နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်

ဒေါ်အောင်ဆန်းစုကြည်

ဒေါ်အောင်ဆန်းစုကြည်ကို (၁၉၄၅) ခုနှစ်၊ ဇွန်လ (၁၉) ရက်နေ့တွင် ရန်ကုန်မြို့၌ မွေးဖွားခဲ့သည်။ ဖခင်မှာ မြန်မာနိုင်ငံ၏ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းဖြစ်ပြီး မိခင်မှာ ဒေါ်ခင်ကြည် (အငြိမ်းစား သံအမတ်ကြီး) ဖြစ်ကာ သားသမီး (၃) ဦးအနက် အငယ်ဆုံးဖြစ်သည်။ ငယ်စဉ်က မြန်မာနိုင်ငံတွင်ပညာသင်ကြားခဲ့ပြီး (၁၉၆၀) ခုနှစ်တွင် မိခင်ဖြစ်သူ အိန္ဒိယသံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ရန် ထွက်ခွာသည့်အခါ လိုက်ပါသွားခဲ့သည်။ (၁၉၆၄) ခုနှစ်အထိ အိန္ဒိယနိုင်ငံ University of Delhi တွင် နိုင်ငံရေးသိပ္ပံပညာရပ်ကို ဆည်းပူးလေ့လာခဲ့သည်။ ထို့နောက် (၁၉၆၇) ခုနှစ်အထိ ဗြိတိန်နိုင်ငံ University of Oxford (St Hugh’s College) တွင် ဒဿနဗေဒ၊ နိုင်ငံရေးသိပ္ပံနှင့် စီးပွားရေးပညာရပ်များကို လေ့လာဆည်းပူးခဲ့ပြီး၊ ဝိဇ္ဇာဂုဏ်ထူးဘွဲ့ကို ရရှိခဲ့သည်။ (၁၉၆၉) ခုနှစ်မှစ၍ အမေရိကန်နိုင်ငံ၊ နယူယောက်မြို့ရှိ ကုလသမဂရုံးချုပ်တွင် သုံးနှစ်ကြာတာဝန်ထမ်းဆောင်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်သည် ဗြိတိန်တွင် ပညာသင်စဉ် ရင်းနှီးသိကျွမ်းခဲ့သော Mr. Michael Aris နှင့် (၁၉၇၂) ခုနှစ်တွင် အိမ်ထောင်ပြုခဲ့ပြီး သားကြီးဖြစ်သူ Alexander (မြန်မာအမည် – မောင်မြင့်ဆန်းအောင်) ကို (၁၉၇၂) ခုနှစ်တွင်လည်းကောင်း၊ သားငယ်ဖြစ်သူ Kim (မြန်မာအမည် – မောင်ထိန်လင်း) ကို (၁၉၇၇) ခုနှစ်တွင်လည်းကောင်း မွေးဖွားခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်သည် ဂျပန်နိုင်ငံ Kyoto University တွင် (၁၉၈၅) ခုနှစ် မှ (၁၉၈၆) ခုနှစ်အထိ အရှေ့တောင်အာရှဆိုင်ရာ လေ့လာရေးဌာနတွင် သုတေသနပညာရှင်အဖြစ် သွားရောက်သုတေသနပြုခဲ့သည်။ (၁၉၈၇) တွင် အိန္ဒိယနိုင်ငံ Indian Institute of Advanced Studies တွင်လည်း သုတေသီအဖြစ် လုပ်ကိုင်ခဲ့သည်။

(၁၉၈၈) ခုနှစ်တွင် မြန်မာနိုင်ငံသို့ပြန်လာပြီး မကျန်းမမာဖြစ်နေသော မိခင်ဖြစ်သူကို အနီးကပ်ပြုစုနေသည့်ကာလတွင် ၈၈၈၈ အရေးတော်ပုံကြီးနှင့် ကြုံဆုံခဲ့သည်။ ထိုနှစ် စက်တင်ဘာလ (၂၄) ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (National League for Democracy) ကို တည်ထောင်ခဲ့ပြီး အထွေထွေ အတွင်းရေးမှူးအဖြစ်တာဝန်ယူခဲ့သည်။ (၁၉၈၉) ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်တပ်မှ နေအိမ်အကျယ်ချုပ်အဖြစ် ထိန်းသိမ်းလိုက်သည်။ ထိန်းသိမ်းခံထားရစဉ် ကျင်းပသော (၁၉၉၀) ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် NLD မှ အပြတ်အသတ်အနိုင်ရခဲ့သော်လည်း အာဏာလွှဲပြောင်းပေးရန် ငြင်းဆန်ခံရပြီး ဒေါ်အောင်ဆန်းစုကြည်ကိုလည်း (၂၁) နှစ်တာကာလအတွင်း (၁၅) နှစ်ကြာ နေအိမ်အကျယ်ချုပ်ချထားခဲ့သည်။ ထိုကာလများအတွင်း ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးပုံရိပ်မှာ ပိုမိုထင်ရှားလာပြီး ကမ္ဘာ့အထင်ရှားဆုံး နိုင်ငံရေးအကျဉ်းသားလည်းဖြစ်ခဲ့သည်။

