ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ (၃၈)နှစ်မြောက်နေ့ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းပြောကြားသည့် အမှတ်တရစကား

၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၈) ရက်
ဒီကနေ့ ကျင်းပတဲ့ ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ (၃၈) နှစ်မြောက် အခမ်းအနားကို တက်ရောက်လာကြတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတကြီး၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီဥက္ကဋ္ဌနဲ့ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ရွေးကောက်ခံလွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်းရင်းသားမဟာမိတ်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ တော်လှန်ရေးအတွက် ဦးဆောင် ဦးရွက်ပြုနေကြတဲ့ အစုအဖွဲ့အသီးသီးမှ ကိုယ်စားလှယ်များ၊ နိုင်ငံတကာမှ တက်ရောက်လာသူများနဲ့ ပြည်တွင်း ပြည်ပမှ ပြည်သူအပေါင်းကို မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သပါတယ်။
ဒီကနေ့ ကျွန်တော်တို့အားလုံး စုဝေးရောက်ရှိနေကြတာဟာ မြန်မာ့တော်လှန်ရေးသမိုင်းမှာ အရေးပါဆုံး အခန်းကဏ္ဍများထဲက တစ်ခုဖြစ်တဲ့ ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံကို အောက်မေ့ဂုဏ်ပြုဖို့၊ ဒီမိုကရေစီ၊ လွတ်လပ်မှုနဲ့ တရားမျှတမှုအတွက် အသက်ပေးဆပ်ခဲ့ကြသူများကို ဦးညွှတ်အလေးပြုဖို့နဲ့ သူတို့ရဲ့ မပြီးဆုံးသေးတဲ့ အိပ်မက်ကို ဆက်လက် အကောင်အထည်ဖော်ကြဖို့ အတွက် ဖြစ်ပါတယ်။
၁၉၆၂ ခုနှစ်ကတည်းက စတင်ခဲ့တဲ့ စစ်အုပ်ချုပ်ရေးနဲ့ ဗဟိုချုပ်ကိုင်မှုစနစ်ဆိုးကြီးအောက်မှာ ကျွန်တော်တို့ရဲ့ ပြည်သူတွေဟာ အခြေခံလွတ်လပ်ခွင့်မှန်သမျှကို လုံးဝ ဆုံးရှုံးခဲ့ကြရပါတယ်။ နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းလမ်းနဲ့ ငြိမ်းချမ်းစွာ မဖြေရှင်းဘဲ စစ်ရေးနည်းလမ်းတွေနဲ့ပဲ အကြမ်းဖက် ဖြေရှင်းဖို့ ကြိုးပမ်းခဲ့ကြတာကြောင့် နိုင်ငံရဲ့ စီးပွားရေးတွေ ထိုးဆင်းသွားခဲ့ရသလို ပညာရေးနဲ့ ပြည်သူတွေရဲ့ လူမှုဘဝတွေအထိ ဆိုးရွားစွာ ထိခိုက်ပျက်စီးခဲ့ရပါတယ်။ ပြည်သူလူထုရဲ့ အသံကို နည်းလမ်းပေါင်းစုံနဲ့ ပိတ်ပင်ဖိနှိပ်ခဲ့ပေမဲ့ လွတ်လပ်မှုကို မြတ်နိုးတဲ့ ပြည်သူတွေရဲ့ တော်လှန်လိုစိတ်ကိုတော့ စစ်အာဏာရှင်တွေ ဘယ်တော့မှ ပိတ်ပင်လို့ မရခဲ့ပါဘူး။ ရှစ်လေးလုံး အရေးတော်ပုံကို ပြောမယ်ဆိုရင် ၁၉၈၈ ခုနှစ်၊ ဩဂုတ်လ (၈) ရက်တစ်ရက်တည်းကိုသာ ကြည့်ရမှာ မဟုတ်ဘဲ နှစ်ပေါင်းများစွာ ခါးစည်းခံခဲ့ရတဲ့ ဖိနှိပ်မှုတွေ၊ ဒုက္ခဆင်းရဲတွေရဲ့ ပေါက်ကွဲမှုအဖြစ် ပေါ်ထွက်လာခဲ့တဲ့ ၁၉၈၈ ခုနှစ် ပြည်သူ့အရေးတော်ပုံကြီးပဲ ဖြစ်ပါတယ်။
ရှစ်လေးလုံး အရေးတော်ပုံဟာ အာဏာရရှိရေးအတွက် လူတစ်စုရဲ့ လှုပ်ရှားမှု မဟုတ်ဘဲ ပြည်သူလူထုတရပ်လုံးရဲ့ ဂုဏ်သိက္ခာ၊ လွတ်လပ်ခွင့်နဲ့ အနာဂတ်ကို ပြန်လည်ရယူလိုတဲ့ ကြိုးပမ်းမှု ဖြစ်ပါတယ်။ ကျောင်းသားများ၊ သံဃာတော်များ၊ ဆရာ ဆရာမများ၊ အလုပ်သမားများ၊ တောင်သူ လယ်သမားများ၊ အစိုးရဝန်ထမ်းများနှင့် လူငယ်လူရွယ်များ အပါအဝင် လူ့အဖွဲ့အစည်းရဲ့ အလွှာ ပေါင်းစုံဟာ တစ်သံတည်း၊ တစ်စိတ်တည်းနဲ့ ဒီမိုကရေစီကို တောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။ အဲ့ဒီတောင်းဆိုမှုကို အင်အားသုံးနှိမ်နင်းခဲ့ပေမဲ့ သမိုင်းက သက်သေပြခဲ့တာကတော့ “လက်နက်သည် လူ့ခန္ဓာကိုယ်ကိုသာ ထိခိုက်စေနိုင်ပြီး လွတ်လပ်မှုလိုလားသော စိတ်ဓာတ်ကို မဖျက်ဆီးနိုင်ဟူသော အချက်” ဖြစ်ပါတယ်။ ဒါကြောင့် ရှစ်လေးလုံး အရေးတော်ပုံရဲ့ စိတ်ဓာတ်ဟာ ၁၉၉၀ ရွေးကောက်ပွဲမှာ ပြည်သူ့ဆန္ဒအဖြစ် ဆက်လက်ပေါ်ထွက်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနောက် ဒီမိုကရေစီလှုပ်ရှားမှုများ၊ လူ့အခွင့်အရေးလှုပ်ရှားမှုများ၊ တိုင်းရင်းသားများ၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ကြိုးပမ်းမှုများအဖြစ် ဆက်လက်ရှင်သန်ခဲ့ပြီး ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာလည်း ပြည်သူ လူထုက မိမိတို့၏ နိုင်ငံရေးဆန္ဒကို ငြိမ်းချမ်းစွာ ဖော်ပြခဲ့ကြတာဖြစ်ပါတယ်။ ဒါပေမဲ့လည်း ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ပြည်သူ့ဆန္ဒကို ထပ်မံဖျက်ဆီးခံခဲ့ရပါတယ်။
