၂၁ မေ ၂၀၂၆
အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းသည် အစိုးရအဖွဲ့ဝင်များနှင့် တွေ့ဆုံပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) နှင့်ပတ်သက်သော လုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ဖက်ဒရယ်ယူနစ်များနှင့် ကြားကာလပြည်သူ့အုပ်ချုပ်ရေးဆိုင်ရာကိစ္စရပ်များ၊ မဟာဗျူဟာမြောက်စစ်ဆင်ရေးဆိုင်ရာကိစ္စရပ်များအပါအဝင် နိုင်ငံတကာဆက်ဆံရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။
တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးချုပ်ကအဖွင့်စကားပြောကြားပြီး တက်ရောက်လာကြသော ပြည်ထောင်စုဝန်ကြီးများနှင့်ဒုတိယဝန်ကြီးများက သက်ဆိုင်ရာကဏ္ဍအလိုက်တင်ပြဆွေးနွေးခဲ့ကြပါသည်။


အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်း၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးလွင်ကိုလတ်၊ လျှပ်စစ်၊စွမ်းအင်နှင့်ဆောက်လုပ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးစိုးသူရထွန်း၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဒေါ်ရွှေပုံ၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဂျာထွယ်ပန်၊ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး နိုင်ကောင်းရွက်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးများဖြစ်ကြသော ဒေါက်တာစိုင်းခိုင်မျိုးထွန်း၊ ဒေးဗစ်ဂွမ်အောင်တို့တက်ရောက်ခဲ့ကြပါသည်။
ပြည်ထောင်စုဝန်ကြီးချုပ်သည် စီမံကိန်း၊ဘဏ္ဍာရေးနှင့်ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးတင်ထွန်းနိုင်နှင့် မြန်မာ့နွေဦးဘဏ်(SDB) တာဝန်ရှိသူများ၊ လူ့အခွင့်အရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းနှင့် ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် သီးခြားစီတွေ့ဆုံခဲ့ပါသည်။
