အာဆီယံဥက္ကဋ္ဌ၏ (၄၈) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးဆိုင်ရာ ထုတ်ပြန်ချက်နှင့် အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ် အကောင်အထည်ဖော်ဆောင်မှုတို့နှင့်စပ်လျဉ်းသည့် ထုတ်ပြန်ချက်

ထုတ်ပြန်ချက် (၄/၂၀၂၆)
(၂၀၂၆ ခုနှစ်၊ မေလ ၁၂ ရက်)
၁။ အမျိုးသားညီညွတ်ရေးအစိုးရသည် ၂၀၂၆ ခုနှစ်၊ မေလ ၈ ရက်နေ့တွင် ဖိလစ်ပိုင်နိုင်ငံ၊ စီဘူးမြို့၌ ဖိလစ်ပိုင်သမ္မတနိုင်ငံက ဥက္ကဋ္ဌအဖြစ် ကျင်းပပြုလုပ်ခဲ့သည့် (၄၈) ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးမှ ထွက်ပေါ်လာသော ဥက္ကဋ္ဌ၏ ထုတ်ပြန်ချက်အား အလေးအနက်မှတ်သားအပ်ပါသည်။ “Navigating Our Future, Together” ဟူသော ဆောင်ပုဒ်အား ထိပ်သီးအစည်းအဝေး၏ ထပ်လောင်း အတည်ပြုချက်ကို အသိအမှတ်ပြုပြီး၊ အဆိုပါ မျှော်မှန်းချက်အား အပြည့်အဝ အကောင်အထည် ဖော်ဆောင်နိုင်ရေးအတွက် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် အားလုံးပါဝင်နိုင်သော ဖွံ့ဖြိုးတိုးတက်မှုဆီသို့ ဦးတည်သည့် အာဆီယံ၏စုပေါင်းခရီးစဉ်တွင် မြန်မာပြည်သူလူထုအား ချန်လှန်ထားခြင်းမပြုရန် ကိုလည်း အလေးအနက်ထား ဖော်ပြအပ်ပါသည်။
၂။ အမျိုးသားညီညွတ်ရေးအစိုးရသည် မြန်မာနိုင်ငံအတွင်း ပဋိပက္ခများ ဆက်လက် အရှိန်မြင့်တက် လာမှုနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေများအပေါ် ထိပ်သီးအစည်းအဝေး၏ စိုးရိမ်ပူပန်ကြောင်းဖော်ပြချက်နှင့် အရပ်သားများအပေါ် အကြမ်းဖက်မှုများအား ရှုတ်ချချက်များကို ကြိုဆိုပါသည်။ နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းရာ၌ အာဆီယံဘုံသဘော တူညီချက် ၅ ရပ်သည် အဓိကမူဘောင်အဖြစ် ဆက်လက်တည်ရှိလျက်ရှိကြောင်း ထိပ်သီးအစည်းအဝေး၏ ထပ်လောင်း အတည်ပြုချက်ကို ထောက်ခံပြီး၊ ယင်းမူဘောင်အား စစ်မှန်ပြည့်ဝစွာ အကောင်အထည် ဖော်ဆောင် နိုင်ရေးအတွက် မိမိတို့အနေဖြင့် ဆက်လက်၍ ကတိကဝတ်ပြုပါကြောင်းကိုလည်း ထပ်လောင်း အတည်ပြု ဖော်ပြအပ်ပါသည်။
၃။ ခွဲခြားမှုမရှိအကြမ်းဖက်နေမှုများအား ချက်ချင်းရပ်တန့်ရန်နှင့် အစွမ်းကုန် ထိန်းသိမ်းလုပ်ဆောင် သွားကြရန် ထိပ်သီးအစည်းအဝေး၏ သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးသို့ တိုက်တွန်းချက်ကို ကြိုဆိုပါသည်။ သို့ရာတွင် ရှုတ်ချပြစ်တင်ပြောဆိုမှုများသည် တာဝန်ခံမှုရှိစေမည့် ခိုင်မာသည့်ယန္တရားများ တွဲဖက်ပါဝင်ရမည်ဖြစ်သည်။ အရပ်သားပြည်သူများနှင့် အရပ်ဘက်အခြေခံအဆောက်အဦများအပေါ် လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီးပစ်ခတ်မှုများနှင့် အခြားသော ခွဲခြားမှုမရှိအကြမ်းဖက်နေမှု များအား ရပ်တန့်စေရန်အတွက် အာဆီယံအနေဖြင့် ရှင်းလင်းပြတ်သားသည့်၊ အချိန်ကာလ သတ်မှတ်ချက် တိကျစွာပါဝင်သည့် စံသတ်မှတ်ချက်များကို ချမှတ်ရန် တိုက်တွန်းအပ်ပါသည်။ ထိုကဲ့သို့သော ယန္တရားများမရှိပါက အရပ်သားပြည်သူများအား ကာကွယ်စောင့်ရှောက်ပေးရေး တောင်းဆိုချက်မှာ လက်တွေ့မကျဘဲ ဆန္ဒသက်သက်သာ ဖြစ်နေပါလိမ့်မည်။
