ချီးမြှင့်ခြင်း အခမ်းအနားကို ကျင်းပ ရခြင်း ဖြစ်ပါတယ်။
ဂုဏ်ပြုချီးမြှင့်ထိုက်သူကို ဂုဏ်ပြုချီးမြှင့်ခြင်းဟာ မင်္ဂလာတစ်ပါးဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ အနေနဲ့ မှတ်ယူထားတာမို့ စစ်ဘက်ဆိုင်ရာ သူရဲကောင်းဘွဲ့နှင့် ဆုတံဆိပ်များကို အောက်ပါ ရည်ရွယ်ချက်များဖြင့် ချီးမြှင့်အပ်နှင်းခြင်း ဖြစ်ပါတယ်။
(၁) ဘွဲ့၊တံဆိပ်ရရှိသူများ၏ စွန့်စားမှုနှင့် သစ္စာရှိမှုကို တပ်မှူး၊ ရဲဘော်များက အားကျ အတုယူဖွယ် စံပြုပုံရိပ်အဖြစ် ဖော်ဆောင်ရန်။
(၂) တော်လှန်ရေးကာလအတွင်း တာဝန်ကျေပွန်ခဲ့သူများကို နိုင်ငံတော်၏ အမြင့်ဆုံး ဂုဏ်ပြုမှုဖြင့် အသိအမှတ်ပြုပြီး ၎င်းတို့၏ စွမ်းဆောင်ချက်များ မပျောက်ပျက်အောင် မှတ်တမ်း တင်ရန်။
(၃) ကျဆုံး/ ကိုယ်အင်္ဂါစွန့်လွှတ်သူရဲကောင်းများ၏ မိသားစုများကို နိုင်ငံတော်က ကျေးဇူး သိတတ်သောအားဖြင့် စိတ်ဓာတ်ရေးရာ နှင့် အနာဂတ် လူမှုဘဝလုံခြုံမှုကို ဖြည့်ဆည်း ပေးရန်။
(၄) ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအတွက် အသက်ပေးဆပ်ခဲ့ကြသူများကို ထာဝစဉ် အမှတ်ရနေစေရန်။
(၅) နိုင်ငံတော်အတွက် ပေးဆပ်တိုက်ပွဲဝင်မှုနှင့် ရရှိလာသည့် အောင်ပွဲများ၏ တန်ဖိုးကို ပြည်သူလူထု တစ်ရပ်လုံးက လေးစားတန်ဖိုးထားတတ်စေရန် ရည်ရွယ်ခြင်း ဖြစ်ပါ တယ်။
စစ်ဘက်ဆိုင်ရာ သူရဲကောင်းဘွဲ့၊ ဆု၊ တံဆိပ် ချီးမြှင့်အပ်နှင်းခြင်းခံထိုက်သည့် ပုဂ္ဂိုလ်များမှာ-
(၁) ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်နှင့် ပြည်သူ့ကာကွယ်ရေး အဖွဲ့တို့မှ တပ်ဖွဲ့ဝင်များ၊
(၂) အကြမ်းဖက်စစ်အုပ်စုအား လက်နက်စွဲကိုင်၍ ခုခံတွန်းလှန်နေသော နွေဦးတော်လှန် ရေးတွင် ပေါ်ပေါက်လာသည့် လက်နက်ကိုင်အဖွဲ့အစည်းများ၊ ၎င်းတို့၏ တပ်ဖွဲ့ဝင်များ၊
(၃) တော်လှန်ရေးမဟာမိတ်အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များ ဖြစ်ပါတယ်။
