စစ်ကိုင်းဖက်ဒရယ်ယူနစ်အတွင်း အရေးပေါ်တုံ့ပြန် ဆောင်ရွက်ရေးပူးပေါင်းကော်မတီ (Joint Emergency Response Committee-JERC) ဖွဲ့စည်းခြင်းဆိုင်ရာ ပူးတွဲသတင်းထုတ်ပြန်ချက်

၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၉) ရက်
၁။ စစ်ကိုင်းဖက်ဒရယ်ယူနစ်အတွင်းရှိ တန့်ဆည်၊ ကန့်ဘလူ၊ ကျွန်းလှ၊ အရာတော်၊ ခင်ဦး၊ ရေဦး၊ ရွှေဘို၊ ဝက်လက်၊ မြင်းမူနှင့် ဒီပဲယင်း အစရှိသော မြို့နယ်များတွင် မကြာသေးမီက ရေကြီးရေလျှံမှုများ ပြင်းထန်စွာ ဖြစ်ပွားခဲ့သဖြင့် စိုက်ပျိုးမြေအမြောက်အများရေနစ်မြုပ်ခဲ့ပြီး ကျေးရွာများစွာမှ ပြည်သူလူထု သောင်းပေါင်း များစွာသည် အရေးပေါ် ထောက်ပံ့ကူညီမှုများ ရရှိရန် လိုအပ်လျက်ရှိပါသည်။
၂။ ယင်းအရေးပေါ်အခြေအနေအပါအဝင် စစ်ကိုင်းယူနစ်အတွင်းရှိ ဖြစ်ပေါ်နေသော ဘေးအန္တရာယ် များကို ထိရောက်စွာတုံ့ပြန်နိုင်ရေး၊ ကူညီထောက်ပံ့မှုများကို လိုအပ်ချက်ပေါ်အခြေခံ၍ မျှတစွာ ဖြန့်ဝေနိုင် ရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများစနစ်တကျဆောင်ရွက်နိုင်ရေးနှင့် ဒေသခံလူမှုကူညီရေးအဖွဲ့များ၊ ကျန်းမာရေး၊ ပညာရေး၊ အမျိုးသမီးနှင့် လူငယ်အဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်မှု ခိုင်မာစေ ရေးတို့အတွက် ပြည်ထောင်စုနှင့် ဖက်ဒရယ်ယူနစ်အစိုးရ လူသားချင်းစာနာမှုဆိုင်ရာဝန်ကြီးဌာနများအကြား လုပ်ငန်းညှိနှိုင်းအစည်းအဝေးတစ်ရပ်ကို (၈-၈-၂၀၂၆) ရက်နေ့တွင်ကျင်းပပြုလုပ်ခဲ့ပြီး “အရေးပေါ် တုံ့ပြန် ဆောင်ရွက်ရေး ပူးပေါင်းကော်မတီ (Joint Emergency Response Committee- JERC)” ကို စတင် ဖွဲ့စည်းရန် ဆုံးဖြတ်ခဲ့သည်။
၃။ အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေးကော်မတီ၏ အဓိကရည်ရွယ်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
(က) ဘေးသင့်ပြည်သူများထံ အရေးပေါ်ကယ်ဆယ်ရေးနှင့် လူသားချင်းစာနာမှု အကူအညီများ ကို ထိရောက်စွာ ပံ့ပိုးပေးရန်၊
( ခ) ထိခိုက်ဆုံးရှုံးမှုနှင့် လိုအပ်ချက်များကို အချိန်နှင့်တပြေးညီ စုစည်းကာ ခွဲခြမ်းစိတ်ဖြာ၍ တုံ့ပြန်ရန်၊
( ဂ) အကူအညီများ ထပ်နေမှု သို့မဟုတ် လစ်ဟာမှုများမရှိအောင် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက် ရန်၊
(ဃ) ပြန်လည်ထူထောင်ရေးနှင့် ဘေးဒဏ်ကြံ့ကြံ့ခံနိုင်ရည်ရှိစေရေးအတွက် ရေရှည်တည်တံ့ မည့် မူဝါဒများကို အကောင်အထည်ဖော် ဆောင်ရွက်ရန်။
လုပ်ငန်းတာဝန်များ
၄။ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေး ဝန်ကြီးဌာန (NUG-MoSLHA)နှင့် စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလအစိုးရ၊ လူသားချင်းစာနာကူညီရေး၊ ပြန်လည်ထူထောင်ရေးနှင့် အရေးပေါ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန (SFUIG-MoHAREM) တို့ ပူးပေါင်း၍ JERC အနေဖြင့် အောက်ပါအတိုင်း ဆက်လက် တာဝန်ယူဆောင်ရွက်မည်-
