ရေဘေးသင့် ပြည်သူများအတွက် အရေးပေါ်စားနပ်ရိက္ခာနှင့် ဆေးဝါးကုသခြင်း အကူအညီများ ဆက်လက်ဆောင်ရွက်ပေးလျက်ရှိ

၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၁၈
အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဝန်ကြီးဌာနအနေနှင့် မြန်မာနိုင်ငံတစ်ဝှမ်း လတ်တလော ရင်ဆိုင်ကြုံတွေ့နေရသည့် ရေကြီးရေလျှံဒေသများရှိ ဒေသခံပြည်သူများကို ကူညီကယ်ဆယ်ခြင်း၊ ဘေးကင်းသည့်နေရာများသို့ အရေးပေါ်ရွေ့ပြောင်းပေးခြင်း၊ စားနပ်ရိက္ခာနှင့်လူသုံးကုန် ပစ္စည်းများပံ့ပိုးခြင်း လုပ်ငန်းများကို မြေပြင်ရှိ မြို့နယ်တာဝန်ခံများမှတဆင့် ချိတ်ဆက်ဆောင်ရွက်လျက် ရှိပါသည်။
လက်ရှိရေဘေးသင့်ဒေသများတွင် ဒေသခံပြည်သူများ အရေးပေါ်လူသားချင်းစာနာမှု အကူအညီများနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ အချိန်မီရရှိနိုင်ရန် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ မြို့နယ် ပကဖအဖွဲ့၊ ပကဖအဖွဲ့၊ ကျန်းမာရေးတာဝန်ခံများနှင့် လူသားစာနာတာဝန်ခံများက ချိတ်ဆက်ပူးပေါင်း ဆောင်ရွက်ပေးလျက်‌ရှိပါသည်။
ဝန်ကြီးဌာနအနေနှင့် “တိုက်ရိုက်ကူညီ ပြည်သူဆီ၊ လူသားစာနာနှင့်အတူ ဆောင်ရွက်မည်” အစီအစဉ်မှတဆင့် ဝန်ကြီးဌာနသို့ ပေးပို့လှူဒါန်းကြသည့် အလှူငွေများကို ရေဘေးသင့် ပြည်သူများထံသို့ သက်ဆိုင်ရာတာဝန်ခံ အဖွဲ့အစည်းများနှင့် ချိတ်ဆက် ထောက်ပံ့ပေးလျက်ရှိပါကြောင်း တင်ပြအပ်ပါသည်။
Scroll to Top
Skip to content