၂၀၂၆ ခုနှစ်၊ ဩဂုတ် ၁၉ ရက်
အမျိုးသားညီညွတ်ရေးအစိုးရ၏ လူသားချင်းစာနာကူညီရေးနှင့် ဘေးအန္တရာယ်တုံ့ပြန်ရေးကော်မရှင် အစည်းအဝေးကို ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၇ ရက်နေ့တွင် အွန်လိုင်းမှတစ်ဆင့် ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါ အစည်းအဝေးကို စစ်ကိုင်းဖက်ဒရယ်ယူနစ်အတွင်း ဖြစ်ပွားနေသော ရေကြီးရေလျှံမှုများနှင့် အကြမ်းဖက်စစ်အုပ်စု၏ စစ်ဆင်ရေးများကြောင့် ဘေးဒုက္ခရောက်နေရသည့် ပြည်သူများအား အရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ပိုမိုချိတ်ဆက်၍ ထိရောက်စွာ ဆောင်ရွက်နိုင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ပါသည်။
ကော်မရှင်ဥက္ကဋ္ဌ၊ ယာယီသမ္မတကြီးက ရေဘေးအရေးပေါ်တုံ့ပြန်ဆောင်ရွက်မှုများကို အမြန်ဆုံးလုပ်ဆောင်ရန်၊ ကဏ္ဍအလိုက် ဆန်းစစ်မှုများ ဆောင်ရွက်ရန်၊ နိုင်ငံတကာအကူအညီရယူနိုင်ရေးအတွက် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ရန်၊ လိုအပ်ချက်ပေါ်မူတည်၍ အကူအညီများကို ပိုမိုပေးအပ်နိုင်ရေး ဆောင်ရွက်ရန်၊ ကျန်းမာရေးနှင့် စိုက်ပျိုးရေးကဏ္ဍ ပြန်လည်ထူထောင်ရေးကို ဦးစားပေးရန်၊ JERC ကို ပိုမိုအားကောင်းစေရေး တိုးချဲ့ဖွဲ့စည်းရန်နှင့် သက်ဆိုင်ရာဝန်ကြီးဌာနများအကြား ပူးပေါင်းညှိနှိုင်းဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ပါသည်။

ထို့နောက် တက်ရောက်လာကြသော ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများက သက်ဆိုင်သည့်ကဏ္ဍအလိုက် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးချုပ်က ကယ်ဆယ်ကူညီရေးနှင့် တုံ့ပြန်ဆောင်ရွက်မှုများကို နိုင်ငံတစ်ဝန်းလုံးသို့ လွှမ်းခြုံရောက်ရှိစေရန်၊ HADR ယန္တရားကို အမြန်ဆုံး ပြန်လည်ပြင်ဆင်ဖွဲ့စည်းရန်၊ ရေဘေးတုံ့ပြန်ရေးအတွက် သက်ဆိုင်သည့် ဝန်ကြီးဌာနများနှင့် ယူနစ်အစိုးရအဖွဲ့များအကြား ပေါင်းစပ်ညှိနှိုင်းလုပ်ဆောင်ကြရန်၊ လက်ရှိဖြစ်ပေါ်နေသော သဘာဝဘေးအန္တရာယ်များသာမက အနာဂတ်တွင် ဖြစ်ပေါ်လာနိုင်သည့် ဘေးအန္တရာယ်များအတွက်ပါ ကြိုတင်ပြင်ဆင်ဆောင်ရွက်ရန်နှင့် ထိခိုက်ခံစားနေရသည့် မည်သည့်ဒေသကိုမျှ မကျန်ရစ်အောင် ဆောင်ရွက်ပေးကြရန် မှာကြားခဲ့ပါသည်။ ဆက်လက်၍ ကော်မရှင်အတွင်းရေးမှူး၊ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာငိုင်းတမ်မောင်းက စစ်ကိုင်းယူနစ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပါသည်။