ယနေ့ ဆုပေးပွဲအခမ်းအနားဟာ ပြည်သူ့ကာကွယ်ရေးတပ်မတော်တည်ထောင်ခြင်းနှင့် ပြည်သူ့ခုခံ တွန်းလှန်စစ်ဆင်နွှဲခြင်း ၅ နှစ်တာကာလအတွင်း ပထမဆုံးအကြိမ် ကျင်းပပြုလုပ်သော ဂုဏ်ပြုချီးမြှင့် ပွဲ ဖြစ်ပါတယ်။ အခမ်းအနားမှာ တော်လှန်ရေး စံနမူနာပြ ဂုဏ်ပြုထိုက်သူများအား ဘွဲ့၊ ဆုနှင့်တံဆိပ် (၅) မျိုးဖြင့် ချီးမြှင့်အပ်နှင်းသွားမှာ ဖြစ်ပါတယ်။
ပြည်သူ့တော်လှန်ရေး ဂုဏ်ဆောင်ဘွဲ့ (Honor of People’s Revolution/HPR)
(၁) ပြည်သူ့ကာကွယ်ရေးတပ်မတော် တည်ဆောက်ရေး၊ မဟာမိတ်ပူးပေါင်း ဆောင်ရွက်ရေး၊ ဗျူဟာမြောက်စစ်ဆင်ရေးများတွင် ဦးဆောင်ကွပ်ကဲသူ၊
(၂) တော်လှန်ရေးနှင့် ဆီလျော်သော စစ်မဟာဗျူဟာချမှတ်၍ လက်တွေ့ အကောင်အထည် ဖော်သူ၊
(၃) စစ်မြေပြင်အတွင်း ရဲဘော်များနှင့်အတူ တသားတည်း တိုက်ပွဲဝင်လျက် မိမိ၏ အသက် နှင့် အကျိုးစီးပွားကို အဆုံးစွန်ထိ စွန့်လွှတ်သူ၊
(၄) စစ်ရေးဦးဆောင်မှုပြုရာတွင် တော်လှန်ရေး တပ်မှူးများနှင့် ရဲဘော်များအတွက် စံနမူနာပြုထိုက်သူ အဖြစ် စံသတ်မှတ်ချက်များ ထားရှိပါတယ်။
ပြည်သူ့တော်လှန်ရေး ဂုဏ်ဆောင်ဘွဲ့ HPR ချီးမြှင့်ခံရသူမှာ – အမှတ်(၁) စစ်ဒေသ၊ စစ်ဒေသမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ သူ ဒုတိယဗိုလ်ချုပ်ကြီး Rခေါင်လွန်း (ကွယ်လွန်) ဖြစ်ပါတယ်။
ပြည်သူ့တော်လှန်ရေး သူရဲကောင်းဘွဲ့ (Legend of People’s Revolution/LPR)
(၁) စစ်မြေပြင်တွင် မိမိအသက်ကို စွန့်၍ ရွပ်ရွပ်ချွံချွံတိုက်ပွဲဝင်သူ၊
(၂) တိုက်ပွဲအတွင်း မိမိရဲဘော်ရဲဘက်များ၏ အသက်ဘေးအန္တရာယ်အား ကာကွယ် စောင့်ရှောက်သူ၊
(၃) တိုက်ပွဲ၏အလှည့်အပြောင်းကို ဖန်တီးပေးသူ
(၄) သူရသတ္တိအရာတွင် တော်လှန်ရေး တပ်မှူးများနှင့် ရဲဘော်များအတွက် ပြောစမတ်ပြု ရသူ အဖြစ် စံသတ်မှတ်ချက်များ ထားရှိပါတယ်။
ပြည်သူ့တော်လှန်ရေးသူရဲကောင်းဘွဲ့ LPR ချီးမြှင်ခံရသူ စုစုပေါင်း (၂၁) ဦး ရှိပါတယ်။
ပြည်သူ့ဇာနည်ဆု (People’s Medal for Noble Service/PMNS)
(၁) ပြည်သူ့တော်လှန်ရေးတိုက်ပွဲအတွင်း မိမိအသက်ကို ပေးဆပ်ခဲ့သူ၊
(၂) ပြည်သူ့တော်လှန်ရေးတိုက်ပွဲအတွင်း ကိုယ်အင်္ဂါစွန့်လွှတ်ခဲ့သူ၊
