၂၀၂၆ ခုနစ် မေလ (၁၇)ရက်
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) နှင့် မကွေးဖက်ဒရယ်ယူနစ်လွှတ်တော်၊ ကြားကာလမကွေးဖက်ဒရယ်ယူနစ်အစိုးရ တို့သည် ၂၀၂၆ခုနှစ် မေလ (၁၆) ရက်နေ့တွင် Online မှ တဆင့် ညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့ကြပါသည်။
အစည်းအဝေးသို့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးဦးဆောင်ကောင်စီမှ အတွင်းရေးမှူး အဖွဲ့ဝင်များ၊ ကောင်စီဝင်များနှင့် အခြားတာဝန်ရှိသူများတက်ရောက်ကာ မကွေးဖက်ဒရယ်ယူနစ်မှ မကွေးဖက်ဒရယ် ယူနစ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ၊ ကြားကာလ မကွေးဖက်ဒရယ် ယူနစ်အစိုးရ ဝန်ကြီးချုပ် ဒေါက်တာ ရဲထွန်းဇော်၊ ဒု-ဝန်ကြီးချုပ် ဦးချစ်ဝင်းမောင်တို့နှင့်အတူ ဝန်ကြီးများနှင့် အခြားတာဝန်ရှိ သူများတက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် SCEF အတွင်းရေးမှူးအဖွဲ့ တွဲဘက်ညှိနှိုင်းရေးမှူး Salai Ram Kulh Cung က အဖွင့်နှုတ်ခွန်းဆက်စကားနှင့် အစည်းအဝေးပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားခဲ့ပြီး မကွေးဖက်ဒရယ်ယူနစ် လွှတ်တော်ဥက္ကဋ္ဌ ဒေါ်ဌေးဌေးလှိုင်က နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပါသည်။ ထို့နောက် နှစ်ဘက် တာဝန်ရှိသူများက SCEF ၏ ဆောင်ရွက်နေမှုများ၊ မကွေးဖက်ဒရယ်ယူနစ်အတွင်း ဆောင်ရွက်နေမှုများ ကိုအကျဉ်းချုပ် တင်ပြခဲ့ကြပါသည်။ ထို့နောက် SCEF သည် မဏ္ဍိုင်သုံးခုဖြင့် ဖွဲ့စည်းတည်ထောင်ထားသည်နှင့်အညီ မဏ္ဍိုင်တစ်ခုဖြစ်သည့် ပြည်နယ်/ ဖက်ဒရယ်ယူနစ်/ ERO ကိုယ်စားပြုမဏ္ဍိုင်အတွက် မကွေးဖက်ဒရယ်ယူနစ်အနေဖြင့် ပါဝင်မှုနှင့် ဆက်စပ်ပြီး ဆွေးနွေးခဲ့ကြကာ ရှေ့ဆက်ဆောင်ရွက်သွားမည့် ကိစ္စများကို ညှိနှိုင်းခဲ့ကြပါသည်။
ထို့နောက် မကွေးဖက်ဒရယ်ယူနစ်အစိုးရ ဝန်ကြီးချုပ် ဒေါက်တာရဲထွန်းဇော်နှင့် SCEF အတွင်းရေးမှူးအဖွဲ့ညှိနှိုင်းရေးမှူး ဒေါက်တာဇော်ဝေစိုး တို့က နိဂုံးချုပ်စကားများ ပြောကြားပြီး အစည်းအဝေးကို အောင်မြင်စွာရုတ်သိမ်းခဲ့ကြပါသည်။
