၂၁ ဇူလှိုင်၂၀၂၆
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF)သည် ၂၀၂၆ ခုနှစ် ဇူလိုင်လ (၂၁) ရက်နေ့တွင် စတင်ကျင်းပသည့် (၅၉) ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများအတွက် အာဆီယံဥက္ကဋ္ဌ ၏ အထူးကိုယ်စားလှယ်ထံလိပ်မူ၍ အိတ်ဖွင့်ပေးစာတစ်စောင်ကို ပေးပို့ခဲ့ပါသည်။
အဆိုပါ အိတ်ဖွင့်ပေးစာတွင် လက်ရှိ (၅၉) ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကျင်းပနေချိန်သည် မြန်မာနိုင်ငံအတွက်သာမက ဒေသတွင်းငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် အာဆီယံ၏ ယုံကြည်စိတ်ချရမှုအတွက်ပါ အလွန်အရေးကြီးသောအချိန်ဖြစ်ကြောင်း၊ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသော ကိုယ်စားလှယ်များနှင့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ (EROs) ပါဝင်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF)သည် မြန်မာနိုင်ငံတွင် ဒီမိုကရေစီနည်းကျတရားဝင်မှုနှင့် ထိရောက်သောစိုးမိုးထိန်းချုပ်မှုကို အခိုင်မာဆုံးရရှိထားသည့် အဖွဲ့အစည်းဖြစ်ပြီး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတစ်ခုတည်ဆောက်ရန်၊ နိုင်ငံရေးအသွင်ကူးပြောင်းမှုကို လွယ်ကူချောမွေ့စေရန်နှင့် မြန်မာနိုင်ငံတွင် ရေရှည်တည်တံ့သောငြိမ်းချမ်းရေးရရှိရန် တည်ထောင်ထားသော မဟာမိတ်အခြေပြုခေါင်းဆောင်မှုယန္တရားတစ်ခုဖြစ်ကြောင်း၊
မြန်မာနိုင်ငံ၏ အကျပ်အတည်းကို ဖြေရှင်းရာတွင် အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ရပ်သည် သဘောတူညီထားသော ဒေသတွင်း မူဘောင်တစ်ရပ် ဖြစ်သည်ဟု SCEF က ခိုင်မာစွာ ခံယူဆဲ ဖြစ်ကာ မနီလာမြို့တွင် ကျင်းပနေသော အစည်းအဝေးသည် ရလဒ်ကို ဦးတည်သော ၊ တိုင်းတာနိုင်သော ၊ လက်တွေ့အကောင်အထည်ဖော်နိုင်သော ချဉ်းကပ်မှုများမှတစ်ဆင့် ဘုံသဘောတူညီချက် ၅ ရပ်ကို ပိုမိုထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် အရေးပါသော အခွင့်အလမ်းတစ်ခု ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ အကျပ်အတည်းကို ဖြေရှင်းရန် ရည်ရွယ်သည့် မည်သည့်သံတမန်ရေးရာ ကြိုးပမ်းမှုမဆို မူဝါဒအပေါ် အခြေခံသော ထိတွေ့ဆက်ဆံမှု၊ အားလုံးပါဝင်ရေးနှင့် ခိုင်မာသော ရလဒ်များပေါ်တွင် အခြေခံရမည် ဖြစ်ကြောင်း၊ ရေရှည်တည်တံ့သော နိုင်ငံရေးဖြေရှင်းချက်တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ERO များ၊ ဒီမိုကရေစီအင်အားစုများ၊ လူနည်းစုအသိုင်းအဝိုင်းများ၊ အရပ်ဘက်လူ့အဖွဲ့အစည်းများနှင့် အခြားအဓိကပါဝင်ပတ်သက်သူများ အပါအဝင် သက်ဆိုင်သူအားလုံး၏ အဓိပ္ပာယ်ရှိသော ပါဝင်မှု လိုအပ်ကြောင်းတို့ကို ဖော်ပြထားပါသည်။
ထို့အပြင် အာဆီယံအနေဖြင့် မြန်မာနိုင်ငံနှင့် ပတ်သက်သော ထိတွေ့ချဉ်းကပ်မှုတွင်
● စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုများ အပါအဝင် အရပ်သားများအပေါ် အကြမ်းဖက်မှုကို ချက်ချင်းရပ်တန့်ခြင်း။