၄။ အကြမ်းဖက်စစ်အုပ်စု၏ တစ်ဖက်သတ်ရွေးကောက်ပွဲလုပ်ငန်းစဉ်များ ပြီးစီးသွားခြင်းအပေါ် ထိပ်သီးအစည်းအဝေး၏ အသိအမှတ်ပြုမှုကိုလည်း အမျိုးသားညီညွတ်ရေးအစိုးရက သတိပြုမိပါသည်။ လက်နက်ကိုင်ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေချိန်၊ နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်မှု မရှိသေးဘဲ၊ သင့်လျော်ကောင်းမွန်သော နိုင်ငံရေးအခင်းအကျင်း မရှိသည့် အခြေအနေမျိုးတွင် ပြုလုပ်သည့် မည်သည့်ရွေးကောက်ပွဲလုပ်ငန်းစဉ်မဆို ဒီမိုကရေနည်းကျ တရားဝင်မှုနှင့် ပြည်သူလူထု အား ကိုယ်စားပြုမှု မရှိဟု မိမိတို့အနေဖြင့် ခိုင်မာစွာ ထပ်လောင်းအတည်ပြုအပ်ပါသည်။ အာဆီယံ၏ ကိုယ်ပိုင်မူဝါဒစံနှုန်းများအရ နိုင်ငံရေးလုပ်ငန်းစဉ်များသည် အားလုံးပါဝင်နိုင်ပြီး၊ ယုံကြည်စိတ်ချမှု ရှိစေရန် လိုအပ်ပါသည်။ အဆိုပါစံနှုန်းများနှင့် ကိုက်ညီမှုမရှိသော တစ်ဖက်သတ်လုပ်ငန်းစဉ်များအား အသိအမှတ်မပြုရန် အာဆီယံအား တိုက်တွန်းပါသည်။
၅။ အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ပါ စတုတ္ထအချက်ကို အကောင်အထည်ဖော်ဆောင်ရန် အတွက် အာဆီယံလူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေးအစီအစဉ် ဒုတိယအဆင့် အောက်တွင် AHA Center မှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ဆက်လက် ပေးအပ်နေမှုအား အသိအမှတ်ပြု ကျေးဇူးတင်ရှိပါသည်။ ဘေးကင်းလုံခြုံ၍ ပွင့်လင်းမြင်သာမှုရှိသော၊ အားလုံးပါဝင်နိုင်ပြီး၊ ခွဲခြားဆက်ဆံမှုမရှိသော နည်းလမ်းများဖြင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးနိုင်ရေးအတွက် ကူညီပံ့ပိုးပေးကြရန် သက်ဆိုင်ရာအဖွဲ့အစည်းအား ထိပ်သီး အစည်းအဝေး၏ တိုက်တွန်းချက်ကို ကြိုဆိုပါသည်။ သို့သော်လည်း ထိရောက်ပြီး၊ မူဝါဒနှင့်ကိုက်ညီသည့် လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးရာတွင် နိုင်ငံ၏နယ်မြေနှင့် လူဦးရေများစွာတို့အား စီမံအုပ်ချုပ်နေသည့် အမျိုးသားညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းများနှင့် အတူ ညှိနှိုင်းဆောင်ရွက်ရန် လိုအပ်ကြောင်း ထပ်လောင်းဖော်ပြအပ်ပါသည်။ စစ်အုပ်စုက ထိန်းချုပ် ထားသော ယန္တရားများမှတဆင့်သာ ပေးအပ်သည့် မည်သည့်အကူအညီမဆို နိုင်ငံရေး အမြတ်ထုတ် ခံရနိုင်ပြီး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေခံမူများဖြစ်သည့် ကြားနေခြင်းနှင့် ခွဲခြားမှု မရှိခြင်း မူများနှင့်လည်း ကိုက်ညီမှုရှိမည်မဟုတ်ပါ။
၆။ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ် H.E. Ma. Theresa P. Lazaro ၏ ကြိုးပမ်းဆောင်ရွက်မှုများကို ချီးကျူးအသိအမှတ်ပြုပြီး၊ မြန်မာနိုင်ငံရှိ သက်ဆိုင်သည့်အစုအဖွဲ့များနှင့် ကျယ်ပြန့်စွာ ထိတွေ့ဆက်ဆံနေမှုကို ကြိုဆိုပါသည်။ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်အား ရေရှည်တာဝန်ပေးအပ်ရေးအတွက် လုပ်ငန်း တာဝန်သတ်မှတ်ချက်များနှင့်ပတ်သက်၍ ဆွေးနွေးညှိနှိုင်းနေမှုများကိုလည်း ထောက်ခံပါသည်။ ထိုကဲ့သို့သော လုပ်ပိုင်ခွင့်သတ်မှတ်ချက်များ၌ နိုင်ငံရေးလုပ်ငန်းစဉ်များတွင် အမျိုးသားညီညွတ်ရေး အစိုးရနှင့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များအား တရားဝင်သက်ဆိုင်သူ အစုအဖွဲ့များအဖြစ် အသိအမှတ်ပြုကာ တရားဝင် စနစ်တကျ ထိတွေ့ဆက်ဆံရေးကိုလည်း အတိအလင်း ထည့်သွင်းရန် အလေးအနက်တိုက်တွန်းပါသည်။