(၂၀၀၈) ခုနှစ်အခြေခံဥပဒေအသစ်ဖြင့်ကျင်းပသော (၂၀၁၀) ရွေးကောက်ပွဲကို NLD က သပိတ်မှောက်ယှဉ်ပြိုင်ခြင်း မပြုသော်လည်း (၂၀၁၂) ခုနှစ်တွင်ကျင်းပသော ကြားဖြတ်ရွေးကောက်ပွဲတွင် ပါဝင်ယဉ်ပြိုင်ခဲ့ပြီး အမတ်နေရာ (၄၅) ခုတွင် (၄၃) ခုအနိုင်ရခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်သည်လည်း လွှတ်တော်အမတ်ဖြစ်လာခဲ့သည်။ (၂၀၁၅) ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် NLD က (၈၆%) ဖြင့် ပြတ်ပြတ်သားသားအနိုင်ရခဲ့ပြီး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် အဖြစ် (၂၀၁၆) ခုနှစ်မှ စတင်တာဝန်ထမ်းဆောင်ခဲ့သည်။ (၂၀၂၀) ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် အမတ်နေရာ (၄၉၈) ခုအနက် NLD က (၃၉၆) နေရာတွင် အနိုင်ရပြီး ရွေးကောက်ပွဲ အနိုင်ရပါတီအဖြစ် ပြည်သူများထပ်မံတင်မြှောက်ကြသော်လည်း အစိုးရသက်တမ်းအသစ် မစတင်မီ (၂၀၂၁) ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁) ရက်နေ့တွင် စစ်တပ်မှ အာဏာသိမ်းယူခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ ထင်ရှားသော နိုင်ငံရေးခေါင်းဆောင်များကို ဖမ်းဆီးခဲ့သည်။ အာဏာသိမ်းဖြစ်စဉ်ကာလအတွင်း (၂၀၂၀) ခုနှစ် အထွေထွေရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်အများစုက ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (Committee Representing Pyidaungsu Hluttaw – CRPH) ကို ဖွဲ့စည်းခဲ့သည်။ CRPH အနေဖြင့် တိုင်းရင်းသားများ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ စသည်တို့နှင့် ညှိနှိုင်းတိုင်ပင်ကာ ဖက်ဒရယ်ပြည်ထောင်စုဖော်ဆောင်ရန်၊ စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်ရန်နှင့် ဒီမိုကရေစီပြန်လည်ထွန်းကားရန် ရည်ရွယ်လျက် အမျိုးသားညီညွတ်ရေးအစိုးရ (National Unity Government – NUG) ကို (၂၀၂၁) ခုနှစ်၊ ဧပြီလ (၁၆) ရက်နေ့တွင် ဖွဲ့စည်းတာဝန်ပေးခဲ့သည်။ NUG တွင် ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် အဖြစ် ဆက်လက်တာဝန်ပေးအပ်ထားသည်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုဘဲလ်ငြိမ်းချမ်းရေးဆု၊ အမေရိကန်ပြည်ထောင်စု ကွန်ဂရက်ရွှေတံဆိပ်ဆု၊ ဂွမ်ဂျူးလူ့အခွင့်အရေးဆု၊ Sakharov ဆုများအပါအဝင် နိုင်ငံနှင့် အဖွဲ့အစည်းများစွာတို့မှ ဂုဏ်ပြုဆုများ ချီးမြှင့်ခြင်း၊ အထိမ်းအမှတ် နေရာသတ်မှတ်ပေးခြင်းများ၊ ဂုဏ်ထူးဆောင်နိုင်ငံသားအဖြစ် အသိအမှတ်ပြုခြင်းများ ပြုလုပ်ထားသည်။

လူမှုကွန်ယက် စာမျက်နှာ
Scroll to Top
Skip to content