ကဆုန်လပြည့်ဗုဒ္ဓနေ့ဆုတောင်းသဝဏ်လွှာ

သာသနာတော်နှစ် (၂၅၇၀) ခုနှစ်
၂၀၂၆ ခုနှစ်၊ ဧပြီလ (၃၀) ရက်
ယနေ့ကျရောက်သည့် ဗုဒ္ဓဘာသာဝင်များ၏ အလေးအမြတ်ထားရာ နေ့ထူးနေ့မြတ် တစ်ရက် ဖြစ်သော ကဆုန်လပြည့် (ဗုဒ္ဓနေ့) အခါသမယတွင် မြန်မာနိုင်ငံတဝန်းလုံးရှိ ရဟန်းရှင်လူ ပြည်သူ တရပ်လုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်း ဆုတောင်း မေတ္တာပို့သလျက် နှုတ်ခွန်း ဆက်သအပ်ပါသည်။
ကဆုန်လပြည့်နေ့သည် ဘုရားအလောင်းတော် သုမေဓာရှင်ရသေ့ဘဝ၌ ဗျာဒိတ်ခံယူခြင်း၊ ဂေါတမမြတ်စွာဘုရားရှင် ဖွားမြင်တော်မူခြင်း၊ သဗ္ဗေညုတဉာဏ်တော်ကို ရရှိ၍ ဘုရားအဖြစ်သို့ ရောက်ရှိတော်မူခြင်းနှင့် ပရိနိဗ္ဗာန်စံဝင်တော်မူခြင်းဟူသော ထူးမြတ်သည့် ဖြစ်စဉ်များ ထူးခြား အံ့ဩဖွယ် တိုက်ဆိုင်စွာဖြစ်ပေါ်ခဲ့ခြင်းကြောင့် ဗုဒ္ဓဘာသာဝင်များအဖို့ အလွန်ထူးမြတ်သည့် နေ့တစ်နေ့ ဖြစ်ပါသည်။ ဤနေ့ရက်တွင် ဗုဒ္ဓဘာသာဝင် သူတော်စင်တို့သည် မဟာဗောဓိ ညောင်ပင်အား ရေစင် သွန်းလောင်းခြင်း၊ ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ်ကောင်းမှုများ ပြုလုပ်ခြင်းတို့ဖြင့် ငြိမ်းချမ်းရေးနှင့် သစ္စာတရားကို အောက်မေ့ပူဇော်ကြပါသည်။
ဗုဒ္ဓမြတ်စွာဘုရားရှင်သည် မေတ္တာ၊ ကရုဏာ၊ တရားမျှတခြင်းနှင့် အကြမ်းမဖက်ခြင်း တည်းဟူသော “ဓမ္မ” တရားများကို ဟောကြားပြသတော်မူခဲ့ပါသည်။ သို့သော် ယနေ့အချိန်အခါတွင် ဓမ္မနှင့် အဓမ္မကို ဝေဖန်ပိုင်းခြားခြင်းမပြုနိုင်သော မေတ္တာတရား ခေါင်းပါးပြီး ရက်စက်ကြမ်းကြုတ်သည့် အကြမ်းဖက်စစ်အုပ်စု၏ မတရားဖိနှိပ် သတ်ဖြတ်၊ မီးရှို့ဖျက်ဆီးခြင်းဟူသော “အဓမ္မ” လုပ်ရပ်များ ကြောင့် ပြည်သူလူထုအနေဖြင့် အသက်အိုးအိမ်စည်းစိမ်များ ဆုံးရှုံးရကာ အတိဒုက္ခပေါင်းများစွာကို ရင်ဆိုင်ကြုံတွေ့ ခံစားနေကြရပါသည်။
မြတ်စွာဘုရားရှင်သည် အဝိဇ္ဇာဟူသော အမိုက်မှောင်ကို ခွင်း၍ ဝိဇ္ဇာဟူသော အလင်းရောင်ကို ရှာဖွေပြသခဲ့ သကဲ့သို့၊ ယနေ့အချိန်အခါတွင်လည်း နိုင်ငံတစ်ဝန်းရှိ တိုင်းရင်းသားပြည်သူ တရပ်လုံး သည် အဓမ္မကို ဓမ္မဖြင့် အန်တုကာ တရားမျှတမှုအလင်းရောင်ဆီသို့ မဆုတ်မနစ်သော ဇွဲ၊ သတ္တိတို့ဖြင့် ရဲဝံ့စွန့်စားစွာ ချီတက်လျက်ရှိကြပါသည်။ တော်လှန်ရေးကာလအတွင်း အသက်၊ သွေး၊ ချွေးနှင့် အိုးအိမ်စည်းစိမ်များကို စွန့်လွှတ်ပေးဆပ်ခဲ့ကြသော အာဇာနည် သူရဲကောင်းများနှင့် မတရား ဖမ်းဆီးခံထားရသော နိုင်ငံရေးအကျဉ်းသားများ အပါအဝင် ပြည်သူလူထုတရပ်လုံး၏ အနစ်နာခံမှု များကို အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် အစဉ်အမြဲ ဦးညွတ်မှတ်တမ်းတင်အပ်ပါသည်။
ဗုဒ္ဓ၏ အဆုံးအမဖြစ်သော “ဓမ္မော ဟဝေ ရက္ခတိ ဓမ္မစာရီ” (တရားကျင့်သူကို တရားက စောင့်ရှောက်၏) ဟူသော ဒေသနာတော်နှင့်အညီ အဓမ္မတရားများကို ရှောင်ရှားပြီး မှန်ကန် ဖြောင့်မတ်သောတရားကို ကိုင်စွဲထားသည့် ပြည်သူလူထု၏ စည်းလုံးညီညွတ်မှုကြောင့် ယခု ဆင်နွှဲနေသော ပြည်သူ့နွေဦးတော်လှန်ရေးသည် မုချမသွေ အောင်ပွဲခံရမည်ဟု ကျွန်ုပ်တို့ ခိုင်ကျည်စွာ ယုံကြည်ပါသည်။ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့်လည်း တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ အားလုံး တန်းတူညီမျှမှုနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိသော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီး ပေါ်ထွန်းလာသည်အထိ ပြည်သူနှင့်အတူ တစ်စိတ်တစ်ဝမ်းတည်း လက်တွဲ၍ အဆုံးတိုင် ကြိုးပမ်းတိုက်ပွဲဝင်သွားမည် ဖြစ်ပါသည်။
ဤကဆုန်လပြည့် (ဗုဒ္ဓနေ့) အခါသမယတွင် မြန်မာပြည်သူပြည်သားအားလုံး ဘေးအန္တရာယ် ကင်းရှင်းကြပါစေကြောင်းနှင့် ပြည်သူ့နွေဦးတော်လှန်ရေးကြီး အမြန်ဆုံး အောင်မြင်ကာ တရား မျှတခြင်း၊ လွတ်လပ်ခြင်း၊ တန်းတူညီမျှခြင်းတို့အပေါ် အခြေခံထားသည့် ငြိမ်းချမ်းသာယာသော ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်ကြီးကို အမြန်ဆုံး တည်ဆောက်နိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းလျက် ဤသဝဏ်လွှာကို ထုတ်ပြန်အပ်ပါသည်။
National Unity Government
Scroll to Top