၂၀၂၆ ခုနှစ်၊ ဇွန်လ (၁၉) ရက်
ယနေ့ ၂၀၂၆ ခုနှစ်၊ ဇွန်လ (၁၉) ရက်နေ့သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ အမျိုးသားညီညွတ်ရေးအစိုးရ၏ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ ပြည်သူတရပ်လုံးက လေးစား ချစ်ခင်ရသည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အသက် (၈၁) နှစ်ပြည့်မြောက်သည့် မွေးနေ့မင်္ဂလာရက်မြတ် ဖြစ်ပါသည်။ ဤထူးမြတ်လှသော အခါသမယတွင် မွေးနေ့ရှင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်တကွ မွေးနေ့ရှင်အား နည်းလမ်းပေါင်းစုံဖြင့် မွေးနေ့ဆုတောင်းမေတ္တာ ပို့သပေးနေကြသော မြန်မာနိုင်ငံတဝှမ်းနှင့် ကမ္ဘာတဝှမ်းရှိ မြန်မာနိုင်ငံသူ၊ နိုင်ငံသားများ၊ ကမ္ဘာသူ၊ ကမ္ဘာသားများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ၍ ဘေးကင်းရန်ကွာရှိကြပါစေကြောင်း ဦးစွာ ဆုတောင်းမေတ္တာပို့သအပ်ပါသည်။
လူထုခေါင်းဆောင်၏ ယနေ့ကျရောက်သော မွေးနေ့ရက်မြတ်သည် သာမန်မွေးနေ့ပွဲ သက်သက်မျှမဟုတ်ဘဲ စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းစေရန် ပြည်သူ့ဆန္ဒဖြင့် ပေါ်ပေါက် လာသော မြန်မာ့နွေဦးတော်လှန်ရေး၏ မဆုတ်မနစ်သော ခိုင်မာသည့် စိတ်ဓာတ်ကိုလည်းကောင်း၊ အကြမ်းဖက်စစ်အုပ်စု၏ မတရားဖမ်းဆီးထိန်းသိမ်းခြင်း ခံထားရသည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် နှင့်တကွ နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ အမြန်ဆုံးလွတ်မြောက်ရေးအတွက် ပြည်သူ တရပ်လုံး၏ ပြင်းပြသော ဆန္ဒအဟုန်ကိုလည်းကောင်း ကမ္ဘာ့မျက်နှာစာသို့ ထင်ဟပ်ပြသသည့် သမိုင်းဝင် နေ့တစ်နေ့လည်း ဖြစ်ပါသည်။
အာဏာရှင်အဆက်ဆက်၏ အသက်အန္တရာယ် ခြိမ်းခြောက်မှုအပါအဝင် အနုနည်း၊ အကြမ်းနည်းဖြင့် ဖိနှိပ်ချုပ်ချယ်မှုအမျိုးမျိုးကို မတုန်မလှုပ် ကြံ့ကြံ့ခံခဲ့သော ဒေါ်အောင်ဆန်းစုကြည် ၏ ရဲစွမ်းသတ္တိနှင့် ဖြောင့်မတ်တည်ကြည်မှုများကြောင့် ၂၀၁၂ ခုနှစ်၊ ၂၀၁၅ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲများတွင် ပြည်သူလူထု၏ ယုံကြည်ထောက်ခံမှုကို အပြည့်အဝ ရရှိခဲ့ပြီး၊ ယင်းယုံကြည်မှုသည် ယနေ့တိုင် အားကောင်းရှင်သန်နေဆဲ ဖြစ်ပါသည်။ လူထုခေါင်းဆောင်၏ မဆုတ်မနစ်သော ဇွဲလုံ့လ၊ ပြည်သူ့အပေါ်ထားရှိသည့် သစ္စာတရားနှင့် ခိုင်မာသော နိုင်ငံရေး ခံယူချက်များသည် ယနေ့ နွေဦးတော်လှန်ရေးတွင် ပါဝင်ဆင်နွှဲနေကြသော ပြည်သူတရပ်လုံးအတွက် အစဉ်အမြဲ လေးစား ဂုဏ်ယူဖွယ်ရာ “စံပြမီးရှူးတန်ဆောင်” နှင့် ကြီးမားသော စိတ်ခွန်အားတစ်ရပ် ဖြစ်ပါသည်။ အမှန်တရားအတွက် တိုက်ပွဲဝင်နေကြသည့် ပြည်သူများနှင့် အမြဲအတူရှိသည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် လက်ရှိ ပြည်သူ့နွေဦးတော်လှန်ရေးကြီးနှင့်လည်း ထပ်တူထပ်မျှ ရပ်တည်လျက်ရှိသည်ဟု ခိုင်ခိုင်မာမာ ယုံကြည်ပါသည်။
လက်ရှိအချိန်တွင် အကြမ်းဖက်စစ်အုပ်စုသည် လူထုခေါင်းဆောင်၏ ကျန်းမာရေးနှင့် လက်ရှိ အခြေအနေမှန်ကို ပြည်သူလူထုနှင့် နိုင်ငံတကာသို့ ပွင့်လင်းမြင်သာမှုကင်းမဲ့စွာ ဖုံးကွယ်ထားကာ၊ နိုင်ငံတကာကိုယ်စားလှယ်အသီးသီးကိုလည်း လူထုခေါင်းဆောင်နှင့် တွေ့ဆုံခွင့် မပြုဘဲ ပိတ်ပင်ထားပြီး လူထုခေါင်းဆောင်နှင့် တော်လှန်ရေးကြီးကို သပ်လျှိုခွဲထုတ်ရန် နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းလျက် ရှိပါသည်။ စစ်အုပ်စုက ဝါဒဖြန့်နေသကဲ့သို့ တရားဥပဒေနှင့်အညီ “နေအိမ်အကျယ်ချုပ်” ချထားခြင်းမျိုး လုံးဝမဟုတ်ဘဲ၊ လက်တွေ့တွင် အခြေခံလူ့အခွင့်အရေးများ ကင်းမဲ့ပြီး အလုံးစုံ သတင်းအမှောင်ချထားသည့် နေရာတစ်ခုတွင် ဥပဒေမဲ့ သီးခြားခွဲထုတ်ပိတ်လှောင်ထားခြင်းမှာ လူ့ဂုဏ်သိက္ခာကို ပြင်းထန်စွာ ချိုးဖောက်ခြင်းဖြစ်ပြီး၊ နိုင်ငံရေးအရ ဓားစာခံပြုလုပ်ကာ အကျပ်ကိုင်ရန် ကြိုးပမ်းခြင်း (Political Hostaging) သာ ဖြစ်ပါသည်။
ထို့ကြောင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ သားငယ် ကိုထိန်လင်း နှင့်အတူ ပြည်တွင်း ပြည်ပရှိ ပြည်သူလူထုတရပ်လုံးက တစ်ခဲနက် ပါဝင်တောင်းဆိုနေကြသော “အသက်ထင်ရှား ရှိကြောင်း သက်သေပြရေး” (Proof of Life Campaign) လှုပ်ရှားမှုသည် ခေါင်းဆောင်တစ်ဦး၏ ဘေးကင်းလုံခြုံမှုအတွက် စိုးရိမ်ပူပန်ရုံမျှမကဘဲ တရားမျှတမှုကို လိုလားသည့် လူထု၏ အခြေခံ အရပ်ဘက်နှင့် နိုင်ငံရေးအခွင့်အရေးဆိုင်ရာ တောင်းဆိုချက် ဖြစ်သဖြင့် အပြည့်အဝ ထောက်ခံအပ် ပါသည်။ ကျွန်ုပ်တို့၏ မမှိတ်မသုန်သော ရပ်တည်ချက်မှာ ပြစ်ဒဏ်လျှော့ပေါ့ရေးဟူသော လှည့်ကွက် မဟုတ်ဘဲ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် အပါအဝင် မတရားဖမ်းဆီးခံထားရသော နိုင်ငံရေး အကျဉ်းသားအားလုံး “ခြွင်းချက်မရှိ ချက်ချင်း အပြည့်အဝလွတ်မြောက်ရေး” သာ ဖြစ်ပါသည်။
အသက် (၈၁) နှစ်ပြည့် မွေးနေ့မှစ၍ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဘေးဘယာဝေးကွာ၍ သက်တော်ရာကျော်တိုင် ကျန်းမာရွှင်လန်းစွာဖြင့် မိဘပြည်သူများနှင့်အတူ လွတ်လပ်မှု၊ တရားမျှတမှု အသီးအပွင့်များကို အတူတကွ ခံစားစံစားနိုင်ပါစေကြောင်းနှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရားဖမ်းဆီးခံ နိုင်ငံရေးအကျဉ်းသားများအားလုံး ဘေးကင်း ကျန်းမာစွာဖြင့် အမြန်ဆုံး လွတ်မြောက်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက် ဤသဝဏ်လွှာကို ပေးပို့အပ်ပါသည်။
မန်းဝင်းခိုင်သန်း
ပြည်ထောင်စုဝန်ကြီးချုပ်
National Unity Government