၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၃၀) ရက်
အောက်တိုဘာလ (၂၇) ရက်နေ့၊ ညနေ (၆) နာရီက အမေရိကန်ပြည်ထောင်စု၊ Minnesota ပြည်နယ်၊ Minneapolis မြို့၌ အမေရိကန်ပြည်သူ့ကျန်းမာရေးအဖွဲ့ (American Public Health Association) ၏ ၂၀၂၄ ခုနှစ် ညီလာခံက ကျင်းပပြုလုပ်သည့် 2024 Health Activist Dinnerတွင် “မြန်မာ့နွေဦးတော်လှန်ရေး ကျန်းမာရေးသူရဲကောင်းများနှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကျန်းမာရေးဝန်ကြီးဌာန” ကို “The Edward Barsky Award” ဆု ပေးအပ်ချီးမြှင့်ရာ မြန်မာ့နွေဦးတော်လှန်ရေး ကျန်းမာရေးသူရဲကောင်းများကိုယ်စား NUG ပညာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာဇော်ဝေစိုးက ဆုလက်ခံရယူ၍ အမှာစကားပြောကြားခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးက “မြန်မာ့နွေဦးတော်လှန်ရေး ပေါ်ပေါက်လာပုံနှင့် လက်ရှိအခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည့်အပြင် ယခုဆုသည် နွေဦးတော်လှန်ရေးအတွင်း အကြမ်းဖက်စစ်ကောင်စီ၏ လက်ချက်ဖြင့် ထိခိုက်ကျဆုံးခဲ့ရသည့် ကျန်းမာရေးဝန်ထမ်းများ၊ ဖမ်းဆီးနှိပ်စက်ခံရသည့် ကျန်းမာရေးဝန်ထမ်းများ၊ ရှေ့တန်းစစ်မြေပြင်နှင့် ဒေသအသီးသီးတွင် ပြည်သူတို့အတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို သက်စွန့်ကြိုးပမ်းဆောင်ရွက်နေသည့် ကျန်းမာရေးဝန်ထမ်းများကို ရည်ညွှန်းဂုဏ်ပြုပါကြောင်း၊ ယခုကဲ့သို့ ကျန်းမာရေး အခွင့်အရေးနှင့် လူ့အခွင့်အရေး ချိုးဖောက်ခံနေရသည့် အခြေအနေများကို ကမ္ဘာကြီးအနေဖြင့် နှုတ်ဆိတ် မနေသင့်ကြောင်း၊ မြန်မာပြည်သူများ အထူးသဖြင့် ကျန်းမာရေးဝန်ထမ်းများနှင့် ဆေးရုံဆေးခန်းများအား ပစ်မှတ်ထား၍ တိုက်ခိုက်နေခြင်းကို ကာကွယ်အဆုံးသတ်ပေးရန် မိမိတို့၏ အသံများကို မြှင့်တင်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတကာနှင့် ကျန်းမာရေးအဖွဲ့အစည်းများသည် မြန်မာနိုင်ငံတွင်သာမက ဆူဒန်၊ ယူကရိန်း၊ ဂါဇာ၊ အစ္စရေးအပါအဝင် ပဋိပက္ခဖြစ်ပွားရာ ဒေသများမှ ကျန်းမာရေးလုပ်သားများကို ကာကွယ်မှုပေးရန်နှင့် ကျန်းမာရေးကဏ္ဍကို လက်နက်သဖွယ်အသုံးပြုခြင်းအား တားဆီးပေးရန် တောင်းဆိုလိုကြောင်း၊ ကျန်းမာရေးစောင့်ရှောက်မှုသည် လူ့အခွင့်အရေးဖြစ်ပြီး လက်နက်မဟုတ်ကြောင်း” ပြောကြားခဲ့ပါသည်။
အခမ်းအနားသို့ NUG ပညာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာဇော်ဝေစိုး ဦးဆောင်၍ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမိုးဇော်ဦးနှင့် CDM ကျန်းမာရေးဝန်ထမ်းများ ပါဝင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပါသည်။