ဒုတိယဝန်ကြီး၏ တင်ပြချက်များအရ စစ်ကိုင်းယူနစ်အတွင်းရှိ မြို့နယ် (၁၅) ခုထက်မနည်း၌ အိမ်ထောင်စုပေါင်း ၅၄,၅၃၁ စုမှ ပြည်သူ ၂၃၀,၀၀၀ ကျော်သည် ရေဘေးဒဏ်ကို ဆိုးရွားစွာ ခံစားနေရပြီး သေဆုံးသူနှင့် ပျောက်ဆုံးသူ စုစုပေါင်း ၂၄ ဦးအထိ ရှိနေကြောင်းနှင့် ထိခိုက်ဆုံးရှုံးမှုများအနေဖြင့် လူနေအိမ်များ၊ စိုက်ပျိုးမြေများနှင့် သောက်သုံးရေတွင်း၊ ရေကန်များ ပျက်စီးခဲ့ကြောင်း ရှင်းလင်းတင်ပြခဲ့ပါသည်။
အရေးပေါ်တုံ့ပြန်မှုများကို ပိုမိုထိရောက်စွာ ပေါင်းစပ်ညှိနှိုင်းနိုင်ရန် NUG-MoSLHA နှင့် စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလအစိုးရအဖွဲ့ (SFUIG) တို့ ပူးပေါင်း၍ အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေး ပူးပေါင်းကော်မတီ (JERC) ကို ဩဂုတ်လ ၉ ရက်နေ့တွင် ဖွဲ့စည်းခဲ့ပြီးဖြစ်ရာ JERC မှတစ်ဆင့် ကနဦးအနေဖြင့် CSR ရန်ပုံငွေ ကျပ်သိန်း ၁,၀၀၀ အပါအဝင် အရေးပေါ်ရိက္ခာ၊ ဆေးဝါးနှင့် သောက်သုံးရေသန့်များကို မြေပြင်အရောက် ထောက်ပံ့ပေးလျက်ရှိပါသည်။
လက်ရှိမြေပြင်အခြေအနေတွင် သောက်သုံးရေသန့်၊ စားနပ်ရိက္ခာ၊ မိုးကာတဲများနှင့် ဝမ်းပျက်ဝမ်းလျှောနှင့် အရေပြားရောဂါများအတွက် အရေးပေါ်ဆေးဝါးများ အထူးလိုအပ်လျက်ရှိပြီး စစ်ရေးအန္တရာယ်၊ လမ်းကြောင်းပိတ်ဆို့မှုများနှင့် အင်တာနက်၊ ဆက်သွယ်ရေးပြတ်တောက်မှုများကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကြီးမားသော အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း MoSLHA ဘက်မှ ကော်မရှင်သို့ တင်ပြခဲ့ပါသည်။

ရှေ့ဆက်လုပ်ဆောင်မည့် အစီအစဉ်များအဖြစ် NUG-MoSLHA အနေဖြင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အဆင့် (၄) ဆင့်ဖြင့် ရေးဆွဲထားကြောင်း၊ ပထမအဆင့်တွင် JERC ရန်ပုံငွေကို ထပ်မံဖြည့်ဆည်းပြီး ရိက္ခာနှင့် ဆေးဝါးများ အမြန်ဆုံးပေးပို့ရန်၊ ဒုတိယအဆင့်တွင် သောက်သုံးရေကန်များ သန့်စင်ခြင်းနှင့် ကူးစက်ရောဂါကာကွယ်ရေးလုပ်ငန်းများ လုပ်ဆောင်ရန်၊ တတိယအဆင့်တွင် ပျက်စီးသွားသော စိုက်ပျိုးမြေများအတွက် မျိုးစေ့နှင့် စိုက်ပျိုးစရိတ်များ ထောက်ပံ့ပေးရန်နှင့် စတုတ္ထအဆင့်တွင် ပျက်စီးသွားသည့် စစ်ရှောင်နေအိမ်များ ပြန်လည်တည်ဆောက်ခြင်းနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲမှုစနစ်များ ပိုမိုခိုင်မာစေရန် လုပ်ဆောင်သွားမည်ဖြစ်ပါသည်။
ကော်မရှင်အစည်းအဝေးတွင် MoSLHA အနေဖြင့် ရေဘေးသင့်ပြည်သူ ၂ သိန်းကျော်အတွက် အကူအညီများ အရှိန်အဟုန်မြှင့်နိုင်ရန် JERC ပူးပေါင်းရန်ပုံငွေသို့ ဖြည့်စွက်ရန်ပုံငွေ အတည်ပြုပေးရေး၊ အလှူငွေများ လျင်မြန်စွာစီးဆင်းနိုင်ရေးအတွက် ဘဏ္ဍာရေးလမ်းကြောင်းများ ချောမွေ့စေရေးတို့ကို တောင်းဆိုခဲ့ပြီး သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် စစ်ကိုင်းယူနစ် ကြားကာလအစိုးရအဖွဲ့တို့အကြား JERC မှတစ်ဆင့် ပိုမိုချိတ်ဆက်လုပ်ဆောင်နိုင်ရန် လိုအပ်သော ညွှန်ကြားချက်များ ထုတ်ပြန်ပေးရန်လည်း တောင်းဆိုခဲ့ပါသည်။
ဒုတိယဝန်ကြီး၏ တင်ပြချက်များအပေါ် တက်ရောက်လာကြသော ကော်မရှင်အဖွဲ့ဝင်များက ကဏ္ဍအလိုက် အကြံပြုဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြပြီးနောက် ကော်မရှင် ဒုတိယဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ရေဘေးသင့်ပြည်သူများ၏ အသက်ရှင်ရပ်တည်ရေးနှင့် အခြေခံလိုအပ်ချက်များကို ဦးစားပေးဖြည့်ဆည်းနိုင်ရန် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆက်လက်တိုးမြှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။