ပြည်သူ့ကာကွယ်ရေးတပ်မတော် တည်ထောင်ခြင်း (၅) နှစ်ပြည့် အထိမ်းအမှတ် စစ်ဘက်ဆိုင်ရာသူရဲကောင်းဘွဲ့၊ ဆု နှင့် တံဆိပ်ချီးမြှင့်ခြင်းဆိုင်ရာ သတင်းထုတ်ပြန်ချက်

၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၇) ရက်
ပြည်သူ့တော်လှန်ရေးတွင် စစ်ရေးတာဝန်များကို စွမ်းစွမ်းတမံ ထူးခြားကျေပွန် အောင်မြင်စွာ ထမ်းဆောင်ခဲ့ကြသည့် ရဲဘော်များ၏ ပေးဆပ်မှု၊ စွန့်လွှတ်မှုနှင့် အမှုထမ်းဆောင်မှုတို့ကို အလေးအမြတ် ပြုလျက် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တည်ထောင်ခြင်း (၅) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် စစ်ဘက်ဆိုင်ရာ သူရဲကောင်းဘွဲ့၊ ဆု နှင့် တံဆိပ်များ ချီးမြှင့် အပ်နှင်းရခြင်း ဖြစ်ပါသည်။
ဤစစ်ဘက်ဆိုင်ရာ သူရဲကောင်းဘွဲ့၊ ဆု နှင့် တံဆိပ်များသည် အမျိုးသားညီညွတ်ရေးအစိုးရ၏ အမြင့်ဆုံး အသိအမှတ်ထား ဂုဏ်ပြုချီးမြှင့်မှုဖြစ်ပြီး အောက်ပါ ဘွဲ့၊ ဆုနှင့်တံဆိပ် (၅)မျိုးကို ချီးမြှင့်ပေးအပ်ခဲ့ပါသည်။
(၁) ပြည်သူ့တော်လှန်ရေး ဂုဏ်ဆောင်ဘွဲ့ (Honor of People’s Revolution- HPR)
(၂) ပြည်သူ့တော်လှန်ရေး သူရဲကောင်းဘွဲ့ (Legend of People’s Revolution-LPR)
(၃) ပြည်သူ့ဇာနည်ဆု (People’s Medal for Noble Service-PMNS)
(၄) ပြည်သူ့သားကောင်းဆု (People’s Medal for Loyal Service-PMLS)
(၅) တော်လှန်ရေးအမှုထမ်းကောင်းတံဆိပ် (Badge of Revolutionary Service – BRS)
ပြည်သူ့တော်လှန်ရေးဂုဏ်ဆောင်ဘွဲ့ (HPR) ချီးမြှင့်ခံရသူ (၁) ဦး၊ ပြည်သူ့တော်လှန်ရေး သူရဲကောင်းဘွဲ့ (LPR) ချီးမြှင့်ခံရသူ (၂၁) ဦး၊ ပြည်သူ့ဇာနည်ဆု (PMNS) ချီးမြှင့်ခံရသူ (၁၆၄၇) ဦး၊ ပြည်သူ့သားကောင်းဆု (PMLS) ချီးမြှင့်ခံရသူ (၈၁) ဦး၊ တော်လှန်ရေးအမှုထမ်းကောင်းတံဆိပ် (BRS) ချီးမြှင့်ခံရသူ (၄၂) ဦး စုစုပေါင်း ဘွဲ့ နှင့် ဆုတံဆိပ်ချီးမြှင့်ဂုဏ်ပြုခံရသူ (၁၇၉၂) ဦး ရှိပါသည်။
ဤဘွဲ့၊ ဆု နှင့် တံဆိပ်ချီးမြှင့်ရေး လုပ်ငန်းစဉ်တွင် ပထမအဆင့်အဖြစ် အဆိုပြုလွှာများကို ကွပ်ကဲမှု အဆင့်အလိုက် စိစစ်တင်ပြခဲ့ပါသည်။ ဒုတိယအဆင့်အဖြစ် ကာကွယ်ရေးဝန်ကြီးဌာန အတွင်း ကနဦး စိစစ်ရွေးချယ်မှုကို ဆောင်ရွက်ခဲ့ပါသည်။ တတိယအဆင့်အဖြစ် အမျိုးသားညီညွတ် ရေးအစိုးရ “စစ်ဘက်ဆိုင်ရာသူရဲကောင်းဘွဲ့၊ဆု၊တံဆိပ်စိစစ်ရွေးချယ်ရေးကော်မတီ” က ကာကွယ်ရေးဝန်ကြီးဌာန၏ ကနဦး စိစစ်ရွေးချယ်မှုအပေါ် ထပ်ဆင့်စိစစ်၍ အတည်ပြုရွေးချယ် ချီးမြှင့်ခဲ့ခြင်း ဖြစ်ပါသည်။
အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် စစ်ဘက်ဆိုင်ရာ သူရဲကောင်းဘွဲ့၊ ဆုနှင့် တံဆိပ် ချီးမြှင့်ခြင်းအစီအစဉ်ကို နှစ်အလိုက် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း အသိပေးထုတ်ပြန်အပ်ပါသည်။
မှတ်ချက်။ ၂၀၂၆ ခုနှစ် စစ်ဘက်ဆိုင်ရာ သူရဲကောင်းဘွဲ့၊ ဆုနှင့် တံဆိပ်ချီးမြှင့်အပ်နှင်းခံရသူ စာရင်း ကို ဆက်လက်ထုတ်ပြန်သွားမည်ဖြစ်ပါသည်။
အမျိုးသားညီညွတ်ရေးအစိုးရ
Scroll to Top