(က) မြို့နယ်အဆင့် လုပ်ငန်းအဖွဲ့များ ဖွဲ့စည်းကြီးကြပ်ခြင်း။ မြို့နယ်အဆင့် အရေးပေါ်တုံ့ပြန် ရေးလုပ်ငန်းအဖွဲ့များကို စနစ်တကျ ဖွဲ့စည်းနိုင်ရေးနှင့် ၎င်းအဖွဲ့များ၏ လုပ်ငန်းဆောင်ရွက် မှုများကို ပြည်ထောင်စုနှင့် ဖက်ဒရယ်ယူနစ်အစိုးရဝန်ကြီးဌာနများက ပေါင်းစပ်ညှိနှိုင်း ကြီးကြပ်ဆောင်ရွက်ခြင်း
( ခ) အခြေအနေအကဲဖြတ်ချက်များ စုစည်းခြင်း။ မြို့နယ်အဆင့် လုပ်ငန်းအဖွဲ့များက ပေးပို့လာ သော Rapid Assessment စာရင်းများကို စုစည်း၍ ဦးစားပေးအဆင့် ခွဲခြားသတ်မှတ်ကာ လိုအပ်သော မူဝါဒဆိုင်ရာ လမ်းညွှန်ချက်များ ပံ့ပိုးပေးခြင်း
(ဂ) မျှတစွာ ဖြန့်ဝေရေး စီမံခြင်း။ ကယ်ဆယ်ရေးပစ္စည်းများနှင့် လူသားချင်းစာနာမှုအကူ အညီများကို မြို့နယ်အဆင့်များသို့ အမှန်တကယ်လိုအပ်ချက်အပေါ် အခြေခံ၍ မျှတစွာ ဖြန့်ဝေနိုင်ရေး မူဝါဒများ ချမှတ်ဆောင်ရွက်ခြင်း
(ဃ) နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ခြင်း။ ဘေးသင့်ဒေသကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေးအတွက် ပြည်တွင်းပြည်ပ လူသားချင်းစာနာမှုအဖွဲ့အစည်းများ၊ အစိုးရ မဟုတ်သော၊ ပုဂ္ဂလိကအဖွဲ့အစည်းများနှင့် ပူးပေါင်းချိတ်ဆက် ဆောင်ရွက်ခြင်း
( င) ပြန်လည်ထူထောင်ရေး အစီအစဉ်များ ရေးဆွဲခြင်း။ အရေးပေါ်ကာလအပြင် အစောပိုင်း ကာလ ပြန်လည်ထူထောင်ရေး၊ ပြန်လည်တည်ဆောက်ရေးနှင့် စွမ်းဆောင်ရည် မြှင့်တင် ရေး အစီအစဉ်များကို ကြီးကြပ်ရေးဆွဲဆောင်ရွက်ပေးခြင်း
၅။ JERC အနေဖြင့် လူသားချင်းစာနာမှု၊ တန်းတူညီမျှမှု၊ ပွင့်လင်းမြင်သာမှု၊ ဒေသခံများ၏ ပါဝင်မှုနှင့် ထိခိုက်လွယ်အုပ်စုများကို ဦးစားပေးမှုစသည့်မူများကို အခြေခံ၍ မြို့နယ်အလိုက် ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှုစာရင်းများ ပြုစုခြင်း၊ အရေးပေါ်လိုအပ်ချက်များ စုစည်းခြင်းနှင့် မရှိမဖြစ်လိုအပ်သည့် အခြေခံစားသောက်ကုန်၊ ဆေးဝါး၊ သောက်သုံးရေနှင့် အသက်ကယ်ပစ္စည်းများ ထောက်ပံ့ကူညီနိုင်ရေးနှင့် ဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေးတို့ကို စနစ်တကျ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် JERC ကို လိုအပ်သလို ဆက်လက်တိုးချဲ့ပြင်ဆင်ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း ထုတ်ပြန်အပ်ပါသည်။
လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန အမျိုးသားညီညွတ်ရေးအစိုးရ
လူသားချင်းစာနာကူညီရေး၊ ပြန်လည်ထူထောင်ရေးနှင့် အရေးပေါ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလအစိုးရ
ဆက်သွယ်ရန်
(၁) Email address of NUG-MOSLHA
moslha@nugmyanmar.org
(၂) Email address of SFUIG-MoHAREM
moharemoffice@sfuig.org
Scroll to Top