● အကူအညီ လိုအပ်နေသော လူဦးရေအားလုံးထံ လူသားချင်းစာနာထောက်ထားမှု အကူအညီများ အတားအဆီးမရှိ ထိရောက်စွာ ပေးအပ်ခြင်း။
● ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့် အပါအဝင် ဖမ်းဆီးထိန်းသိမ်းခံထားရသူများနှင့် နိုင်ငံရေးအကျဉ်းသားအားလုံးကို အပြည့်အဝ၊ ချက်ချင်းနှင့် ခြွင်းချက်မရှိ လွှတ်ပေးခြင်း။
● မြန်မာပြည်သူများပိုင်ဆိုင်သော၊ မြန်မာပြည်သူများဦးဆောင်သော ဖြေရှင်းချက်များဟူသည့် မူနှင့်အညီ သက်ဆိုင်ရာပါဝင်ပတ်သက်သူအားလုံး၏ ပါဝင်မှုဖြင့် မြန်မာပြည်သူများ ပိုင်ဆိုင်ပြီး ဦးဆောင်သော ပါဝင်ပတ်သက်မှုရှိသော နိုင်ငံရေးလုပ်ငန်းစဉ်တစ်ခု ဖြစ်ထွန်းတိုးတက်မှုအတွက် သင့်လျော်သော ဒေသတွင်းနှင့် နိုင်ငံတကာ စောင့်ကြည့်ခြင်းနှင့် အကဲဖြတ်ခြင်း ယန္တရားများဖြင့် ပံ့ပိုးခြင်း (ဤကိစ္စနှင့်စပ်လျဉ်း၍ SCEF သည် ဒေသတွင်းနှင့် နိုင်ငံတကာ မိတ်ဖက်များနှင့် တည်ဆောက်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်လုပ်ဆောင်ရန် အသင့်ရှိနေပါသည်။) တို့အပါအဝင် တိုင်းတာနိုင်သော ရလဒ်များနှင့် အကဲဖြတ်သင့်သည်ဟု အခိုင်အမာဖော်ပြထားပါသည်။
မြန်မာပြည်သူများသည် အာဆီယံ၏ ဘုံသဘောတူညီချက်ငါးရပ် နှင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီဆုံးဖြတ်ချက် ၂၆၆၉ (၂၀၂၂) နှစ်ခုစလုံးကို အပြန်အလှန်အားဖြည့်ပေးသည့် မူဘောင်များအဖြစ် အကောင်အထည်ဖော်မှုကို အားဖြည့်ပေးသည့် လက်တွေ့ကျသောလုပ်ဆောင်မှုအတွက် အာဆီယံကို မျှော်လင့်နေကြကြောင်း၊ ဤမူဘောင်များကို မြန်မာပြည်သူများအတွက် အဓိပ္ပာယ်ရှိသောတိုးတက်မှုများနှင့် စစ်အုပ်စုအပေါ် စစ်မှန်သောဖိအားများအဖြစ် ပြောင်းလဲရမည်ဖြစ်ကြောင်း၊ အာဆီယံ သဘောတူညီချက်ကို လိုက်နာရန် ဆက်လက်ပျက်ကွက်နေသည့် စစ်အုပ်စုအပေါ် စစ်အုပ်စု ၏ အဆင့်မြင့်အရာရှိများကို ထိတွေ့ဆက်ဆံမှု တားမြစ်ထားသည့် အာဆီယံ၏ ပိတ်ပင်တားဆီးမှု ကို ပြန်လည်စတင်ခြင်း အပါအဝင် တဖြည်းဖြည်း တိုးမြှင့်လာမည့် အကျိုးဆက်များနှင့် ထိုက်တန်ကြောင်း၊ အထူးသဖြင့် မြန်မာပြည်သူများသည် စစ်အုပ်စု၏ အကြမ်းဖက်မှုများကို အဆုံးသတ်ရန်၊ လူသားချင်းစာနာထောက်ထားမှုအခြေအနေများ တိုးတက်ကောင်းမွန်လာစေရန်နှင့် စစ်မှန်ပြီး အားလုံးပါဝင်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို အာမခံနိုင်သည့် နိုင်ငံရေးဖြေရှင်းချက်ကို ရောက်ရှိစေမည့် လက်တွေ့ကျသောတိုးတက်မှုများကို ရှာဖွေနေကြကြောင်းနှင့် (၅၉) ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသည် အာဆီယံအတွက် ၎င်း၏ စုပေါင်းခေါင်းဆောင်မှု၊ စည်းလုံးညီညွတ်မှုနှင့် ဒေသတွင်းငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအတွက် ရေရှည်တည်တံ့သော ကတိကဝတ်များအပြင် မြန်မာပြည်သူများ၏ စစ်မှန်သောဒီမိုကရေစီဆန္ဒနှင့် မျှော်လင့်ချက်များအပေါ် ၎င်း၏ ကတိကဝတ်ကို ပြန်လည်အတည်ပြုရန် အရေးကြီးသော အခွင့်အရေးတစ်ခု ရှိနေကြောင်းတို့ကလည်း ထပ်လောင်း ဖော်ပြထားပါသည်။
