၂၀၂၆ ခုနှစ်၊ မေလ (၂၈) ရက်
ဤမင်္ဂလာရှိသော Eid-al-Adha အခါသမယတွင် မြန်မာပြည်ဖွား အစ္စလာမ်ဘာသာဝင် ပြည်သူများနှင့် ကမ္ဘာတစ်ဝှမ်းရှိ အစ္စလာမ်ဘာသာဝင်များအားလုံး ကိုယ်စိတ်နှစ်ဖြာ ချမ်းသာ၊ ကျန်းမာ၊ ဘေးကင်းကြပါစေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက ဆုတောင်းမေတ္တာ ပို့သလိုက် ပါသည်။
မြင့်မြတ်သောဤနေ့သည် ပေးဆပ်ခြင်း၊ ခိုင်မာသောယုံကြည်မှု၊ ကရုဏာနှင့် ရက်ရောမှုတို့၏ တန်ဖိုးများကို ခိုင်မာစွာ ထင်ဟပ်ပြသနေပြီး အစ္စလာမ်ဘာသာဝင်များအနေဖြင့် နှစ်စဉ် ကုရ်ဘာနီ အီးဒ်ပွဲတော်နေ့၌ ဝတ်ပြုဆုတောင်းခြင်း၊ ကောင်းမှုကုသိုလ်များ ပွားများခြင်းနှင့် ဆင်းရဲနွမ်းပါးသူများ အတွက် အစားအစာများ ဝေငှလှူဒါန်းခြင်းအားဖြင့် ဤနေ့ထူးနေ့မြတ်ကို ပျော်ရွှင်စွာ ဆင်နွှဲ ဖြတ်သန်းကြပါသည်။
လက်ရှိ ၂၀၂၆ ခုနှစ်တွင် မြန်မာ့နွေဦးတော်လှန်ရေးသည် အဆုံးအဖြတ်ပေးမည့် အရှိန်အဟုန် မြင့်မားသော အဆင့်သို့ ရောက်ရှိနေပြီဖြစ်ပြီး အကြမ်းဖက်စစ်အုပ်စုသည် ဘက်ပေါင်းစုံမှ အရေး နိမ့်ကာ ယိုင်နဲ့ပြိုလဲလျက်ရှိနေပြီ ဖြစ်ပါသည်။ သို့သော်လည်း စစ်ရှုံးစစ်ကောင်စီနှင့် အပေါင်းအပါ များသည် ၎င်းတို့၏ နောက်ဆုံးအချိန်တွင် မြန်မာနိုင်ငံအနှံ့အပြား၌ ဘာသာလူမျိုးမခွဲခြားဘဲ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များကို စစ်ရာဇဝတ်မှုမြောက်စွာ ဆက်လက်ဖျက်ဆီးပြီး အတင်းအဓမ္မ ဖမ်းဆီးနှိပ်စက်ခြင်းများကို ရုန်းကန်လုပ်ဆောင်လျက် ရှိနေပါသည်။
ထို့ကြောင့် ပြည်ထောင်စုဖွား မဟာမိတ်တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့ဝင်များ၊ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များနှင့် ပြည်သူတရပ်လုံးက အကြမ်းဖက်စစ်အာဏာရှင်စနစ်အား မြန်မာ့မြေ ပေါ်မှ အပြီးတိုင်အမြစ်ပြတ် ဖယ်ရှားနိုင်မှသာ ငြိမ်းချမ်းသာယာဝပြောပြီး တန်းတူညီမျှခြင်း၊ အပြန်အလှန်လေးစားအသိအမှတ်ပြုခြင်းနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အပြည့်အဝအာမခံသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုနိုင်ငံသစ်ကို အမြန်ဆုံးထူထောင်နိုင်မည်ဟု ပိုမိုခိုင်မာစွာ ယုံကြည် လက်ခံပြီး ရှေ့ဆက်တိုက်ပွဲဝင်လျက်ရှိပါသည်။
ယခုဆင်နွှဲနေသည့် ပြည်သူ့နွေဦးတော်လှန်ရေးတွင်လည်း နိုင်ငံတဝန်းရှိ ပြည်သူများနှင့် တန်းတူ မြန်မာပြည်ဖွား အစ္စလာမ်ဘာသာဝင်များသည်လည်း ကဏ္ဍစုံ၊ ရှေ့တန်းစစ်မျက်နှာစုံမှ တက်ကြွစွာ ဆက်လက်ပါဝင်၍ အကြမ်းဖက်စစ်အာဏာရှင်စနစ်ကို အားသွန်ခွန်စိုက် တော်လှန် တိုက်ပွဲဝင်လျက်ရှိပါသည်။ နွေဦးတော်လှန်ရေးတစ်လျှောက်နှင့် ယနေ့ထက်တိုင် မြင့်မြတ်စွာ စွန့်လွှတ်အနစ်နာခံကာ ကျဆုံးသွားခဲ့ရသည့် အစ္စလာမ်ဘာသာဝင် ရဲဘော်ရဲဘက်များနှင့် ပြည်သူ များ၏ ရဲစွမ်းသတ္တိပြည့်ဝသော ပေးဆပ်မှုများကိုလည်း အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ထာဝရအလေးအမြတ်ပြု မှတ်တမ်းတင်ဦးညွတ်အပ်ပါသည်။
စစ်အာဏာရှင်စနစ်ကို အပြီးတိုင်အဆုံးသတ်ကာ၊ တန်းတူအခွင့်အရေးများနှင့် တရားမျှတမှု အပြည့်အဝရှိသည့် ငြိမ်းချမ်းသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရန်အတွက် အမျိုးသားညီညွတ်ရေးအစိုးရက မဟာမိတ်တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့များ၊ တော်လှန်ရေး အင်အားစုများအားလုံးနှင့် အတူတကွ လက်တွဲညီညီ အောင်ပွဲဆီသို့ ဆက်လက်ချီတက်သွားမည် ဖြစ်ကြောင်း ထပ်လောင်းကတိပြုပါသည်။
အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ဤကုရ်ဘာနီ စွန့်လွှတ်သောနေ့ဖြစ်သည့် “Eid-al-Adha” နေ့တွင် မြန်မာပြည်တွင်း၊ ပြည်ပရောက်ရှိနေထိုင်သော အစ္စလာမ်ဘာသာဝင်ပြည်သူများ သာမက ကမ္ဘာတစ်ဝှမ်းရှိ အစ္စလာမ်ဘာသာဝင်များအားလုံး ကျန်းမာပျော်ရွှင်ပြီး ဘေးကင်းကြပါစေ ကြောင်း၊ တော်လှန်ရေးအောင်ပွဲနှင့်အတူ စိတ်သစ်လူသစ်ဖြင့် ဖက်ဒရယ်ပြည်ထောင်စုသစ်ကြီးတွင် အမြန်ဆုံး ပြန်လည်ဆုံတွေ့နိုင်ကြပါစေကြောင်း နွေးထွေးစွာ ဆုမွန်ကောင်းပို့သလျက် ဤသဝဏ်လွှာအား ပေးပို့အပ်ပါသည်။
National Unity Government