၇။ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် နိုင်ငံရေးအကျဉ်းသားအချို့လွှတ်ပေးမှုအပေါ် အာဆီယံ ၏ မှတ်သားချက်ကို အသိအမှတ်ပြုသော်လည်း ထိုသို့သော ဆောင်ရွက်ချက်များမှာ လုံးဝ လုံလောက်မှု မရှိသေးပါ။ သမ္မတ ဦးဝင်းမြင့်အား လွှတ်ပေးမှုနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား နေရာပြောင်းရွှေ့ခြင်းတို့နှင့် စပ်လျဉ်းသည့် သတင်းများမှာလည်း ရှင်းလင်းမှု မရှိဘဲ အတည်ပြုနိုင်ခြင်းမရှိသေးသည့် အခြေအနေတွင်သာ ရှိနေပါသည်။ လက်ရှိအချိန်တွင် နိုင်ငံရေး အကျဉ်းသား ထောင်ပေါင်းများစွာတို့မှာ မတရားသဖြင့် ဆက်လက်ထိန်းသိမ်းခံထားရဆဲ ဖြစ်ပါသည်။ ယုံကြည်စိတ်ချရပြီး အားလုံးပါဝင်နိုင်သည့် နိုင်ငံရေးဆွေးနွေးပွဲများ ဖြစ်ပေါ်လာရန်အတွက် နိုင်ငံရေး အကျဉ်းသားအားလုံးကို ချက်ချင်းနှင့် ခြွင်းချက်မရှိ လွှတ်ပေးရန် မဖြစ်မနေ လိုအပ်ပါသည်။
၈။ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် အာဆီယံအသိုက်အဝန်း တည်ဆောက်ရေး၊ ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းရေး၊ ရေရှည်တည်တံ့သောဖွံ့ဖြိုးတိုးတက်ရေးနှင့် အားလုံးပါဝင်နိုင်သော တိုးတက်မှု ဆိုင်ရာ ကတိကဝတ်များအပါအဝင် ထိပ်သီးအစည်းအဝေး၏ ပိုမိုကျယ်ပြန့်သော လုပ်ငန်းစဉ်များကို မှတ်သားထားရှိပါသည်။ အဆိုပါ ဒေသဆိုင်ရာ ကြိုးပမ်းအားထုတ်မှုများတွင် ဖက်ဒရယ်နှင့် ဒီမိုကရေစီ စနစ်ကျင့်သုံးသော မြန်မာနိုင်ငံအနေဖြင့် အပြည့်အဝနှင့် အဓိပ္ပါယ်ရှိစွာ ပါဝင်ပံ့ပိုးနိုင်ရေးဟူသည့် မိမိတို့၏ မျှော်မှန်းချက်များကိုလည်း ထပ်လောင်းအတည်ပြုပါသည်။ ငြိမ်းချမ်းပြီး တည်ငြိမ်သော မြန်မာနိုင်ငံ သည် မြန်မာပြည်သူလူထု၏ အကျိုးစီးပွားအတွက်သာမက အာဆီယံဒေသတစ်ခုလုံး၏ လုံခြုံရေး၊ စည်းလုံးညီညွတ်ရေးနှင့် သာယာဝပြောရေးအတွက်လည်း အခြေခံကျပါသည်။
၉။ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ငြိမ်းချမ်းသော၊ ဖက်ဒရယ်ဒီမိုကရေစီစနစ် ကျင့်သုံး သော မြန်မာနိုင်ငံတော် ပေါ်ပေါက်ရေးအတွက် ခိုင်မာစွာသန္နိဋ္ဌာန်ချမှတ်ထားပြီး၊ ဒေသတွင်း တည်ငြိမ်ရေး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးအပ်ရေးနှင့် မြန်မာပြည်သူတို့၏ ဂုဏ်သိက္ခာ ကို မြှင့်တင်ရေးဟူသော ဘုံရည်မှန်းချက်များကို ဖော်ဆောင်နိုင်ရန် အာဆီယံဥက္ကဋ္ဌ၊ အာဆီယံ သုံးနိုင်ငံ တွဲဖက်အဖွဲ့ (Troika)၊ အာဆီယံအထူးကိုယ်စားလှယ်၊ သက်ဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများ အားလုံးနှင့် အပြုသဘောဆောင်စွာ ပူးပေါင်းဆောင်ရွက်သွားရန် အသင့်ရှိပါကြောင်း ဖော်ပြအပ်ပါသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ
Scroll to Top