၁၁ ဇွန် ၂၀၂၆
အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံးနှင့် စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလအစိုးရတို့အကြား လုပ်ငန်းလွှဲပြောင်းခြင်း အခမ်းအနားကို ၂၀၂၆ခုနှစ် ဇွန်လ ၁၀ ရက်နေ့ ညနေ ၄ နာရီတွင် Zoom Platform ကတဆင့် ကျင်းပခဲ့ပါသည်။
အခမ်းအနားသို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြားကာလအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးစိုးဦး၊ ဒုတိယဝန်ကြီးချုပ် ဒေါက်တာအောင်နေဝင်းနှင့် ကြားကာလစိုက်ပျိုးရေးနှင့်မွေးမြူရေးဌာနကြီးမှ တာဝန်ရှိသူများ၊ သတင်းအချက်အလက် ဆက်သွယ်ရေးနှင့် နည်းပညာဌာနကြီးမှ တာဝန်ရှိသူများ ၊ ခရိုင်နှင့် မြို့နယ်အသီးသီးက တာဝန်ခံများ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးနှင့် စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလအစိုးရ ဝန်ကြီးချုပ် ဦးစိုးဦးတို့က အဖွင့်အမှာစကားပြောကြားခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးချုပ်ရုံး တွဲဖက်အတွင်းဝန်များက လုပ်ငန်းများလွှဲပြောင်းခြင်းနှင့်ပတ်သက်သည့် လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြခဲ့ပါသည်။ ဆက်လက်၍ သဘောတူညီထားရှိသော လုပ်ငန်းများလွှဲပြောင်းခြင်းလုပ်ငန်းစဉ်အား ပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေစိုးက အတည်ပြုကာ စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြားကာလအစိုးရဝန်ကြီးချုပ် ဦးစိုးဦးက အတည်ပြု လက်ခံကြောင်း ပြောကြားခဲ့ပါသည်။ ထို့နောက် စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလအစိုးရ ဒုတိယဝန်ကြီးချုပ် ဒေါက်တာအောင်နေဝင်းနှင့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးတို့က နိဂုံးချုပ်စကားပြောကြားခဲ့ပြီး အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။
