(၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်)
ယနေ့ကျရောက်သည့် မြန်မာပြည်ဖွား ဟိန္ဒူဘာသာဝင်များအတွက် အလေးအမြတ် ပြုအပ်သော ဒေဝါလီ (ဒီပါဝလီ)နေ့ မီးထွန်းပွဲတော် အခါသမယတွင် ပြည်တွင်း/ပြည်ပရှိ ဟိန္ဒူ ဘာသာဝင်များအားလုံး လုံခြုံဘေးကင်းကြပါစေကြောင်း ဦးစွာဆုတောင်းမေတ္တာ ပို့သအပ်ပါ သည်။
ဒေဝါလီ(ဒီပါဝလီ)နေ့ကို ရှေးယခင် နှစ်ပေါင်းများစွာကတည်းက ပျော်ရွှင်စွာ ကျင်းပ လာခဲ့ကြပြီး အစွဲပြု ကျင်းပကြသည့် အကြောင်းအရာများအနက် မကောင်းဆိုးဝါး ဘုရင်ဖြစ်သည့် ရာဝဏ္ဏကို တိုက်ခိုက်အောင်မြင်ပြီးနောက် ရာမမင်းနှင့် သီတာဒေဝီတို့၏ ပြည်တော်ပြန် ခရီးစဉ်တွင် အောင်နိုင်ခြင်းအထိမ်းအမှတ်အဖြစ် ဆီမီးများ ထွန်းညှိပူဇော်ရာမှ စတင်ခဲ့ကြကြောင်း သိရှိရပါသည်။ အလားတူ ဒေဝါလီ( ဒီပါဝလီ)နေ့ ဆီမီးထွန်းညှိ ပူဇော်ခြင်းသည် အမှောင်ကိုခွင်းပြီး အလင်းရောက်သကဲ့သို့ အဆိုးအညံ့များ ကင်းစင်ပပျောက်ပြီး ကောင်းခြင်းမင်္ဂလာနှင့် ချမ်းသာ ကြွယ်ဝခြင်းများ ရောက်ရှိစေရန်လည်း အဓိပ္ပါယ်ဖေါ်ဆောင်ကြသည်ဟု သိရှိရပါသည်။
မြန်မာနိုင်ငံတွင်လည်း အကြမ်းဖက်စစ်အုပ်စု၏ အနိုင်ကျင့် ဖိနှိပ်ဗိုလ်ကျမှုများကြောင့် ပြည်သူများအားလုံး စိတ်နှလုံး ညိုးငယ်နွမ်းလျ လျက်ရှိကြပြီး မည်သည့်ဘာသာရေးပွဲတော် ကိုမျှ အနှစ်သာရပြည့်ဝစွာဖြင့် ပျော်ပျော်ရွှင်ရွှင်ပါဝင်ဆင်နွှဲခွင့် မရှိသည့် အခြေအနေဖြစ်ပါသည်။ အကြမ်းဖက်စစ်အုပ်စု အမြန်ဆုံးကျဆုံးနိုင်စေရန်အတွက် တစ်နိုင်ငံလုံးရှိ ဓမ္မချစ်မြတ်နိုးသူ ပြည်သူများအားလုံးနှင့်အတူ တော်လှန်ရေးအင်အားစုအသီးသီးမှ အစွမ်းကုန်ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါသည်။
လာမည့်အနာဂတ်ကာလမြန်မာပြည်တွင် ပြည်သူများကို ဖိစီးနှိပ်စက်မည့် အကြမ်း ဖက်အာဏာရှင်မှန်သမျှမရှိဘဲ ဒေဝါလီ (ဒီပါဝလီ)နေ့ ဆီမီးထွန်းညှိပူဇော်ခြင်း ပွဲတော်ကို ဟိန္ဒူဘာသာဝင်များနှင့်အတူ ပြည်သူတစ်ရပ်လုံးက ပျော်ရွှင်ဝမ်းမြောက်စွာ ပါဝင်ဆင်နွှဲလာ နိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။ ယနေ့ကျရောက်သည့် ဒေဝါလီ(ဒီပါဝလီ)နေ့ အခါသမယမှ စ၍ မြန်မာပြည်သူ/သားများအပေါ် ဖုံးလွှမ်းလျက်ရှိသည့် အမိုက်အမှောင်များ ကင်းစင်ပပျောက်ပြီး ငြိမ်းအေးခြင်းအလင်းရောင် ကျရောက်ခြင်း၊ ကောင်းခြင်းမင်္ဂလာနှင့် ချမ်းသာ ကြွယ်ဝခြင်းတို့အတိ ရောက်ရှိကြပါစေကြောင်း ဆန္ဒပြုလျက် ဤသဝဏ်လွှာအား ပေးပို့အပပါသည်။
အမျိုးသားညီညွတ်ရေးအစိုးရ