၂၀၂၆၊ ဩဂုတ်လတလအတွင်း စစ်အုပ်စုဟာ မြန်မာနိုင်ငံဒေသ အသီးသီးမှာ အရပ်သားပြည်သူတွေအပေါ် စစ်ရာဇဝတ်မှုပေါင်းများစွာကို စနစ်တကျ ပြင်းပြင်းထန်ထန် ကျူးလွန်ခဲ့ပြီး စုစုပေါင်း လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်စဉ် (၅၂၈) မှု ကျူးလွန်ခဲ့တာကို မှတ်တမ်းကောက်ယူထားရှိနိုင်ခဲ့ပါတယ်။
တရားလက်လွတ်သတ်ဖြတ်မှု၊ အတင်းအဓမ္မဖမ်းဆီးမှု နဲ့ ကိုယ်ပိုင်ပစ္စည်းများဖျက်ဆိးခံရခြင်း တို့ အပါအဝင် ချိုးဖောက်မှုပေါင်းများစွာ ကျူးလွန်ခဲ့ပြီး မန္တလေးဒေသဟာ (၁၁၀) မှုနဲ့ အများဆုံး ချိုးဖောက်ခံခဲ့ရပါတယ်။
အကြမ်းဖက်စစ်အုပ်စုကျူးလွန်တဲ့ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုဖြစ်စဉ်တွေဟာ ဒေသ (၄) ခုမှာ (၈) မှု ဖြစ်ပွားခဲ့ပြီး ပြည်သူ ၆၈ ဦး သေဆုံးခဲ့ရပါတယ်။ အဲဒီအထဲမှာ အသက် ၁၈ နှစ်အောက် ကလေးငယ် ၇ ဦး ပါဝင်ခဲ့ပါတယ်။
ဒါ့အပြင် ဒေသ (၁၃) ခုမှာလည်း လေကြောင်းတိုက်ခိုက်မှု အကြိမ်ပေါင်း ၅၃၀ အထိ ပြင်းပြင်းထန်ထန် တိုက်ခိုက်ခံခဲ့ရပြီး စစ်ကိုင်းဒေသဟာ အဆိုးရွားဆုံး ခံခဲ့ရပါတယ်။ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ပြည်သူ ၁၃၉ ဦး သေဆုံးခဲ့ရပြီး ကလေးငယ် ၁၈ ဦး ပါဝင်ခဲ့ပါတယ်။
လေကြောင်းဗုံးကြဲမှုတွေကြောင့် အရပ်သားနေအိမ် ၁၂၆ လုံး၊ ဘာသာရေးအဆောက်အအုံ ၁၇ ခု၊ စာသင်ကျောင်း ၁၀ ကျောင်းနဲ့ ဆေးဘက်ဆိုင်ရာအဆောက်အအုံ ၄ ခု ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ အနေနဲ့ စစ်အုပ်စုရဲ့ စစ်ရာဇဝတ်မှု အထောက်အထားတွေကို စနစ်တကျ မှတ်တမ်းတင်ထားကာ ပြည်သူတရပ်လုံး တန်းတူညီမျှမှုရရှိရေး၊ ငြိမ်းချမ်းရေးနှင့်တရားမျှတမှုရရှိရေးတည်းဟူသော ဦးတည်ချက်များကို ခိုင်ခိုင်မာမာလက်ကိုင်ဆွဲထား၍ ကျူးလွန်သူတွေကို ထိုက်တန်တဲ့ ပြစ်ဒဏ်ရရှိပြီး တာဝန်ခံလာစေရေး အစွမ်းကုန်တာဝန်ယူဆောင်ရွက်သွားပါမယ်။



