ဂျီနီဗာ၊ ဇွန် ၁၁၊ ၂၀၂၆
အပြည်ပြည်ဆိုင်ရာ အလုပ်သမားညီလာခံ (ILC) ၏ (၁၁၄) ကြိမ်မြောက် အစည်းအဝေးတွင် မြန်မာနိုင်ငံ၏ အလုပ်သမားအခွင့် အရေးနှင့် လူ့အခွင့်အရေး အခြေအနေများနှင့် ပတ်သက်၍ “မြန်မာနိုင်ငံ ဆိုင်ရာ အထူးအစည်းအဝေး” တစ်ရပ်ကို ကျင်းပခဲ့ပြီး၊ စစ်ကောင်စီ၏ ချိုးဖောက်မှုများ အပေါ် အနီးကပ်စောင့်ကြည့် အရေးယူမည့် ဆုံးဖြတ်ချက်များကို အတည်ပြုချမှတ်ခဲ့သည်။
အဆိုပါ အထူးအစည်းအဝေးတွင် မြန်မာနိုင်ငံက လက်မှတ်ရေးထိုးထားသည့် လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းခွင့်နှင့် စည်းရုံးခွင့်ကာကွယ်ရေးဆိုင်ရာ ကွန်ဗင်းရှင်း (အမှတ် ၈၇) နှင့် အဓမ္မလုပ်အားပေးခိုင်းစေမှုဆိုင်ရာ ကွန်ဗင်းရှင်း အမှတ် ၂၉ တို့ကို စစ်ကောင်စီက လိုက်နာခြင်းမရှိဘဲ ပြင်းထန်စွာ ချိုးဖောက်နေမှုများအပေါ် အဓိကထား ဆွေးနွေးခဲ့ကြသည်။ အထူးသဖြင့် စစ်တပ်က အာဏာသိမ်းပြီး ၅ နှစ်တာကာလအတွင်း အရပ်ဘက်လွတ်လပ်ခွင့်များ ပျက်စီး ယိုယွင်းလာမှု၊ အလုပ်သမားသမဂ္ဂအဖွဲ့ဝင်များနှင့် တက်ကြွလှုပ်ရှားသူများအပေါ် အကြမ်းဖက်ခြင်း၊ မတရားဖမ်းဆီး ညှဉ်းပန်းခြင်းနှင့် ခြိမ်းခြောက်ခြင်းများကို နက်ရှိုင်းစွာ စိုးရိမ်ကြောင်း ဖော်ပြခဲ့ပြီး စစ်ကောင်စီ၏ အထွေထွေရွေးကောက်ပွဲအပေါ်တွင်လည်း စိုးရိမ်ပူပန်မှုများ ရှိကြောင်း မှတ်ချက်ပြုခဲ့ကာ ကလေးများအား အဓမ္မစစ်မှုထမ်းစုဆောင်းခြင်းနှင့် အခြားအဓမ္မလုပ်အားပေးခိုင်းစေမှုပုံစံများ အပါအဝင် စစ်တပ်မှ အဓမ္မလုပ်အားပေးခိုင်းစေမှုများကို ဆက်လက်အသုံးပြုနေခြင်းကို ကော်မတီက ရှုတ်ချခဲ့သည်။


ကော်မတီသည် မြန်မာစစ်တပ်အာဏာပိုင်များအနေဖြင့် စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အကြံပြုချက်များ အပေါ် မည်ကဲ့သို့ အကောင်အထည်ဖော် ဆောင်ရွက်ထားသည်ဟူသော အချက် အလက် အပြည့်အစုံ ကို ၂၀၂၆ ခုနှစ်၊ စက်တင်ဘာ ၂၁ ရက်နေ့ ထက် နောက်မကျစေဘဲ ILO ညွှန်ကြားရေးမှူးချုပ်ထံ တင်ပြရန် တောင်းဆိုထားသည်။
အဆိုပါ တင်ပြချက်များကို လာမည့် ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ တွင် ကျင်းပမည့် (၃၅၈) ကြိမ်မြောက် ILO အုပ်ချုပ်ရေးအဖွဲ့အစည်းအဝေးတွင် တင်ပြဆွေးနွေးသွားမည်ဖြစ်ပြီး ကော်မတီအနေဖြင့် ယခု အထူးအစည်းအဝေး၏ ဆွေးနွေးချက်များနှင့် နိဂုံးချုပ် ဆုံးဖြတ်ချက်များကို ညီလာခံအစီရင်ခံစာ၏ သီးခြားကဏ္ဍတစ်ခုအနေဖြင့် ထုတ်ပြန်ကြေညာသွားမည်ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့သည်။

အလုပ်သမားရေးရာဦးစီးဌာန
လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