(၃) ပြည်သူ့တော်လှန်ရေးသမိုင်းတွင် ဂုဏ်ပြုထိုက်သူအဖြစ် စံသတ်မှတ်ချက်များ ထားရှိပါ တယ်။
ပြည်သူ့ဇာနည်ဆု PMNS ချီးမြှင့်ခံရသူ စုစုပေါင်း (၁,၆၄၇) ဦး ရှိပါတယ်။
ပြည်သူ့သားကောင်းဆု (People’s Medal for Loyal Service/PMLS)
(၁) ပြည်သူ့တော်လှန်ရေး ၅ နှစ် ခရီးတွင် မိမိအသက်နှင့် ကိုယ်ကျိုးကို မငဲ့ကွက်ဘဲ စဉ်ဆက် မပြတ် ပါဝင်သူ
(၂) ကျရာတာဝန်ကို ထူးချွန်စွာ ထမ်းဆောင်သူ
(၃) ပြည်သူ့တော်လှန်ရေးအောင်ပွဲရသည်အထိ ဆက်လက်ပါဝင်ရန် စိတ်ပိုင်းဖြတ်ထားသူ အဖြစ် စံသတ်မှတ်ချက်များ ထားရှိပါတယ်။
ပြည်သူ့သားကောင်းဆု PMLS ချီးမြှင့်ခံရသူ စုစုပေါင်း (၈၁) ဦး ရှိပါတယ်။
တော်လှန်ရေးအမှုထမ်းကောင်းတံဆိပ် (Badge of Revolutionary Service – BRS)
(၁) တော်လှန်ရေးတာဝန်ထမ်းဆောင်ရင်း ကျဆုံး/ သေဆုံး/ ကိုယ်အင်္ဂါစွန့်လွှတ်ခဲ့သူ
(၂) ပြည်သူ့တော်လှန်ရေးတွင် ကျရာတာဝန်ကို ၅ နှစ်နှင့်အထက် ကျေပွန်စွာ ထမ်းဆောင်၍ ပြည်သူ့တော်လှန်ရေးအောင်ပွဲရသည်အထိ ဆက်လက်ပါဝင်ရန် စိတ်ပိုင်းဖြတ်ထားသူ
(၃) ပြစ်မှုကင်းရှင်းသူ အဖြစ် စံသတ်မှတ်ချက်များ ထားရှိပါတယ်။
တော်လှန်ရေးအမှုထမ်းကောင်းတံဆိပ် BRS ချီးမြှင့်ခံရသူ စုစုပေါင်း ရဲဘော် (၄၂) ဦး ရှိပါတယ်။
သူရဲကောင်း ဘွဲ့၊ ဆုနှင့် တံဆိပ် ချီးမြှင့်ခံရသူ စုစုပေါင်း (၁,၇၉၂)ဦး အထိ ရှိပါတယ်။ တပ်ဖွဲ့အလိုက် ကြည့်လျှင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)မှ (၁,၄၄၂)ဦး၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDO)မှ (၃၂၄) ဦးနှင့် မဟာမိတ်တော်လှန်ရေး အဖွဲ့အစည်းများမှ ၂၆ ဦးတို့ ပါဝင်ကြပါတယ်။ ဘွဲ့၊ ဆု၊ တံဆိပ် ချီးမြှင့်ခံရသူများထဲမှာ စစ်ဒေသ၊ တပ်မ၊ တပ်ရင်း၊ တပ်ဖွဲ့အလိုက် ချီးမြှင့်မှု (၄၅) ဖွဲ့ပါဝင်တာ ဖြစ်ပါ တယ်။
