၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၁၇
အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဝန်ကြီးဌာနအနေနှင့် ရာဂီတိုင်ဖွန်းမုန်တိုင်း အရှိန်ကြောင့် မြန်မာနိုင်ငံတစ်ဝှမ်း လတ်တလော ရင်ဆိုင်ကြုံတွေ့နေရသည့် ရေကြီးရေလျှံဒေသများရှိ ဒေသခံပြည်သူများကို ကူညီကယ်ဆယ်ရေး၊ ရွေ့ပြောင်းရေးနှင့် အရေးပေါ်စားနပ်ရိက္ခာပံ့ပိုးခြင်း လုပ်ငန်းများကို မြေပြင်ရှိ မြို့နယ်တာဝန်ခံများမှတဆင့် ချိတ်ဆက်ဆောင်ရွက်လျက် ရှိပါသည်။
ပဲခူးတိုင်း၊ စစ်တောင်းမြစ်ဝှမ်းဒေသရှိ စိုးမိုးနယ်မြေများတွင် လတ်တလော ရေကြီးရေလျှံမှုကြောင့် ရေဘေးသင့်ပြည်သူများကို အကူအညီများ အချိန်မီရရှိနိုင်ရန် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် လူသားစာနာတာဝန်ခံများက ရေဘေးသင့်ဒေသရှိ ကိုယ်ဝန်ဆောင်၊ အမျိုးသမီးများ၊ ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများကို ဘေးလွတ်ရာနေရာများသို့ ရွှေ့ပြောင်းထောက် ပံ့ကူညီမှုများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း တွေ့မြင်ရမှာ ဖြစ်ပါသည်။
ဝန်ကြီးဌာနအနေနှင့် တိုင်းရင်းသားဒေသများရှိ ရေကြီးရေလျှံမှုဘေးအန္တရာယ် ကျရောက်မှုနှင့်စပ်လျဉ်း၍ ပူးတွဲကြေညာချက်ထုတ်ပြန်ခြင်း၊ ရေဘေးသင့်ပြည်သူများစာရင်း ကောက်ယူခြင်း၊ လိုအပ်ချက်များကို ဆန်းစစ်ခြင်းနှင့် အရေးပေါ်ထောက်ပံ့မှု ပေးခြင်းများကိုလည်း ဆက်လက်ဆောင်ရွက်ပေးလျက်ရှိပြီး ထိုသို့ ပြည်သူမှပြည်သူသို့ ထောက်ပံ့နိုင်ရေးအတွက် ပြည်တွင်း၊ ပြည်ပမှ လှူဒါန်းပေးကြသည့် စေတနာရှင်၊ အလှူရှင်များကိုလည်း အထူးကျေးဇူးတင်ရှိကြောင်း သတင်းထုတ်ပြန် အပ်ပါသည်။