၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၇) ရက်
ယနေ့သည် မြန်မာ့နိုင်ငံရေးသမိုင်းတွင် စစ်အာဏာရှင်တို့၏ ရက်စက်မှုကြောင့် ကျောင်းသား လူငယ်၊ သူရဲကောင်းများ သွေးမြေခခဲ့ရသည့် သမိုင်းဝင် “ဆဲဗင်းဂျူလိုင် ကျောင်းသားအရေးတော်ပုံ” (၆၄) နှစ်မြောက် ဝမ်းနည်းအောက်မေ့ဖွယ် အမှတ်တရနေ့ ဖြစ်ပါသည်။ ဤသမိုင်းဝင်နေ့တွင် ခေတ်အဆက်ဆက် အာဏာရှင်စနစ် တိုက်ဖျက်ရေးနှင့် မြန်မာ့ဒီမိုကရေစီရေးအတွက် အသက်၊ သွေး၊ ချွေး စတေး ပေးဆပ်ခဲ့ကြသည့် ကျောင်းသား လူငယ် အာဇာနည်သူရဲကောင်းအပေါင်းတို့အား အမျိုးသားညီညွတ်ရေးအစိုးရက အလေး အမြတ် ဦးညွှတ် ဂါရဝပြုအပ်ပါသည်။
လွန်ခဲ့သော ၁၉၆၂ ခုနှစ်၊ မတ်လ (၂) ရက်နေ့တွင် စစ်အာဏာရှင်ဗိုလ်နေဝင်း ဦးဆောင်သော စစ်အုပ်စုသည် နိုင်ငံတော်အာဏာကို လက်နက်အားကိုးဖြင့် မတရား လုယူခဲ့ရုံမျှသာမက၊ တက္ကသိုလ် အက်ဥပဒေကို ဖျက်သိမ်းခြင်းနှင့် ဖိနှိပ်ချုပ်ချယ်သည့် ကျောင်းဆောင်စည်းကမ်းများ ထုတ်ပြန်ခြင်းတို့ဖြင့် ကျောင်းသားလူငယ်များ၏ လွတ်လပ်ခွင့် ကို ပြင်းထန်စွာ ဖိနှိပ်ခဲ့ပါသည်။ ၁၉၆၂ ခုနှစ်၊ ဇူလိုင်လ (၇) ရက်နေ့တွင် ထိုမတရားမှုများကို ရဲဝံ့စွာ ဆန့်ကျင်ဆန္ဒပြခဲ့ကြသည့် အပြစ်မဲ့ ကျောင်းသား လူငယ် ရာနှင့်ချီ၍ ရက်စက်စွာ ပစ်ခတ်သတ်ဖြတ်ခံခဲ့ရရုံမျှသာမက၊ ဇူလိုင်လ (၈) ရက်နေ့ အရုဏ်တက်ချိန်တွင် မြန်မာ့ လွတ်လပ်ရေးနှင့် ကျောင်းသားနိုင်ငံရေးလှုပ်ရှားမှုများ၏ သမိုင်းဝင် အထိမ်းအမှတ်သင်္ကေတ ဖြစ်သော ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဆောက်အအုံကြီးကိုပါ ဒိုင်းနမိုက်များဖြင့် ဗုံးခွဲဖျက်ဆီးခဲ့ကြပါသည်။
စစ်အာဏာရှင်တို့သည် အုတ်၊ သဲတို့ဖြင့် တည်ဆောက်ထားသော သမဂ္ဂအဆောက်အအုံ ကိုသာ ဖြိုဖျက်နိုင်ခဲ့ပြီး ကျောင်းသားထု၏ ရင်ထဲက အမှန်တရားနှင့် မတရားမှုကို ဆန့်ကျင်လိုသည့် တော်လှန်ရေးစိတ်ဓာတ်ကိုမူ ဖြိုချ၍ မရခဲ့ဘဲ ပိုမိုခိုင်မာလာခဲ့သည်မှာ ယနေ့နွေဦးတော်လှန်ရေးက သက်သေပြလျက် ရှိပါသည်။
ယနေ့ ဆင်နွှဲလျက်ရှိသော ပြည်သူ့နွေဦးတော်လှန်ရေးသည် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော စစ်အုပ်စုက ပြည်သူ့အာဏာကို အဓမ္မ လုယူကာ ပြည်သူတရပ်လုံးအပေါ် အဆိုးဝါးဆုံးသော အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်လျက် ရှိသောကြောင့် ပေါ်ပေါက်လာသော တော်လှန်ရေးကြီးဖြစ်ပေသည်။ ဤတော်လှန်ရေးကြီးတွင် ကျောင်းသားသမဂ္ဂ မျိုးဆက် အသီးသီးအပါအဝင် ကျောင်းသား လူငယ်များသည် စာသင်ခန်းများ၊ တက္ကသိုလ်နယ်မြေများကို စွန့်ခွာ၍ ကျရာတာဝန်များကို ပြည်သူလူထုနှင့်အတူ ရှေ့တန်းမှ မားမားမတ်မတ် ရပ်တည်ကာ ဆဲဗင်းဂျူလိုင်က ပေးအပ်ခဲ့သော မပြီးဆုံးသေးသည့် သမိုင်းပေးတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်လျက် ရှိနေကြသည်ကိုလည်း ဂုဏ်ယူလေးစားဖွယ် တွေ့မြင်နေပြီးဖြစ်ပါသည်။
ကျောင်းသားလူငယ်များသည် တိုင်းပြည်၏ အရေးအကြီးဆုံးသော အရင်းအမြစ်များ ဖြစ်သကဲ့သို့ အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်တွင် တိုင်းပြည်၏တာဝန်များကို ပခုံးပြောင်းထမ်းဆောင်ကြမည့် မျိုးဆက်သစ် လူငယ်ခေါင်းဆောင်များ ဖြစ်သည့်အတွက် လူငယ်တို့၏ အခန်းကဏ္ဍသည် အထူးအရေးပါလှပါသည်။ ယနေ့ နွေဦးတော်လှန်ရေးတွင်လည်း မျိုးဆက်သစ် ကျောင်းသား လူငယ်များ၏ စုစည်းညီညွတ်မှု၊ ဆန်းသစ် တီထွင်နိုင်စွမ်းနှင့် မဟာမိတ် တိုင်းရင်းသား တော်လှန်ရေးအင်အားစုများနှင့် ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက် နိုင်မှုတို့ကြောင့် ရက်စက် ကြမ်းကြုတ်သော စစ်အာဏာရှင်ယန္တရားသည် တဖြည်းဖြည်း ယိုယွင်းပျက်စီးလာနေပြီ ဖြစ်ပါသည်။
အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် မတရား ဖမ်းဆီးချုပ်နှောင်ခံထားရသော ကျောင်းသား လူငယ်ခေါင်းဆောင်များနှင့် နိုင်ငံရေးအကျဉ်းသားများ အမြန်ဆုံးလွတ်မြောက် ရေး၊ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု ဖော်ဆောင်၍ ကျူးလွန်သူများကို တရား ဥပဒေနှင့်အညီ အရေးယူနိုင်ရေးတို့အတွက် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ခိုင်မာစွာ ကတိသစ္စာပြုအပ်ပါသည်။
တိုင်းရင်းသားပြည်သူတရပ်လုံးနှင့် ကျောင်းသားလူငယ် အပေါင်းတို့အနေဖြင့် ဆဲဗင်း ဂျူလိုင်၏ ရဲရင့်သော တော်လှန်ရေးစိတ်ဓာတ်ကို မဏ္ဍိုင်ပြုလျက်၊ စည်းလုံးညီညွတ်မှုကို ခိုင်မာစွာ တည်ဆောက်ကာ အာဏာရှင်စနစ်မှန်သမျှ အပြီးတိုင်ချုပ်ငြိမ်းပြီး လူ့အခွင့်အရေး၊ တန်းတူညီမျှမှုနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ကို အခြေခံသော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီး ပေါ်ထွန်းလာသည်အထိ မဆုတ်မနစ်သော ဇွဲ၊ လုံ့လတို့ဖြင့် ဆက်လက် ချီတက်ကြပါစို့ဟု တိုက်တွန်း နှိုးဆော်ရင်း ဤသဝဏ်လွှာကို ပေးပို့အပ်ပါသည်။
National Unity Government