ဒီနှစ် သူရဲကောင်းဘွဲ့၊ ဆုနှင့် တံဆိပ်များ ချီးမြှင့်ရာမှာ အဓိကအားဖြင့် ပြည်သူ့ကာကွယ်ရေး တပ်မတော် စစ်ရုံးချုပ်ကို အချိန်မီရောက်ရှိလာတဲ့ အဆိုပြုလွှာများအပေါ်မှာ အခြေခံပြီး စိစစ် ရွေးချယ် ချီးမြှင့်ခဲ့တာ ဖြစ်ပါတယ်။ အကြောင်းကြောင်းကြောင့် အဆိုပြုလွှာများ အချိန်မီမရောက်ရှိတဲ့အတွက် ဒီနှစ် သူရဲကောင်း၊ ဘွဲ့၊ တံဆိပ် ချီးမြှင့်မှု အစီအစဉ်မှာ ကျန်ရစ်တဲ့ ရဲဘော်များလည်း ရှိနိုင်ပါတယ်။ ဒီရဲဘော်တွေကို လာမည့်နှစ် သူရဲကောင်းဘွဲ့၊ ဆု၊ တံဆိပ် ချီးမြှင့် အပ်နှင်းခြင်းအစီအစဉ်မှာ ထည့်သွင်း ချီးမြှင့် ပေးသွားမှာလည်း ဖြစ်ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ အနေဖြင့် စစ်ဘက် ဆိုင်ရာ သူရဲကောင်း ဘွဲ့၊ ဆုနှင့် တံဆိပ် ချီးမြှင့်ခြင်းအစီအစဉ်ကို နှစ်အလိုက် ချီးမြှင့်ပေးဖို့ ရည်ရွယ်ထားတယ် ဆိုတာလည်း အသိပေးလိုပါတယ်။
ဒီနေရာမှာ အထူးတလည် ပြောကြားလိုတာက ဒီနေ့အခမ်းအနားမှာ ဘွဲ့ဆုတံဆိပ်များ မရရှိခဲ့သော် လည်း တော်လှန်ရေး ၅ နှစ်တာ ကာလတလျှောက်လုံး မိမိတို့ကျရာ ကဏ္ဍအသီးသီးမှနေ၍ အသက်၊ သွေး၊ ချွေးများ ပေးဆပ်ကာ ရွပ်ရွပ်ချွံချွံဖြင့် ခုခံတွန်းလှန်စစ်ကို ယနေ့တိုင် ဆက်လက်ပါဝင် ဆင်နွှဲနေကြတဲ့ တော်လှန်ရေး ရဲဘော်အားလုံးနှင့် တော်လှန်ပြည်သူတစ်ရပ်လုံးကိုလည်း အထူးပင် ဂုဏ်ယူလေးစား မှတ်တမ်းတင် အပ်ပါတယ်။ တော်လှန်ရေးခရီးကြမ်းမှာ ဆုတံဆိပ်များထက် ပြည်သူ့ လွတ်မြောက်ရေးကိုသာ ရှေးရှုပြီး တိုက်ပွဲဝင်နေ ကြတဲ့ ရဲဘော်တစ်ဦးချင်းစီရဲ့ ပေးဆပ်မှုများအတွက် အတိုင်းမသိ ကျေးဇူးတင် ဂုဏ်ယူပါကြောင်း ပြောလိုပါတယ်။
ပြည်သူ့ နွေဦးတော်လှန်ရေး သူရဲကောင်းများ အသက်သွေး ပေးဆပ်လျက် လျှောက်လှမ်းခဲ့တဲ့ လမ်းပေါ်မှာ ကျွန်တော်တို့အားလုံး မဆုတ်မနစ် ဆက်လက်ချီတက်ရင်း စစ်အာဏာရှင်စနစ် ဖျက်သိမ်း ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ် တည်ဆောက်ရေး တော်လှန်ရေးပန်းတိုင်ဆီ ရောက် သည်အထိ ဆက်လက် တိုက်ပွဲဝင်သွားကြရန် သစ္စာအဓိဋ္ဌာန်ပြုရင်း ဒီကနေ့ စစ်ဘက်ဆိုင်ရာ သူရဲကောင်းဘွဲ့၊ ဆုနှင့် တံဆိပ်ချီးမြှင့်ခြင်း အခမ်းအနားနှင့် ပတ်သက်ပြီး အစီရင်ခံ ရှင်းလင်း တင်ပြအပ်ပါတယ်။
ပြည်သူ့တော်လှန်ရေး မုချ အောင်ရမည်။
ရည်မွန်
Union Minister
Ministry of Defence
National Unity Government
Scroll to Top