(၂၀၂၆ ခုနှစ်၊ မေလ ၁၁ ရက်)
၁။ ရွေးကောက်ပွဲရလဒ်များကို "လျစ်လျူရှုထားသည်" ဟုစွပ်စွဲကာ ၎င်းတို့အား ဒေသတွင်း ထိတွေ့ဆက်ဆံမှုများမှ ဖယ်ကြဉ်ထားခြင်းအပေါ် အာဆီယံနှင့် နိုင်ငံတကာအသိုင်းအဝိုင်းအား ဝေဖန်ထားသည့် စစ်အုပ်စု၏ မကြာသေးမီက ထုတ်ပြန်ခဲ့သည့် ထုတ်ပြန်ချက်များကို အမျိုးသားညီညွတ်ရေးအစိုးရ အနေဖြင့် ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချအပ်ပါသည်။
၂။ ဤပြောကြားချက်များသည် များစွာ ရှေ့နောက်မညီဘဲ နိုင်ငံရေးအရ ရိုးသားမှုမရှိသည့် လုပ်ရပ်များသာ ဖြစ်ပါသည်။
၃။ ရွေးကောက်ပွဲရလဒ်များကို လေးစားရန် ယခုအခါတွင် တောင်းဆိုနေသော အဆိုပါ စစ်ခေါင်းဆောင်များသည် မြန်မာနိုင်ငံ၏ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှ သောင်ပြိုကမ်းပြို အနိုင်ရရှိခဲ့သော ရွေးကောက်ပွဲရလဒ်များကို တရားမဝင် စစ်အာဏာသိမ်းရန် ကြိုးပမ်းမှုဖြင့် ပယ်ဖျက်ခဲ့သော အဖွဲ့အစည်း ဖြစ်ပါသည်။ ရွေးကောက်ခံခေါင်းဆောင်များကို ဆက်လက်ဖမ်းဆီး ချုပ်နှောင်ထားခြင်း၊ နိုင်ငံရေးပါတီများကို ဖိနှိပ်ခြင်း၊ သတင်းမီဒီယာများကို နှုတ်ပိတ်ခြင်းနှင့် နိုင်ငံတစ်ဝှမ်းရှိ အရပ်သားပြည်သူများအပေါ် ရည်ရွယ်ချက်ရှိရှိ အကြမ်းဖက်တိုက်ခိုက်မှုများ ကျူးလွန်နေသမျှ ကာလပတ်လုံး စစ်အုပ်စုအနေဖြင့် ဒီမိုကရေစီကို ကာကွယ်စောင့်ရှောက်နေပါသည်ဟု ပြောဆိုချက်များမှာ လုံးဝယုံကြည်လက်ခံနိုင်ဖွယ်မရှိပါ။
၄။ စစ်အုပ်စုအပေါ် ထားရှိသည့် အာဆီယံ၏ လက်ရှိရပ်တည်ချက်သည် အကြောင်းမဲ့ သက်သက် ပေါ်ပေါက်လာခြင်း မဟုတ်ဘဲ စစ်အုပ်စုအနေဖြင့် အာဆီယံဘုံသဘောတူညီချက် (၅) ရပ် (Five-Point Consensus)ကို အကောင်အထည်ဖော်ရန် လုံးဝ ပျက်ကွက်နေခြင်း၊ အားလုံးပါဝင်နိုင်သော နိုင်ငံရေး ဆွေးနွေးပွဲများ ဖော်ဆောင်ရန် ငြင်းဆန်နေခြင်းနှင့် မြန်မာပြည်သူများအပေါ် အကြမ်းဖက်တိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်နေခြင်းတို့ကြောင့် ဖြစ်ပေါ်လာသည့် တိုက်ရိုက်အကျိုးဆက်ပင်ဖြစ်သည်။
