အထူးဝမ်းနည်းကြေကွဲကြောင်းသဝဏ်လွှာ

(၂၀၂၄ ခုနှစ် ၊ အောက်တိုဘာလ ၇ရက်)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဒုတိယဥက္ကဌ(၂)၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် (၁၉၅၁ – ၂၀၂၄)သည် ၂၀၂၄ခုနှစ် ၊ အောက်တိုဘာလ(၇)ရက်နေ့ နံနက် (၃) နာရီအချိန်တွင် မန္တလေးဆေးရုံကြီး၌ သွေးကင်ဆာရောဂါဖြင့် ကွယ်လွန်အနိစ္စရောက်ရှိသွားကြောင်း ကြားသိရသဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဒီမိုကရေစီအင်အားစုများနှင့်အတူ အမျိုးသားညီ ညွတ်ရေးအစိုးရအဖွဲ့ကလည်း ကျန်ရစ်သူမိသားစုနှင့်ထပ်တူထပ်မျှ စိတ်ထိခိုက်ဝမ်းနည်းရပါကြောင်း အလေးအနက် ဖော်ပြအပ်ပါသည်။
ဒေါက်တာဇော်မြင့်မောင်သည် ဒီမိုကရေစီအရေးနှင့် စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးတွင် ပြည်သူနှင့်အတူ၊ အခြားသောဒီမိုကရေစီအင်အားစုများနှင့်အတူ စွမ်းစွမ်းတမံဆောင်ရွက်လျက်ရှိ သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို စတင်ဖွဲ့စည်းတည်ထောင်သည့်ကာလမှစ၍ ကွယ်လွန်ချိန် အထိ ဒီမိုကရေစီရေးလှုပ်ရှားမှု ခရီးလမ်းတလျောက် တစိုက်မတ်မတ်ဖြင့် ဦးဆောင်ပါဝင်ခဲ့မှုကြောင့် စစ်အာဏာရှင်အဆက်ဆက်၏ ဖမ်းဆီးအကျဉ်းချခြင်းကို ခံခဲ့ရသည့်အပြင် ၂၀၂၁ခုနှစ် အာဏာသိမ်း ဖြစ်စဉ်တွင်လည်း မတရားသည့် ပုဒ်မအမျိုးမျိုးတပ်၍ နှစ်ရှည်ထောင်ဒဏ်(၂၉)နှစ်အထိ ချမှတ်ခြင်း ခံခဲ့ရပြီး ကင်ဆာရောဂါခံစားနေမှန်း သိလျက်နှင့် ရောဂါအခြေအနေနှင့် ကိုက်ညီသော လုံလောက် သည့် ကျန်းမာရေးစောင့်ရှောက်မှုများမရရှိဘဲ အကျဉ်းထောင်အတွင်း ပြင်းထန်စွာထိခိုက်ခံစားခဲ့ရပြီး ကွယ်လွန်သွားခဲ့ရသော နိုင်ငံ ရေးသမားကောင်းတစ်ဦး ဖြစ်ပါသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ခက်ခဲကြမ်းတမ်းလှသည့် ဒီမိုကရေစီခရီးကြမ်းတလျှောက် တွင် ပြည်သူများနှင့်အတူ မားမားမတ်မတ်ရပ်တည်၍ ဦးစီးဦးဆောင်ပြုကာ ပါတီတွင်းညီညွတ်ရေး၊ ပါတီပြင်ပညီညွတ်ရေးနှင့် ဒီမိုကရေစီအင်အားစုများအကြား ညီညွတ်ရေးကိုပါ တည်ဆောက်နိုင်‌ရန် ကြိုးပမ်းခဲ့သည့် ခေါင်းဆောင်တစ်ဦးလည်းဖြစ်ခဲ့ပါသည်။ ထို့အပြင် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲမှ စပြီး (၄)ကြိမ်တိုင်တိုင် အနိုင်ရရှိခဲ့သည့် ပြည်သူ့ကိုယ်စားလှယ်ကောင်းတစ်ဦးဖြစ်ရုံသာမက ရွေး ကောက်ပွဲ အောင်နိုင်ရေး ခရီးစဉ်များ၊ စည်းရုံးရေးခရီးစဉ်များကိုလည်း အဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင် ဆန်းစုကြည်နှင့်အတူ သက်စွန့်ဆံဖျား လိုက်ပါ ဆောင်ရွက်ခဲ့သည့် ပုဂ္ဂိုလ်တစ်ဦးလည်းဖြစ်ပါသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပထမဆုံးအစိုးရသက်တမ်း (၂၀၁၆-၂၀၂၁) ခုနှစ်အတွင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ တိုင်းဒေသကြီးဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ချိန်တွင် လည်း အများပြည်သူက အပ်နှင်းထားသည့် အခွင့်အာဏာများကို ဒီမိုကရေစီကျင့်ဝတ်များနှင့်အညီ မန္တလေးတိုင်းဒေသကြီးနှင့် မန္တလေးမြို့တော်နေ ပြည်သူတစ်ယောက်ချင်း၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတာဝန်များကို နေ့မအား ညမနား တစိုက်မတ်မတ် ဖြင့် တာဝန်ကျေပွန်အောင် ထမ်းဆောင်ခဲ့သည့် ပြည်သူ့ကိုယ်စားပြု တိုင်းဒေသကြီးဝန်ကြီးချုပ် ကောင်းတစ်ဦးလည်း ဖြစ်ခဲ့ပါသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီတွင်း၌သာမက ပြည်သူများအားလုံးအတွက် လေးစားအား ကျအတုယူဖွယ် ဂုဏ်ပုဒ်များစွာနှင့်ပြည့်စုံလှသည့် ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်သွားသော် လည်း အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ဒေါက်တာဇော်မြင့်မောင် မျှော်မှန်းခဲ့သည့်အတိုင်း ပြည်သူ့နွေဦးတော်လှန်ရေးကို အမြန်ဆုံးပြီးမြောက်အောင်မြင်သည်အထိ မမှိတ်မသုန် ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဟု လေးနက်တည်ကြည်စွာဖြင့် ထပ်လောင်း၍ ကတိ သစ္စာပြုအပ်ပါသည်။
ဒေါက်တာဇော်မြင့်မောင်၏ တိုင်းပြည်နှင့်လူမျိုးအပေါ်ချစ်ခင်မြတ်နိုးမှု၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ပြည်သူများအပေါ်သစ္စာရှိမှု၊ ရိုးသားဖြောင့်မတ်၍ ဒီမိုကရေစီရရှိရေးအတွက် စွန့်လွှတ် အနစ်နာခံမှုတို့သည် ကျွန်ုပ်တို့မြန်မာပြည်သူများအားလုံး၏ ရင်ထဲတွင် အတုယူစရာ၊ မော်ကွန်းတင် စရာ နိုင်ငံရေးသမားကောင်းတစ်ဦးအဖြစ် ကမ္ဘာတည်သရွေ့တည်ရှိနေမည်ဖြစ်ပြီး အမျိုးသားညီညွတ် ရေးအစိုးရအနေဖြင့် အစဉ်အမြဲ အောက်မေ့သတိရလျက် လေးစားဦးညွတ်ပါကြောင်း ဖော်ပြရင်း ဤသဝဏ်လွှာကိုပေးပို့အပ်ပါသည်။
ဒေါက်တာဇော်မြင့်မောင် ကောင်းရာသုဂတိရောက်ရှိပါစေ။
အမျိုးသားညီညွတ်ရေးအစိုးရ
Scroll to Top
Skip to content