Press Release
(၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၇ ရက်)
၁။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်မှူးကြီးများအစည်းအဝေး (၂/၂၀၂၆) ကို (၃-၈-၂၀၂၆) ရက်နေ့မှ (၆-၈-၂၀၂၆) ရက်နေ့အထိ (၄) ရက်တာ ကျင်းပ ပြုလုပ်ခဲ့ပါသည်။
၂။ အစည်းအဝေး၌ ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ စစ်ဦးစီးချုပ်၊ ဒုတိယ စစ်ဦးစီးချုပ်နှင့် စစ်ဦးစီးအရာရှိချုပ်တို့က လမ်းညွှန်အဖွင့်အမှာစကားများ ပြောကြားခဲ့ကြပြီး ကာကွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်မှ ဝန်ကြီးဌာန၏ မျှော်မှန်းချက်နှင့် မဟာဗျူဟာများကို လမ်းညွှန်ဆွေးနွေးခဲ့ပါသည်။
၃။ ထို့နောက် အမျိုးသားကာကွယ်ရေးမဟာဗျူဟာနှင့်အညီ တပ်မှူးကြီးများ အစည်းအဝေး (၁/၂၀၂၆) တွင် အတည်ပြုခဲ့သည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ တိုင်းစစ်ဌာန (၁၀)ခု၊ တပ်မ (၁) ခု နှင့် စစ်ရုံးချုပ် စစ်ဆင်ရေး၊ စစ်ရေး၊ စစ်ထောက်၊ စစ်ထောက်လှမ်းရေး၊ ပြည်သူ့လုံခြုံရေးဌာန၊ စစ်ဆင်ရေးရုံးများ၊ စစ်ဥပဒေရုံး နှင့် ပကဖ စစ်ဘက်ရေးရာအရာရှိချုပ်ရုံး အသီးသီးတို့က စာတမ်းများ တင်သွင်း၍ အပြန်အလှန်ဆွေးနွေးခြင်း၊ စစ်ဦးစီးချုပ်၊ ဒုတိယ စစ်ဦးစီးချုပ်၊ စစ်ဦးစီးအရာရှိချုပ်တို့၏ လမ်းညွှန်ချက်ရယူခြင်း နှင့် ရှေ့လုပ်ငန်းစဉ်များ ချမှတ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။

၄။ ရှေ့လုပ်ငန်းစဉ်များချမှတ်ရာတွင် ညီညွတ်ရေးမူ (၃)ရပ် နှင့်အညီ ဖက်ဒရယ်ဒီမိုကရေစီ
ပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) ၏ စစ်မဟာဗျူဟာ ပေါင်းစပ်ညှိနှိုင်းရေးနှင့် ကွပ်ကဲရေးကော်မတီတွင် မဟာဗျူဟာကျကျ ပါဝင်ဆောင်ရွက်နိုင်ရေးနှင့် စစ်ဒေသအသီးသီးတွင် သက်ဆိုင်ရာ မဟာမိတ် တိုင်းရင်းသားတော်လှန်ရေး အင်အားစုများအားလုံးနှင့် လက်တွဲ၍ “ပြည်သူ့ခုခံတွန်းလှန်စစ်”မှသည် “မဟာဗျူဟာထိုးစစ်”သို့ တက်လှမ်းနိုင်ရေး ဦးတည်ပြင်ဆင် ဆောင်ရွက် သွားကြရန် လုပ်ငန်းစဉ်များ ချမှတ်ခဲ့ကြခြင်းလည်း ဖြစ်ပါသည်။
၅။ အစည်းအဝေး စတုတ္ထနေ့၌ အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း တို့ အမှူးပြုသည့် ပြည်သူ့လုံခြုံရေးနှင့် ကာကွယ်ရေးကောင်စီ (လုံ/ကာ) အဖွဲ့ဝင်များ တက်ရောက်ကြပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်မှူးကြီးများက စစ်ဓလေ့ထုံးတမ်းနှင့်အညီ အလေးပြုကြ၍ ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ ရှေ့လုပ်ငန်းစဥ်များ တင်ပြကာ နိုင်ငံရေးဦးဆောင်မှု နှင့်လမ်းညွှန်မှုတို့ကို ခံယူခဲ့ပါသည်။
၆။ ထို့နောက် အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ၊ ပြည်ထောင်စုဝန်ကြီးချုပ် နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်စစ်ဦးစီးချုပ်တို့က နိဂုံးချုပ် အမှာစကား ပြောကြားကာ တပ်မှူးကြီးများအစည်းအဝေး (၂/၂၀၂၆) ကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သတင်း ထုတ်ပြန်အပ်ပါသည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်
Ministry of Defence
National Unity Government