၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၇) ရက်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ ဒုတိယဥက္ကဋ္ဌ (၂)၊ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်သွားသည့်အတွက် လွန်စွာ စိတ်ထိခိုက်ဝမ်းနည်းရပါသည်။
ဒေါက်တာဇော်မြင့်မောင်သည် မြန်မာ့ဒီမိုကရေစီအရေး၊ တိုင်းပြည်နှင့် လူထုအကျိုးအတွက် တစိုက်မတ်မတ် ထမ်းရွက်ခဲ့သူဖြစ်ပြီး စစ်အာဏာရှင်များ၏ ခေတ်အဆက်ဆက် နှစ်ရှည်လများ ဖမ်းဆီးအကျဉ်းချခံရသော်လည်း ကွယ်လွန်ချိန်အထိ မိမိယုံကြည်ချက်ပေါ် အခိုင်အမာရပ်တည်ကာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တွန်းလှန်ခဲ့သူ ဖြစ်သည်။
ဒေါက်တာဇော်မြင့်မောင်သည် သူရှင်သန်ခဲ့သည့် ဘဝတလျှောက်လုံး ခေတ်က ပေးအပ်လာသည့် သမိုင်းပေး တာဝန်မှန်သမျှကို မြဲမြံစွာ ထမ်းရွက်ကာ သူ၏ တန်ဖိုးကို ပြသခဲ့သည့် စံနမူနာထားစရာ လူသားတဦးဖြစ်ကြောင်း ဂုဏ်ပြု မှတ်တမ်းတင်အပ်ပါသည်။ ဒေါက်တာဇော်မြင့်မောင် ကွယ်လွန် သွားခြင်းသည် တိုင်းပြည်နှင့် လူမျိုးအတွက် ကြီးစွာသော ဆုံးရှုံးမှုတခုဟု မှတ်ယူပါသည်။
ကွယ်လွန်ချိန်အထိ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တွန်းလှန်ပြီး မြန်မာ့ဒီမိုကရေစီရေးအတွက် တစိုက်မတ်မတ် ထမ်းရွက်ခဲ့သည့် ဒေါက်တာဇော်မြင့်မောင်ကို အလေးပြု ပါကြောင်းနှင့် စစ်အာဏာရှင်စနစ် အမြစ်ပြတ်တွန်းလှန်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီအရေး အောင်ပွဲရသည်အထိ မဆုတ်မနစ် ဆက်လက် တိုက်ပွဲဝင်သွားမည်ဖြစ်ပါကြောင်း သန္နိဋ္ဌာန်ပြုရင်း ဤဝမ်းနည်းကြောင်း သဝဏ်လွှာကို ပေးပို့အပ်ပါသည်။
ဒူဝါလရှီးလ
နိုင်ငံတော် ယာယီသမ္မတ
အမျိုးသားညီညွတ်ရေးအစိုးရ