၂၀၂၆ ခုနစ် မေလ (၁၅)ရက်
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) နှင့် မန္တလေးဒေသလွှတ်တော်၊ ကြားကာလအုပ်ချုပ်ရေးကောင်စီ(MIGC) တို့သည် ၂၀၂၆ခုနှစ် မေလ (၁၄) ရက်နေ့တွင် Online မှ တဆင့် ညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့ကြပါသည်။
အစည်းအဝေးသို့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးဦးဆောင်ကောင်စီမှ အတွင်းရေးမှူး အဖွဲ့ဝင်များ၊ ကောင်စီဝင်များနှင့် အခြားတာဝန်ရှိသူများတက်ရောက်ကာ မန္တလေးဒေသမှ လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ CRMH အတွင်းရေးမှူး၊ ကြားကာလ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌတို့နှင့်အတူ အတွင်းရေးမှူးများ၊ ဌာနကြီးမှူးများတက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် မန္တလေးဒေသ လွှတ်တော်ဥက္ကဋ္ဌ ဒေါ်သီတာငြိမ်းက နှုတ်ခွန်းဆက်စကား ပြောကြားကာ SCEF အတွင်းရေးမှူးအဖွဲ့ ညှိနှိုင်းရေးမှူး ဒေါက်တာဇော်ဝေစိုး နှင့် တွဲဘက်ညှိနှိုင်းရေးမှူး Salai Ram Kulh Cung တို့က အစည်းအဝေးပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် SCEF ၏ ဆောင်ရွက်နေမှုများကို တင်ပြခဲ့ကြပြီး မန္တလေးဒေသတာဝန်ရှိသူများက မန္တလေးဒေသအတွင်း ဆောင်ရွက်နေမှုများ ကိုအကျဉ်းချုပ် တင်ပြခဲ့ပါသည်။ ထို့နောက် SCEF သည် မဏ္ဍိုင်သုံးခုဖြင့် ဖွဲ့စည်းတည်ထောင်ထားသည်နှင့်အညီ မဏ္ဍိုင်တစ်ခုဖြစ်သည့် ပြည်နယ်/ ဖက်ဒရယ်ယူနစ်/ ERO ကိုယ်စားပြုမဏ္ဍိုင်အတွက် မန္တလေးဒေသအနေဖြင့် ပါဝင်မှုနှင့် ဆက်စပ်ပြီး ဆွေးနွေးခဲ့ကြကာ ရှေ့ဆက်ဆောင်ရွက်သွားမည့် ကိစ္စများကို ညှိနှိုင်းခဲ့ကြပါသည်။
ထို့နောက် မန္တလေးဒေသကြားကာလအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမြင့်အောင်မိုးနှင့် SCEF အတွင်းရေးမှူးအဖွဲ့တွဲဘက်ညှိနှိုင်းရေးမှူး Salai Ram Kulh Cung တို့က နိဂုံးချုပ်စကားများ ပြောကြားပြီး အစည်းအဝေးကို အောင်မြင်စွာရုတ်သိမ်းခဲ့ကြပါသည်။