၂၀၂၁ ခုနှစ်တွင် မြန်မာနိုင်ငံ၌ အကြမ်းဖက်စစ်တပ်က ဥပဒေမဲ့ စစ်အာဏာသိမ်းရန် ကြိုးပမ်းပြီးနောက်ပိုင်း အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (Civil Disobedience Movement – CDM) တွင်ပါဝင်သည့် ကျန်းမာရေးဝန်ထမ်းများ၊ အခြားကျန်းမာရေးလုပ်သားများနှင့် ပြည်သူ့အခြေပြု ကျန်းမာရေးအဖွဲ့အစည်းများသည် အကြမ်းဖက်စစ်ကောင်စီ၏ အသက်အန္တရာယ် ခြိမ်းခြောက်မှုများ၊ စိန်ခေါ်မှုများ ရှိနေသည့်တိုင် NUG ကျန်းမာရေးဝန်ကြီးဌာနနှင့် လက်တွဲ၍ ပြည်သူဦးဆောင်သည့် ကျန်းမာရေးစနစ်များ တည်ထောင်ပြီး ပဋိပက္ခဖြစ်ပွားရာဒေသများမှ ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုများကို ရဲဝံ့စွာ ပေးအပ်လျက်ရှိသည့်အတွက် ယခုဆုကို ပေးအပ်ချီးမြှင့်ခံရခြင်းဖြစ်ပါသည်။
မြန်မာ့နွေဦးတော်လှန်ရေး ကျန်းမာရေးသူရဲကောင်းများနှင့် NUG ကျန်းမာရေးဝန်ကြီးဌာန၏ လုပ်ဆောင်ချက်များသည် ခံနိုင်ရည်နှင့် ရဲစွမ်းသတ္တိကို မီးမောင်းထိုးပြနေသလို မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးနှင့် တရားမျှတမှုအတွက် ဆက်လက်တိုက်ပွဲဝင်နေကြသူများအတွက်လည်း မျှော်လင့်ချက်တစ်ခု ဖြစ်ပါသည်။
The Edward Barsky Award ဆုသည် ကျန်းမာရေး၊ လူမှုတရားမျှတမှုနှင့် လူ့အခွင့်အရေးတို့တွင် ထူးခြားထက်မြက်စွာ ပံ့ပိုးကူညီမှုများ ပြုလုပ်ခဲ့သည့် အဖွဲ့အစည်းများ သို့မဟုတ် လူပုဂ္ဂိုလ်များအား ဂုဏ်ပြုသော ထင်ရှားသည့် ဆုတစ်ခု ဖြစ်ပါသည်။ ဆုရရှိသူများသည် အမေရိကန်ဆရာဝန်နှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဒေါက်တာ Edward Barsky ၏ အမွေအနှစ်များကို လက်ဆင့်ကမ်း ထိန်းသိမ်းသူများဖြစ်ပြီး အခက်အခဲများကြားမှပင် ဆေးဝါးကုသမှုများကို လိုအပ်နေသော လူ့အဖွဲ့အစည်းများထံ ရောက်ရှိစေရန် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သူများ ဖြစ်ပါသည်။ ယင်းဆုသည် ကမ္ဘာတစ်ဝန်း ကျန်းမာရေးနှင့် တရားမျှတမှုကို မြှင့်တင်ပေးရန် ကြိုးပမ်းဆောင်ရွက်ခဲ့သည့် နယ်လ်ဆင်မင်ဒဲလား ဦးဆောင်သော အာဖရိကအမျိုးသားကွန်ဂရက် (The African National Congress) ကဲ့သို့သော အဖွဲ့အစည်းများကို ဂုဏ်ပြုခဲ့သည့် ရှည်လျားထင်ရှားသော သမိုင်းကြောင်း ရှိပါသည်။
Health Activist Dinner သည် အမေရိကန်ပြည်ထောင်စုအပါအဝင် ကမ္ဘာတစ်ဝန်းရှိ ပြည်သူ့ကျန်းမာရေးပညာရှင်များ၊ ကျန်းမာရေးစောင့်ရှောက်မှုပေးသူများ၊ တက်ကြွလှုပ်ရှားသူများနှင့် ပညာရှင်ခေါင်းဆောင်များ စုပေါင်းကျင်းပသော နှစ်ပတ်လည်ပွဲတစ်ခု ဖြစ်ပါသည်။ ဤပွဲသည် ကျန်းမာရေးလှုံ့ဆော်မှုနှင့် လူမှုတရားမျှတမှုအတွက် ထူးခြားထက်မြက်သော ပံ့ပိုးကူညီမှုများကို အသိအမှတ်ပြုသည့် စင်မြင့်တစ်ခုဖြစ်သည်။ ထို့အပြင် ကမ္ဘာတစ်ဝန်းရှိ ကျန်းမာရေး၊ ငြိမ်းချမ်းရေးနှင့် လူမှုတရားမျှတမှုတို့ကို မြှင့်တင်ရန်အတွက် သတင်းအချက်အလက်မျှဝေခြင်း၊ ကွန်ရက်ချိတ်ဆက်မှုများ တည်ဆောက်ခြင်းနှင့် အပြန်အလှန် ပံ့ပိုးမှုပေးခြင်းများ ပြုလုပ်နိုင်ရန် အခွင့်အလမ်းတစ်ခုလည်း ဖြစ်ပါသည်။
ယခု Health Activist Dinner တွင် The Edward Barsky Award အပါအဝင် The Paul Cornely Award ၊ The Paul Wellstone Award နှင့် The Paul Ambrose Outstanding Student Activist Award စသည့် ဆုအမျိုးအစား (၄) ဆု ချီးမြှင့်ခဲ့ပါသည်။