အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန၏ ထိုင်းအစိုးရသို့ ပန်ကြားချက်

ကြေညာချက်အမှတ် (၆ /၂၀၂၄)
၁၃၈၆ ခုနှစ်၊ နတ်တော်လဆန်း ၄ ရက်နေ့
(၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက်)
၁။ မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာမသိမ်းမီအထိ ထိုင်းနိုင်ငံတွင် တရားဝင် မြန်မာ ရွှေ့ပြောင်းအလုပ်သမားဦးရေမှာ Passport ၊ CI နှင့် အခြားထောက်အထားကိုင်ဆောင်သူ (၁.၂) သန်းကျော်၊ MOU အလုပ်သမား (၈) သိန်းခန့်၊ စုစုပေါင်း (၂) သန်းကျော်နှင့် အထောက်ထားမဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား (၁.၅)သန်းကျော်ရှိခဲ့ပြီး ထိုင်းနိုင်ငံ၏ အခြေခံအလုပ်သမား လိုအပ်ချက်များသော လုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်လျက်ရှိပါသည်။ အာဏာသိမ်းမှု နောက်ပိုင်းတွင် အကြမ်းဖက်စစ်တပ်သည် မြန်မာပြည်သူများအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှု၊ မတရား ဖိနှိပ်ညှင်းပမ်းနှိပ်စက်မှုနှင့် အကျဉ်းချ သတ်ဖြတ်မှုများ ပြုလုပ်နေရုံသာမက စစ်မှုမထမ်း မနေရ မတရားဥပဒေထုတ်ပြန်၍ အတင်းအကျပ် စစ်မှုထမ်းခိုင်းမှု၊ ပြည်တွင်းစီးပွားရေး ချွတ်ခြုံ ကျမှု၊ ကုန်ဈေးနှုန်း အဆမတန်မြင့်တက်မှု၊ သဘာဝနှင့် လူကြောင့်ဖြစ်သော ဘေးအန္တရာယ် ကျရောက်မှု၊ လေယာဉ်ဖြင့် ဗုံးကျဲခံရမှုနှင့် လက်နက်ကြီးဖြင့် တိုက်ခိုက်မှုတို့ကြောင့် အိမ်နီးချင်း နိုင်ငံများသို့ ထွက်ပြေးတိမ်းရှောင်ကြရာ နယ်နမိတ်ထိစပ်လျက်ရှိသော ထိုင်းနိုင်ငံသို့ အများဆုံး လာရောက် ခိုလှုံလျက်ရှိပါသည်။
၂။ ဤအခြေအနေတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနက ညှိနှိုင်း တောင်းဆိုခဲ့သည့်အတိုင်း ထိုင်းနိုင်ငံအစိုးရဘက်မှ အထောက်အထားမရှိသေးသည့် မြန်မာရွှေ့ ပြောင်းအလုပ်သမားများအား Non Thai Identification Card (ပန်းရောင်ကတ်) ထုတ်ပေးခြင်း အစီအစဉ်ကို စတင်ဆောင်ရွက်ပေးခြင်း၊ တရားဝင် အထောက်အထားစာရွက်စာတမ်း Passport/ CI ကိုင်ဆောင်ထားပြီး နေထိုင်အလုပ်လုပ်ကိုင်ခွင့် သက်တမ်းကုန်ဆုံးကြတော့မည် အလုပ်သမား များအနေဖြင့် မြန်မာပြည်သို့ ပြန်လည်ဝင်ရောက်ရန် မလိုဘဲ ထိုင်းနိုင်ငံအတွင်း၌ပင် သက်တမ်း တိုးမှု ဆောင်ရွက်နိုင်ရန် စီစဉ်ပေးခြင်းတို့အတွက် အထူးကျေးဇူးတင်ရှိပါသည်။
၃။ သို့သော် အဆိုပါလုပ်ငန်းစဉ်တွင် ယခင်ဆောင်ရွက်ပေးခဲ့သည့် နည်းလမ်းအတိုင်း မဟုတ် ဘဲ မြန်မာအလုပ်သမားများကို အခက်အခဲဖြစ်စေမည့် အောက်ပါအချက်များ ပါဝင်နေသည်ကို တွေ့ရှိရပါသည်-
