အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် ဩစတြေးလျ နိုင်ငံခြားရေး ဝန်ကြီး H.E. the Hon Penny Wong တို့ ကင်ဘာရာမြို့တွင် တွေ့ဆုံ

အရေးပါသည့် သံတမန်ရေးရာ ဆောင်ရွက်ချက်တစ်ရပ်အနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင်သည် ဩစတြေးလျနိုင်ငံခြားရေးဝန်ကြီး H.E. the Hon Penny Wong နှင့် ၂၀၂၄ ခုနှစ် ဇွန်လ ၄ ရက်နေ့က ကင်ဘာရာမြို့တွင် တွေ့ဆုံခဲ့ပါသည်။ အဆိုပါ တွေ့ဆုံမှုတွင် မြန်မာနိုင်ငံ၏ လက်ရှိ အခြေအနေများကို အဓိကဆွေးနွေးနွေးခဲ့ကြပြီး၊ မြန်မာပြည်သူများအတွက် ဩစတြေးနိုင်ငံအနေဖြင့် ကူညီပံ့ပိုးပေးမည့် လမ်းကြောင်းများကို ဆွေးနွေးရှာဖွေခဲ့ကြပါသည်။
ဆွေးနွေးရာတွင် ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်က လက်ရှိ နိုင်ငံရေးမတည်ငြိမ်မှုများနှင့် နိုင်ငံသားများ ရင်ဆိုင်ကြုံတွေ့နေရသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အရေးကိစ္စရပ်များတွင် စိန်ခေါ်မှုများကို မီးမောင်းထိုးပြကာ မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသော အကျပ်အတည်းနှင့်ပတ်သက်၍ ပြည့်ပြည့်စုံစုံ ရှင်းလင်းပြောကြားခဲ့ပြီး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်များကို ဖြေရှင်းနိုင်ရန်၊ လူ့အခွင့်အရေးကို ကာကွယ်စောင့်ရှောက်နိုင်ရန်နှင့် မြန်မာနိုင်ငံတွင် ဒီမိုကရေစီအုပ်ချုပ်မှုကို ဖော်ဆောင် မြှင့်တင်နိုင်ရန်တို့အတွက် နိုင်ငံတကာအကူအညီများအား အရေးတကြီး လိုအပ်လျက်ရှိကြောင်းကိုအလေးထား ပြောကြားခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်သည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးနိုင်ရေး၊ စစ်ဘေးရှောင်ပြည်သူများအား ပံ့ပိုးကူညီနိုင်ရေးနှင့် မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ပြန်လည်ထူထောင်နိုင်ရေးတို့ အပါအဝင် ဩစတြေးလျနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် နယ်ပယ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ပြီး၊ ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုကို အထောက်အကူပြုသည့် ငြိမ်းချမ်း၊ သာယာဝပြောသော ဒီမိုကရက်တစ် မြန်မာနိုင်ငံဖြစ်လာရေး အမျိုးသားညီညွတ်ရေးအစိုးရ၏ ကတိကဝတ်အား ထပ်လောင်း အတည်ပြုခဲ့သည်။
အမျိုးသားညီညွတ်ရေးအစိုးရ
နိုင်ငံခြားရေးဝန်ကြီးဌာန
Scroll to Top
Skip to content