(၂၀၂၄ ခုနှစ် ၊ အောက်တိုဘာလ ၂၅ ရက်)
၂၀၂၄ခုနှစ်၊ အောက်တိုဘာ (၂၅) ရက်နေ့သည် ကချင်အမျိုးသားများက စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေးနှင့် ပင်လုံစာချုပ်ကတိကဝတ်အရ ဆုံးရှုံးသွားသော နိုင်ငံရေးအခွင့်အရေးများကို ပြန်လည် ရရှိရေးအတွက် ကချင်လွတ်လပ်ရေးအဖွဲ့ (Kachin Independence Organization – KIO) ကို စတင် ထူထောင်ခဲ့သည့် (၆၄) နှစ်မြောက်သည့် သမိုင်းဝင်နေ့ ဖြစ်ပါသည်။ ယခုလိုနေ့ထူးနေ့မြတ်အခါသမယတွင် အမျိုးသားညီညွတ်ရေးအစိုးရက ကချင်အမျိုးသားခေါင်းဆောင်များ၊ ကချင်ပြည်သူလူထုနှင့် ရဲဘော် ရဲဘက်များအားလုံးကို ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးကြပါ စေကြောင်း ပဏာမ ဆုတောင်းမေတ္တာ ပို့သလိုက်ရပါသည်။
မြန်မာပြည်ကိုလိုနီဘဝက လွတ်မြောက်ရေးအတွက် တောင်တန်းမြေပြန့် တိုင်းရင်းသားခေါင်း ဆောင်များ စုပေါင်းလက်မှတ်ရေးထိုးခဲ့ကြသည့် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ချုပ်ဆိုခဲ့သော ပင်လုံစာချုပ်တွင် (1895 Kachin Hills Tribes Regulation ) အရ အုပ်ချုပ်ခဲ့သော လွတ်လပ်သည့် ကချင်တောင်တန်းဒေသကို ပြည်ထောင်စုအဖွဲ့တွင် ထည့်သွင်းပြီး မိမိတို့ နယ်မြေအတွင်း လွတ်လပ်စွာစီမံခန့်ခွဲပိုင်ခွင့်၊ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အပြည့်အဝရရှိရန်နှင့် ဒီမိုကရေစီစနစ်ကျင့်သုံးနိုင်ရန် အာမခံချက်ပေးထားခဲ့ပါသည်။ အဆိုပါ ပင်လုံစာချုပ်ပါ ကတိကဝတ်များသည် (၁၉၅၈) ခုနှစ် အိမ်စောင့်အစိုးရ တက်ပြီးချိန်မှ စတင်၍ (၁၉၆၂) ခုနှစ် စစ်တပ်အာဏာသိမ်းမှုများကြောင့် ကချင်တိုင်းရင်းသားများသာမက မြန်မာပြည်သူလူထုတစ်ရပ်လုံး မျှော်ရည်သည့် ပင်လုံကတိကဝတ်များ မှေးမှိန်ပျောက်ကွယ်ခဲ့ရပါသည်။
ကချင်တော်လှန်ရေးခရီးကြမ်းတွင် ခေါင်းဆောင်များ၏ အမျှော်အမြင်ကြီးမှု၊ ကချင်ပြည်သူလူထု၏ ပေးဆပ်မှု၊ စည်းလုံးညီညွတ်မှုနှင့် ကြံကြံခိုင်နိုင်မှုတို့ကြောင့် ကချင်လွတ်လပ်ရေးအဖွဲ့(KIO) သည် ယခု (၆၄) နှစ်ပြည့်မြောက်သည်အထိ အခက်အခဲပေါင်းများစွာကျော်ဖြတ်ပြီး ကချင်လူထုရှေ့တွင် ရပ်တည်နိုင်ခဲ့ ရုံသာမက ယခုနွေဦးတော်လှန်ရေးတွင်လည်း မဟာမိတ်တိုင်းရင်းသား ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့များနှင့် လက်တွဲကာ ရှေ့မှ မားမားမတ်မတ် ရပ်တည်ရင်ဆိုင် တိုက်ပွဲဝင်နေသည်ကိုလည်း အမျိုးသားညီညွတ်ရေး အစိုးရက လေးစားတန်ဖိုးထားသကဲ့သို့ အသက်သွေးချွေးပေးဆပ်သွားသည့် ကချင်ခေါင်းဆောင်များ၊ ရဲဘော်ရဲဘက်များနှင့် ကချင်ပြည်သူလူထု၏ ကျေးဇူးများကို အမြဲတမ်း အမှတ်ရ ကမ္မည်း တင်ထားမည် ဖြစ်ပါသည်။
အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ကချင်လူထုနှင့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) က စစ်အာဏာရှင်စနစ် အပြီးသတ်ချုပ်ငြိမ်းရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိသော ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးခရီးတွင် ကြုံတွေ့ရသည့် အခက်အခဲအတားအဆီးများနှင့် ဖိအားများစွာ ရင်ဆိုင်နေရသည်ကို သိရှိနားလည်ပါသည်။ သို့သော်လည်း မိမိတို့နိုင်ငံအနာဂတ်သည် မိမိတို့လက်ထဲတွင် အပြည့်အဝ တည်ရှိပြီး စုစည်းညီညွတ်စွာ ပူးပေါင်းထူထောင်ရမည့် ကာလဖြစ်သည်ကို သိရှိနားလည်ပြီးဖြစ်၍ တော်လှန်ရေးသစ္စာခိုင်ကြည်မှုဖြင့် နွေဦးတော်လှန်ရေးအစမှ ယခုတိုင် မဟာမိတ်တိုင်းရင်းသားများ၊ တော်လှန်ရေးအဖွဲ့များနှင့် လက်တွဲလျက် လွတ်လပ်ပြီး ငြိမ်းချမ်းသည့် အနာဂတ်နိုင်ငံတော်သစ်ဆီကို မမှိတ်မသုန် ဆက်လက်လက်တွဲခိုင်မာလျက် ကြိုးပမ်းကြဖို့နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ၏ (၆၄) နှစ်ပြည့်မြောက်သည့် နေ့ထူးနေ့မြတ်အခါသမယတွင် အမျိုးသားညီညွတ်ရေးအစိုးရမှ ကချင်ခေါင်းဆောင်များနှင့် ကချင်တိုင်းရင်းသား ပြည်သူလူထုအား လေးမြတ်စွာဖြင့် ဦးညွတ်ဂုဏ်ပြုရင်း ဤသဝဏ်လွှာအား ပေးပို့လိုက်ပါသည်။
အမျိုးသားညီညွတ်ရေးအစိုးရ