နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံသို့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ၏ သွားရောက်တွေ့ဆုံမှုနှင့်ပတ်သက်သည့် ထုတ်ပြန်ချက်

၂၀၂၆ ခုနှစ်၊ သြဂုတ်လ (၄) ရက်
၁။ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ထံသို့ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) က ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၃ ရက်နေ့တွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ခေါင်းစဥ်ဖြင့် သီးသန့် သွားရောက်တွေ့ဆုံခဲ့မှုကို လှိုက်လှဲစွာ ကြိုဆိုအပ်ပါသည်။ ဤတွေ့ဆုံမှုသည် နှစ်ပေါင်းများစွာ အဆက်အသွယ်ဖြတ်တောက်ခံရပြီး မတရား ဖမ်းဆီးထိန်းသိမ်းခံထားရသည့် နိုင်ငံ့ခေါင်းဆောင် သက်ရှိထင်ရှားရှိနေသေးကြောင်းကို သိရှိစေခဲ့ပြီး၊ စိုးရိမ်ပူပန်နေကြသည့် ပြည်သူလူထုတရပ်လုံးအတွက် အတိုင်းအတာတစ်ခုအထိ စိတ်သက်သာရာရ ဝမ်းမြောက်အားရစရာ ဖြစ်စေခဲ့ပါသည်။
၂။ ဤလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဝင်ရောက်တွေ့ဆုံခွင့်ရရှိမှုသည် အာဏာသိမ်း စစ်အုပ်စု၏ စေတနာကောင်းဖြင့် လုပ်ဆောင်ခြင်း တစ်စုံတစ်ရာ မဟုတ်ဘဲ စဉ်ဆက်မပြတ်သော နိုင်ငံတကာ၏ ဖိအားပေးမှုများနှင့်အတူ မြန်မာပြည်သူများနှင့် ကမ္ဘာတစ်ဝန်းရှိ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများ၏ မဆုတ်မနစ် ကြိုးပမ်းတောင်းဆိုခဲ့မှုတို့၏ ရလဒ်ပင် ဖြစ်ပါသည်။ ယခု တွေ့ဆုံမှုသည် အပြုသဘောဆောင်သည့် လူသားချင်းစာနာမှုဆိုင်ရာ အဆင့်တစ်ရပ် ဖြစ်သော်လည်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေး၊ ချုပ်နှောင်ထားရှိသည့် အခြေအနေများ နှင့် အခြေခံအခွင့်အရေးများအပေါ် ဆက်လက်ရှိနေသည့် ကြီးမားသော စိုးရိမ်ပူပန်မှုများကို လျော့ပါး စေခြင်း မရှိပါ။
၃။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေးအကျဉ်းသားများ အားလုံးကို ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးရေးနေရာတွင် ဤတစ်ကြိမ်တည်းသော လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ တွေ့ဆုံမှုက မည်သို့မျှ အစားထိုးနိုင်မည်မဟုတ်ကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရက ခိုင်မာစွာ ထပ်လောင်းဖော်ပြအပ်ပါသည်။ ထို့အပြင် ဤတွေ့ဆုံမှုသည် အာဏာသိမ်းစစ်အုပ်စုအတွက် တရားဝင်မှု ရရှိစေရန် အသုံးချခြင်း၊ ၎င်းတို့ ကျူးလွန်ထားသည့် ကြီးလေးသော နိုင်ငံတကာဥပဒေ ချိုးဖောက်မှုများကို ဖုံးကွယ်ပေးခြင်း (သို့မဟုတ်) မြန်မာ့နိုင်ငံရေး အကျပ်အတည်းအတွက် စစ်မှန်သော နိုင်ငံရေးနည်းလမ်းဖြင့် အဖြေရှာရမည့် အရေးကိစ္စများကို အစားထိုးလှည့်စားခြင်းတို့အတွက် လုံးဝ အသုံးချခွင့် မပြုသင့်ကြောင်း အလေးအနက် ဖော်ပြအပ် ပါသည်။
၄။ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂ၊ အာဆီယံ၊ နိုင်ငံတကာ အသိုင်းအဝန်း၊ အိမ်နီးချင်းနိုင်ငံများနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဝင်ရောက်ခွင့်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် စဉ်ဆက်မပြတ် တောင်းဆိုခဲ့ကြသူများ အားလုံးကို ရိုးသားစွာ ကျေးဇူးတင်ရှိကြောင်း ဖော်ပြအပ်ပါသည်။
၅။ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ လွတ်မြောက်လာရေး၊ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချုပ်ငြိမ်းရေး၊ တရားမျှတမှု ရရှိရေးနှင့် မြန်မာပြည်သူတရပ်လုံး လိုလားတောင့်တလျက် ရှိသည့် စစ်မှန်သော ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီး ပေါ်ထွန်းလာရေးတို့အတွက် မဟာမိတ် တော်လှန်ရေးအင်အားစုများ၊ နိုင်ငံတကာအသိုင်းအဝိုင်းများနှင့်အတူ လက်တွဲ၍ ပြည်သူ့ တော်လှန်ရေး အောင်မြင်သည်အထိ ဆက်လက် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း လေးနက်စွာ သဘောထား ထုတ်ပြန်အပ်ပါသည်။
အမျိုးသားညီညွတ်ရေးအစိုးရ
Scroll to Top