၂၈ ဇူလိုင် ၂၀၂၆
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီသည် ကမ္ဘာတဝှမ်းရှိ နိုင်ငံတကာရောက် မြန်မာများ နှင့် ဇူလိုင်လ (၂၅) ရက်နေ့တွင် ကမ္ဘာ့အရှေ့ခြမ်း၊ ဇူလိုင်လ (၂၆) ရက်နေ့တွင် ကမ္ဘာ့အနောက်ခြမ်း (၂) ကြိမ်တွေ့ဆုံခဲ့ပြီး SCEF ပေါ်ပေါက်လာပုံ၊ ရည်ရွယ်ချက်၊ ဆောင်ရွက်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြခြင်း၊ အပြန်အလှန်ဆွေးနွေးခြင်း၊ အကြံပြုဉာဏ်များရယူခြင်းတို့ကို ပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးတွင် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ မဟာဗျူဟာနှင့် မူဝါဒရေးရာဦးဆောင်အဖွဲ့ဝင်များဖြစ်ကြသော ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း၊ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလတို့က အဖွင့်အမှာစကားများပြောကြားခဲ့ကြပြီး SCEF ညှိနှိုင်းရေးမှူး ဒေါက်တာဇော်ဝေစိုးနှင့် တွဲဘက်ညှိနှိုင်းရေးမှူး Salai Ram Kuhl Cùng တို့က SCEF နှင့်ပတ်သက်သော အကြောင်းအရာများကို ရှင်းလင်းတင်ပြခဲ့ကြပါသည်။

ထို့နောက် တက်ရောက်လာကြသော နိုင်ငံတကာရောက် မြန်မာများက သိရှိလိုသည်များမေးမြန်းခြင်း၊ ပြန်လည်ဆွေးနွေးခြင်းနှင့် အကြံပြုဆွေးနွေးခြင်းတို့ကိုပြုလုပ်ခဲ့ကြပြီး SCEF မှ တာဝန်ရှိသူများက မေးခွန်းများကို ပြန်လည်ဖြေကြားခြင်း၊ အကြံဉာဏ်များအား လက်ခံမှတ်သားခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပါသည်။
ထို့နောက် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) မဟာဗျူဟာနှင့် မူဝါဒရေးရာဦးဆောင်အဖွဲ့ဝင်များဖြစ်ကြသော ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် တို့က နိဂုံးချုပ်စကားများပြောကြားခဲ့ကြပြီး အစည်းအဝေးများကို အောင်မြင်စွာ အဆုံးသတ်ခဲ့ကြပါသည်။