ဒီတစ်ကြိမ်မှာတော့ ပြည်သူလူထုရဲ့ တုံ့ပြန်မှုဟာ ယခင်ကထက် ပိုမိုကျယ်ပြန့်လာခဲ့ပါတယ်။ ၁၉၈၈ ခုနှစ်ရဲ့ စိတ်ဓာတ်ဟာ ၂၀၂၁ ခုနှစ်မှာ ပြန်လည်ရှင်သန်လာခဲ့ပြီး လူငယ်မျိုးဆက်များဟာ ရှေ့က တော်လှန်မျိုးဆက်အသီးသီးရဲ့ အတွေ့အကြုံများကို ဆက်ခံခဲ့ကာ တိုင်းရင်းသားတော်လှန်ရေး အင်အားစုများနဲ့ ပူးပေါင်းကာ ပိုမိုကျယ်ပြန့်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကိုမျှော်မှန်းတဲ့ တော်လှန်ရေးအဖြစ် ဆက်လက် တိုက်ပွဲဝင်နေကြတာဖြစ်ပါတယ်။ ရှစ်လေးလုံး အရေးတော်ပုံက ကျွန်တော်တို့ကို သင်ပေးခဲ့တဲ့ အရေးကြီးဆုံး သင်ခန်းစာဟာ စည်းလုံးညီညွတ်မှု ဖြစ်ပါတယ်။ မတူကွဲပြားမှုများကို အားသာချက်အဖြစ် ပြောင်းလဲနိုင်မှသာ တရားမျှတပြီး ငြိမ်းချမ်းတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။ အခုအချိန်မှာဆိုရင် အကြမ်းဖက်စစ်အုပ်စုဟာ ကျွန်တော်တို့အင်အားစုတွေရဲ့ကြားမှာ ယုံကြည်မှု ပျက်ပြားစေဖို့နဲ့ သံသယနဲ့ သွေးခွဲမှုတွေ ဖြစ်ပေါ်လာစေဖို့ နည်းလမ်းမျိုးစုံးအသုံးပြုနေတယ်ဆိုတာကို ကျွန်တော်တို့ သတိကြီးကြီးထားပြီး ရှုမြင်ဖို့ လိုပါတယ်။ ကျွန်တော်တို့အချင်းချင်းကြား ကျောချင်းကပ် ရင်ချင်းအပ်ထားနိုင်ကာမှ တော်ကာကြမယ့် အချိန်ကာလကြီးတစ်ခုကို ဖြတ်သန်းနေရတာမို့ ယခင်ကထက် တစ်ဦးပေါ်တစ်ဦး ပိုမိုနားလည် ယုံကြည်ကြဖို့ အထူးတိုက်တွန်းလိုပါတယ်။
ယနေ့အချိန်မှာ အကြမ်းဖက်စစ်အုပ်စုဟာ ၎င်းတို့ရဲ့ တရားမဝင်ထူထောင်ထားတဲ့ အုပ်ချုပ်ရေးယန္တရားကို နိုင်ငံတကာအသိအမှတ်ပြုမှု ရရှိရေးအတွက် အပူတပြင်း ကြိုးပမ်းနေတာ ဖြစ်ပါတယ်။ နိုင်ငံတကာရဲ့ တောင်းဆိုချက်တစ်ခုလည်း ဖြစ်တဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ နိုင်ငံရေးအကျဉ်းသားများ အမြန်ဆုံး လွှတ်ပေးဖို့၊ အထူးသံတမန်များနဲ့ တွေ့ဆုံခွင့်ပေးဖို့ တောင်းဆိုနေကြပေမဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကမှ ICRC နဲ့ တွေ့ဆုံခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေကြောင်း သိရှိရပေမဲ့ ဒီတွေ့ဆုံမှုနဲ့ အခင်းအကျင်းတွေကို ကြည့်မယ်ဆိုရင် စစ်အုပ်စုဟာ အကြမ်းဖက်မှုများ ရပ်တန့်ရေးအပါအဝင် အာဆီယံရဲ့ ဘုံသဘောတူညီချက်နဲ့ ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်များကို လိုက်နာဖို့ ဆန္ဒ လုံးဝမရှိသလို နိုင်ငံရဲ့ လက်ရှိ မတည်ငြိမ်တွေကို ဖြေရှင်းလိုစိတ် မရှိဘဲ အာဏာ အကြွင်းမဲ့ ချုပ်ကိုင်နိုင်ရေးအတွက် ဆောင်ရွက်သွားမှာ ဖြစ်တယ်ဆိုတာကို ရှင်းရှင်းလင်းလင်း ပြသနေတာ ဖြစ်ပါတယ်။ ပြည်သူလူထုရဲ့ ဆန္ဒအမှန်များကို မျက်ကွယ်ပြုကာ နေ့စဉ်အကြမ်းဖက် သတ်ဖြတ်နေတဲ့ စစ်ရာဇဝတ်ကောင်ကို နိုင်ငံရေးအရတရားဝင်မှုပေးဖို့ ကြိုးပမ်းမှုတွေဟာ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေတွေကို ပိုမိုဆိုးဝါးစေဖို့ တွန်းပို့နေတယ်ဆိုတာကို သတိပြုကြဖို့ နိုင်ငံတကာ အသိုက်အဝန်းကို အလေးအနက် ပြောကြားလိုပါတယ်။
ရှစ်လေးလုံး အရေးတော်ပုံကို အောက်မေ့ခြင်းဟာ အတိတ်ကိုသာ ဂုဏ်ပြုခြင်း မဟုတ်ဘဲ အနာဂတ်ကို တာဝန်ယူခြင်း ဖြစ်ပါတယ်။ ၁၉၈၈ ခုနှစ်၊ လမ်းမများပေါ်မှာ လွတ်လပ်မှုအတွက် ကြွေးကြော်ခဲ့ကြတဲ့ ပြည်သူများရဲ့အသံ၊ ၂၀၀၇ ခုနှစ်၊ မေတ္တာတရားနဲ့ ရှေ့တန်းက ရပ်တည်ခဲ့ကြတဲ့ သံဃာတော်များရဲ့ သတ္တိနဲ့ ၂၀၂၁ ခုနှစ်ကစလို့ ယနေ့တိုင် တိုက်ပွဲဝင်နေကြတဲ့ ပြည်သူများရဲ့ ယုံကြည်ချက်အားလုံးဟာ မြန်မာပြည်သူတို့ရဲ့ ဒီမိုကရေစီအပေါ် မယိမ်းယိုင်သော သန္နိဋ္ဌာန်ကို ကိုယ်စားပြုနေဆဲဖြစ်ပါတယ်။ လူ့ဂုဏ်သိက္ခာ၊ လွတ်လပ်မှုနဲ့ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်အတွက် အာဏာသိမ်းစစ်အုပ်စုကို ကြံ့ကြံ့ခိုင် ရင်ဆိုင်တွန်းလှန်နေတဲ့ မြန်မာပြည်သူလူထုရဲ့ ကြိုးပမ်းမှု အပေါ် အာဆီယံအပါအဝင် နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ မျက်ကွယ်မပြုဘဲ မြန်မာ့အရေးကို မှန်ကန်စွာ ရှုမြင်သုံးသပ်ဖို့ အထူးလိုအပ်နေပါတယ်။
ကျွန်တော်တို့အနေနဲ့ ရှစ်လေးလုံး စိတ်ဓာတ်ကို အစဉ်အမြဲ အမွေဆက်ခံကာ စည်းလုံး ညီညွတ်မှု၊ အပြန်အလှန် လေးစားယုံကြည်မှု၊ တာဝန်ယူ တာဝန်ခံမှုနဲ့ အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီးကို အတူလက်တွဲ တည်ဆောက်သွားကြရမှာ ဖြစ်ပါတယ်။ ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံမှသည် ခေတ်အဆက်ဆက် ဒီမိုကရေစီရေးအတွက် သက်စွန့် ကြိုးပမ်းတိုက်ပွဲဝင်ရင်း ကျဆုံးခဲ့ကြတဲ့ အာဇာနည်အပေါင်းအား ဦးညွှတ်ဂုဏ်ပြုရင်း၊ ပြည်သူများ မျှော်လင့်တောင့်တနေတဲ့ လွတ်လပ်၊ လုံခြုံ၊ ငြိမ်းချမ်းပြီး တရားမျှတတဲ့ နိုင်ငံတော်ကြီးကို အကောင်အထည်ဖော် တည်ဆောက်သွားကြပါစို့ လို့တိုက်တွန်းရင်း နိဂုံးချုပ်အပ်ပါတယ်။
Scroll to Top