ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အခမ်းအနားသို့ ပေးပို့သည့် ပြည်ထောင်စုဝန်ကြီးချုပ်၏ ဂုဏ်ပြုသဝဏ်လွှာ

၂၀၂၄ခုနှစ်၊ ဩဂုတ်လ (၁၂) ရက်
ယနေ့ကျရောက်သည့် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့တွင် မြန်မာနိုင်ငံတစ်ဝှမ်းရှိ မျိုး ဆက်သစ် လူငယ်လူရွယ်များအားလုံးကို လေးစားတန်ဖိုးထားခြင်းများနှင့် ဂုဏ်ပြုပါကြောင်း ဦးစွာ ဖော်ပြအပ်ပါသည်။
အရပ်သားအစိုးရ၏ဦးဆောင်မှုဖြင့် ဒီမိုကရေစီခရီးကို အရှိန်မြှင့်တင်မောင်းနှင်ရန် ကြိုးပမ်းနေသည့်မြန်မာနိုင်ငံတွင် အကြမ်းဖက်စစ်အုပ်စု၏ အဓမ္မအာဏာလုယူရန် ကြိုးပမ်းမှုကြောင့် မျိုးဆက်သစ် လူငယ်လူရွယ်(Generation-Z)များအပါအဝင် တစ်နိုင်ငံလုံးရှိပြည်သူများ၏ အနာဂတ် ဘဝရည်မှန်းချက်များ ပျက်သုန်းသွားခဲ့ရသည်။ လွတ်လပ်မှု၊ ရဲရင့်မှု၊ တီထွင်ဆန်းသစ်ကြံဆမှုတို့ ပြည့်ဝသော လူငယ်များ၏အခန်းကဏ္ဍသည် နိုင်ငံတစ်နိုင်ငံအောင်မြင်တိုးတက်မှုအတွက် အလွန် အရေးပါသော အခန်းကဏ္ဍတွင်ရှိပါသည်။ ထိုကဲ့သို့သော ဘဝရည်မှန်းချက်များနှင့် အခွင့်အရေး များကို စစ်အာဏာရှင်လူတစ်စု၏ စနစ်တကျ ချိုးဖျက်တားဆီးခြင်းခံရသဖြင့် မြန်မာနိုင်ငံနေရာ ဒေသအနှံအပြားမှ လူငယ်လူရွယ်များစွာတို့သည် ပြည်သူ့နွေဦးတော်လှန်ရေးတွင် ဆုံးဖြတ်ချက် ခိုင်မာရဲရင့်စွာ ပါဝင်ဆင်နွှဲခဲ့ကြရာ ထိုလူငယ်များ၏ ပြင်းပြသောစိတ်ဓာတ်နှင့် စွမ်းဆောင်ရည်တို့ကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ကြရပြီးဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ အနာဂတ်သည် ထိုကဲ့သို့ရဲရင့်သော လူငယ်များ၏ လက်ထဲတွင်ရှိနေပြီး ယနေ့ဆင်နွှဲနေကြသော နွေဦးတော်လှန်ရေးကြီးတွင် ကိုယ်ကျိုး စီးပွားနှင့် အသက်ကို ပဓာနမထားဘဲ ဘက်ပေါင်းစုံ ကဏ္ဍပေါင်းစုံမှ နိုင်ရာတာဝန်များကို တက်ကြွ စွာ ပါဝင်ထမ်းဆောင်နေကြသော လူငယ်များအားလုံးကို ဂုဏ်ပြုဦးညွှတ်အပ်ပါသည်။
ယနေ့ကျင်းပသည့် အခမ်းအနားသည်ကမ္ဘာတစ်ဝှမ်းလုံးရှိ လူငယ်များ၏ စိတ်ဓာတ်နှင့် စွမ်းရည်တို့ကို ဂုဏ်ပြုချီးမြှောက်သည့် အခမ်းအနားဖြစ်သည့်အတွက် နိုင်ငံအများအပြားတွင် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ကို ပျော်ရွှင်စွာ ကျင်းပဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနိုင်ငံရှိ လူငယ်/လူရွယ်များအနေဖြင့် ယခုကဲ့သို့ အခမ်းအနားကို ပျော်ရွှင်စွာ ကျင်းပဆင်နွှဲနေရမည့်အစား အာဏာလုအကြမ်းဖက်စစ်အုပ်စုကို အမြစ်ဖျက်ချေမှုန်းနိုင်ရေးအတွက် ပင်ပန်းဆင်းရဲကြီးစွာ အများပြည်သူအကျိုးအတွက် တိုက်ပွဲဝင်နေကြသည့် လူငယ်များ၏ ခိုင်မာသည့်စိတ်ဓာတ်များကို လေးစားအသိအမှတ်ပြုပါသည်။ ဤနွေဦးတော်လှန်ရေးအတွင်း ကျဆုံးသွားကြရသော လူငယ်လူရွယ်များ၏ စွန့်လွတ်အနစ်နာခံမှုများကိုလည်း အောက်မေ့သတိရ ဂုဏ်ပြုပါကြောင်း အလေးအနက် ဖော်ပြအပ်ပါသည်။
အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ဤနွေဦးတော်လှန်ရေးအတွင်းသာမက နွေဦး တော်လှန်ရေးအလွန်ကာလများတွင်လည်း လူငယ်များအတွက် ပိုမိုကောင်းမွန်သော လူ့အဖွဲ့အစည်း တစ်ခုပေါ်ပေါက်လာစေရေးအတွက် လူငယ်များနှင့်အတူ အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ကတိပြုပါကြောင်း ဖော်ပြရင်း ဤဂုဏ်ပြုသဝဏ်လွှာအား ပေးပို့အပ်ပါသည်။
မန်းဝင်းခိုင်သန်း
ပြည်ထောင်စုဝန်ကြီးချုပ်
Scroll to Top
Skip to content