မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ကျောင်းသားတပ်မတော်) ဖွဲ့စည်းတည်ထောင်ခြင်း (၃၆) နှစ်ပြည့်အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှ

၂၀၂၄ ခုနှစ် ၊ နိုဝင်ဘာလ ၁ ရက်
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၁)ရက်နေ့သည် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက် တစ်တပ်ဦး (မ.က.ဒ.တ) (ကျောင်းသားတပ်မတော်) (ABSDF) ကို ဖွဲ့စည်းတည်ထောင်ခဲ့သည့် (၃၆) နှစ်ပြည့်မြောက်သည့် အထိမ်းအမှတ်နေ့ထူးနေ့မြတ်ဖြစ်ပါသည်။ ယခုလိုနေ့ထူးတွင် ကျောင်းသား တပ်မတော်၏ ခေါင်းဆောင်ကြီးများ၊ ဦးဆောင်ဗဟိုကော်မတီဝင်များနှင့် အဖွဲ့ဝင်ရဲ‌ဘော်ရဲဘက်များ အားလုံး မင်္ဂလာအပေါင်းနှင့်ပြည့်စုံပြီး ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းနှင့် ပြည့်စုံကြပါစေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရမှ ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) ကျောင်းသားတပ် မတော်သည် တိုင်းရင်းသားလူမျိုးပေါင်းစုံ ပြည်သူလူထုတရပ်လုံး အာဏာရှင်စနစ်အောက်မှ လွတ် မြောက်ရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးထွန်းကားရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေးစသည့် နိုင်ငံရေးရည်မှန်းချက်မူများကို ကိုင်စွဲလျက် (၁၉၈၈ ) ခုနှစ်၊ နိုဝင်ဘာလ (၁) ရက်နေ့တွင် ကျောင်းသား၊အလုပ်သမား၊လယ်သမားနှင့် လူငယ်များ စုစည်း ပြီး ကော်သူလေးပြည်နယ်၊ ကောမူးရာစခန်းတွင် ဖွဲ့စည်းတည်ထောင်ခဲ့ပါသည်။ ကျောင်းသားတပ်မ တော် (ABSDF) (မ.က.ဒ.တ) သည် (၁၉၈၈) သမိုင်းဝင်လူထုအရေးတော်ပုံကြီးနှင့် တွဲချိတ် မွေးဖွားလာခဲ့ပြီး လက်နက်ကိုင်တော်လှန်ရေးသမိုင်းတွင် ကျောင်းသားကိုယ်စားပြုတပ်အဖြစ် ပထမဆုံး ဖွဲ့စည်းခဲ့သည့် သမိုင်းဝင်တပ်ဖွဲ့လည်း ဖြစ်ပါသည်။
ယနေ့နွေဦးတော်လှန်ရေး ခရီးလမ်းတွင်လည်း ကျောင်းသားတပ်မတော်(မ.က.ဒ.တ) အနေဖြင့် (၁၉၈၈)လူထုအရေးတော်ပုံကြီး၏စိတ်ဝိဉာဉ်ပြန်လည်ပူးကပ်ကာ “ယနေ့ဖြစ်ပေါ်နေသည့် နိုင်ငံရေးပဋိပက္ခများသည် စစ်အာဏာရှင်စနစ်ကတဖက် အဖိနှိပ်ခံတိုင်းရင်းသား ပြည်သူလူထု ကြီး ကတဖက် ထိပ်တိုက်ရင်ဆိုင်နေကြရသည့် စစ်အာဏာရှင်ဆန့်ကျင်ရေး တိုက်ပွဲကြီးဖြစ်ပေသည်။ ရွေးချယ်စရာလမ်းကား ရှင်းလင်းပြတ်သားပါသည်။ တော်လှန်တိုက်ပွဲဝင်ရုံမှ အခြားမရှိ။ စစ်အာဏာ ရှင်စနစ် ကျဆုံးရမည်။ အရေးတော်ပုံ အောင်ရမည်။” ဆိုသည့် ကြွေးကြော်ချက်ကို ကိုင်စွဲ၍ ပြည်သူနှင့်အတူတကွ တသားတည်း ပြတ်ပြတ်သား ရပ်တည်ပြီး အမျိုးသားညီညွတ်ရေး အစိုးရ၏ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)နှင့် မဟာမိတ်တိုင်းရင်းသား တော်လှန်ရေးတပ် ဖွဲ့များနှင့် အတူပူးပေါင်းကာ ရှေ့တန်းမှ မားမားမတ်မတ်ရပ်တည် တိုက်ပွဲဝင်နေသည်ကိုလည်း အမျိုးသားညီညွတ်ရေးအစိုးရမှ ဂုဏ်ယူလေးစားစွာဖြင့် အမြဲတစေ သမိုင်းတွင်မော်ကွန်းတင် ထားမည် ဖြစ်ပါသည်။
ကျောင်းသားတပ်မတော် (ABSDF) (မ.က.ဒ.တ)နှင့် မြန်မာပြည်သူတရပ်လုံး မျှော်မှန်းသည့် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်လာရေးအတွက် (မ.က.ဒ.တ) ညီလာခံမှ ခေါင်းဆောင်ကြီးများ ညီညွတ်စွာ ချမှတ်ထားသော နိုင်ငံရေးရည်မှန်းချက်များနှင့် ရပ်တည်ချက်များ ကို ကိုင်စွဲလျက် နွေဦးတော်လှန်ရေး ခရီးဆုံးပန်းတိုင်ရောက်သည်အထိ မဟာမိတ်တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့များနှင့် လက်တွဲကာ စစ်အာဏာရှင်မျိုးဆက် ကုန်ဆုံးသည်အထိ ဦးဆောင် ဦးရွက်ပြုတော်လှန်ကာ အောင်ပွဲဆင်နိုင်ရမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရက ‌ကျောင်းသား တပ်မတော်နှင့် ထပ်တူဆန္ဒပြုအပ်ပါသည်။
ခေတ်အဆက်ဆက် စစ်အာဏာရှင်ကို တွန်းလှန်တိုက်ခိုက်ရင်း ကျဆုံးခဲ့ရသည့် ကျောင်းသား တပ်မတော်မှ ခေါင်းဆောင်ကြီးများနှင့် ရဲဘော်ရဲဘက်အပေါင်းအား လေးမြတ်စွာ ဂုဏ်ပြုဦးညွတ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရက မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ဖွဲ့စည်းတည်ထောင်ခြင်း (၃၆)နှစ်ပြည့် အခမ်းအနားသို့ ဤသဝဏ်လွှာအား ပေးပို့အပ်ပါ သည်။
အမျိုးသားညီညွတ်ရေးအစိုးရ
Scroll to Top
Skip to content