(က) အလုပ်သမားများ၏ အချက်အလက်များကို စစ်ကောင်စီထံ ပေးပို့စိစစ်စေခြင်း၊
( ခ) သက်တမ်းတိုးလျှောက်ထားသည့် အလုပ်သမားအနေဖြင့် သတ်မှတ်ထားသော ကုန်ကျစရိတ်များ ပေးဆောင်ရမည့်အပြင် စစ်ကောင်စီထံ ပြည်ပလစာ ဝင်ငွေခွန် ပေးဆောင်ထားကြောင်းနှင့် စစ်ကောင်စီက သတ်မှတ်ထားသည့် ဘဏ်နှင့်ငွေကြေး ဝန်ဆောင်မှု လုပ်ငန်းများမှတဆင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က သတ်မှတ်သော ငွေကြေးလဲလှယ်နှုန်းအတိုင်း မြန်မာနိုင်ငံရှိ မိသားစုထံ ငွေလွှဲပြောင်းမှု အထောက် အထားများ ပြသစေခြင်း၊
( ဂ) သတ်မှတ်ကုန်ကျစရိတ်(ခန့်မှန်း)မှာ ယခင်ကုန်ကျစရိတ်ထက် ၂ ဆ သို့မဟုတ် ၃ ဆအထိ ရှိလာနိုင်ခြင်း။
၄။ သက်တမ်းတိုးမှု လုပ်ငန်းစဉ်တွင် အထက်ပါအချက်များ ပါဝင်နေမှုသည် စစ်ကောင်စီက နည်းမျိုးစုံဖြင့် ဖိနှိပ်နေမှုများကြောင့် ဒုက္ခမျိုးစုံကြုံတွေ့နေသော မြန်မာရွှေ့ပြောင်းအလုပ်သမား များအား ပိုမိုခက်ခဲစေနိုင်ပြီး အထောက်အထားမဲ့များဖြစ်အောင် တွန်းပို့သကဲ့သို့ ဖြစ်နေပါသည်။ ထို့ပြင် စစ်ကောင်စီက မြန်မာပြည်သူများအပေါ် နေ့စဉ် အကြမ်းဖက်မှုနှင့် ဗုံးကျဲသတ်ဖြတ်မှုများ အတွက် လိုအပ်နေသည့် နိုင်ငံခြားငွေရရှိစေရန် သွယ်ဝှိုက်၍ ပံ့ပိုးကူညီသည့်သဘော သက်ရောက် စေမည် ဖြစ်ပါသည်။
၅။ သို့ဖြစ်ပါ၍ ထိုင်းအစိုးရအနေဖြင့် မြန်မာနိုင်ငံအတွင်း အခြေခံအလုပ်သမားအခွင့်အရေး နှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ အကြမ်းဖက်မှုနှင့် လူမျိုးတုံးသတ်ဖြတ်မှုများ ကျူးလွန်နေ ခြင်းကြောင့် အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ (ILO)နှင့် အပြည်ပြည်ဆိုင်ရာ ရာဇဝတ် ခုံရုံး (ICC)တို့၏ မကြာမီ အရေးယူခြင်း ခံရတော့မည့် အကြမ်းဖက်စစ်အုပ်စု၏ မြန်မာအလုပ် သမားများအပေါ် ဖိနှိပ်မှုကို အားပေးကူညီခြင်း မပြုလုပ်ဘဲ ထိုင်းနိုင်ငံ၏ လူမှုစီးပွားတိုးတက်မှုကို တဖက်တလမ်းက အထောက်အကူပြုပေးနေသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများအား ပိုမို ခက်ခဲစေသည့် အခြေအနေ မရောက်ရှိစေရေးအတွက် ထိုင်းအစိုးရက ယခင်ဆောင်ရွက်ပေးခဲ့ သည့် နည်းလမ်းနှင့် ကုန်ကျစရိတ်အတိုင်းသာ နေထိုင် အလုပ်လုပ်ကိုင်ခွင့် သက်တမ်းတိုးခြင်းနှင့် အထောက်အထား ထုတ်ပေးခြင်း လုပ်ငန်းစဉ်များကို ဆောင်ရွက်ပေးစေလိုကြောင်း လေးနက်စွာ တိုက်တွန်းအပ်ပါသည်။
အလုပ်သမားဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ
Scroll to Top
Skip to content