၅။ မြန်မာပြည်သူလူထုသည် ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲများမှတစ်ဆင့် ၎င်းတို့၏ နိုင်ငံရေးဆန္ဒသဘောထားကို ရှင်းလင်းပြတ်သားစွာ ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။ နိုင်ငံရေးအရ တရားဝင် မှုဆိုသည်မှာ စစ်အာဏာရှင်စနစ်နှင့် ကျယ်ပြန့်သော ပဋိပက္ခများအောက်တွင် အင်အားသုံးခြင်း၊ ဝါဒဖြန့်ခြင်း သို့မဟုတ် တင်းကျပ်စွာ ထိန်းချုပ်ကျင်းပသည့် လွတ်လပ်၍ တရားမျှတမှုမရှိသော အတုအယောင် ရွေးကောက်ပွဲ လုပ်ငန်းစဉ်များမှတစ်ဆင့် ဖန်တီးယူ၍ ရနိုင်မည်မဟုတ်ပါ။
၆။ ပြည်သူလူထုနှင့် နိုင်ငံတကာအသိုင်းအဝိုင်းက ယုံကြည်လက်ခံနိုင်သော ရွေးကောက်ပွဲတစ်ခု အဖြစ်သတ်မှတ်နိုင်ရန်မှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ နိုင်ငံရေးတွင် ပါဝင်ဆောင်ရွက်ခွင့်၊ မဲဆန္ဒရှင်များအတွက် လုံခြုံမှု၊ လွတ်လပ်သော အဖွဲ့အစည်းများနှင့် ပြည်သူလူထု၏ ယုံကြည်ကိုးစားမှုတို့ မရှိမဖြစ် လိုအပ်ပါသည်။ လက်ရှိ စစ်အာဏာရှင်အုပ်စု၏ စီမံအုပ်ချုပ်မှုအောက်တွင် အဆိုပါ အခြေအနေများအနက် မည်သည့်အချက်မျှ တည်ရှိနေခြင်းမရှိပါ။
၇။ ဒီမိုကရေစီအင်အားစုများ၊ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများနှင့် မြန်မာပြည် သူလူထုတစ်ရပ်လုံး၏ ဆန္ဒသဘောထားများကို ဖယ်ကြဉ်ထားသော မည်သည့် နိုင်ငံရေး လုပ်ငန်းစဉ်မျိုးမဆို စစ်မှန်၍ ရေရှည်တည်တံ့သော ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် တရားဝင်မှုတို့ကို ဖော်ဆောင်ပေးနိုင်မည် မဟုတ်ပါကြောင်း အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ထပ်လောင်း အတည်ပြုပါသည်။
၈။ သို့ဖြစ်ပါ၍ အာဆီယံ၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် အနာဂတ် ဖက်ဒရယ် ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် မြန်မာပြည်သူလူထု၏ မျှော်မှန်းချက်များကို ဆက်လက်၍ အခိုင်အမာ ထောက်ခံပေးကြပါရန်နှင့် မည်သည့်တာဝန်ယူမှု၊ တာဝန်ခံမှုမျှမရှိဘဲ နိုင်ငံရေးအရ တရားဝင်မှု ရရှိရန် ကြိုးပမ်းနေသော စစ်အုပ်စု၏ လုပ်ရပ်များကို အသိအမှတ်မပြုရန် တိုက်တွန်း တောင်းဆိုအပ် ပါသည်။
၉။ မြန်မာနိုင်ငံရှိ နိုင်ငံရေးပြဿနာကို လုပ်ကြံဖန်တီးထားသော အကြောင်းအရာများ သို့မဟုတ် အတင်းအကျပ် ကျင်းပသော အတုအယောင် ရွေးကောက်ပွဲများမှတစ်ဆင့် ဖြေရှင်းနိုင်မည် မဟုတ်ဘဲ၊ တရားမျှတမှု၊ ဒီမိုကရေစီနှင့်ပြည်သူတို့၏ အချုပ်အခြာအာဏာအပေါ် အခြေခံသည့် အားလုံးပါဝင်နိုင်သော နိုင်ငံရေးအကူးအပြောင်းမှတစ်ဆင့်သာ အခြေခံကျကျ ဖြေရှင်းနိုင်မည် ဖြစ်ပါသည်။
အမျိုးသားညီညွတ်ရေးအစိုးရ