နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ (၈၁) နှစ်မြောက်မွေးနေ့ ထုတ်ပြန်ချက်

၂၀၂၆ ခုနှစ်၊ ဇွန်လ (၁၉) ရက်
၁။ ယနေ့သည် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အသက် (၈၁) နှစ်မြောက်မွေးနေ့ အချိန်အခါဖြစ်ပြီး မွေးနေ့ရှင်သည် အကြမ်းဖက်စစ်အုပ်စုက ပြည်သူ့အာဏာကို မတရားလုယူရန်ကြိုးစားသည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စတင်၍ ယနေ့အချိန်အထိ ဥပဒေမဲ့ မတရားဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသည်မှာ ၅ နှစ်၊ ၄ လ၊ ၁၈ ရက် ရှိပြီဖြစ်သည်။
၂။ ပြည်သူလူထု၏ မေတ္တာထားအသိအမှတ်ပြုမှုကို အမြင့်ဆုံးရရှိထားဆဲဖြစ်သည့် လူထု ခေါင်းဆောင်တစ်ဦး ဖြစ်သကဲ့သို့ နိုင်ငံတကာ၏ အသိအမှတ်ပြုမှုကိုလည်း ယနေ့အချိန်အထိ ရရှိထားဆဲဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှု ခရီးတလျှောက်တွင် စစ်အာဏာရှင်အဆက်ဆက်က မတရားဖမ်းဆီးချုပ်နှောင်ခြင်း၊ နေအိမ်အကျယ်ချုပ် ထားရှိခြင်း၊ အသက်အန္တရာယ်ကိုပါ ခြိမ်းခြောက်နှောက်ယှက်ခြင်း စသည့် နည်းလမ်းပေါင်းစုံဖြင့် ဟန့်တား နှောင့်ယှက်ခြင်းကို ခံခဲ့ရသည့်အပြင် လက်ရှိအချိန်ကာလတွင်လည်း သက်ရှိထင်ရှား ရှိနေကြောင်း ကိုပင် ခိုင်လုံသည့် သက်သေအထောက်အထားမပြနိုင်ခြင်း၊ မည်သည့်နေရာတွင် ရှိနေသည်ကိုပင် မသိရှိရဘဲ မိသားစုဝင်များနှင့်လည်း တွေ့ဆုံခွင့်မရရှိခြင်း စသည့် လွန်စွာ စိုးရိမ်ဖွယ်ကောင်းသည့် အခြေအနေမျိုးနှင့် ရင်ဆိုင်ကြုံတွေ့နေရပါသည်။
၃။ မြန်မာပြည်သူလူထုတရပ်လုံး၏ ဆန္ဒနှင့်အညီ ပြည်သူ့တော်လှန်ရေးကို အောင်မြင်စွာ အဆုံးသတ်နိုင်ရေးအတွက် အောက်ပါ ကိစ္စရပ်များသည် မဖြစ်မနေ ဦးစွာဆောင်ရွက်ရမည့် ကိစ္စရပ်များ ဖြစ်သည်ဟု ကျွန်ုပ်တို့က ရှုမြင်ပါသည်။
(က) ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေးအကျဉ်းသားများအားလုံး ခြွင်းချက်မရှိ အမြန်ဆုံး လွတ်မြောက်ရေး၊
(ခ) ပြည်သူလူထုကို ပစ်မှတ်ထား တိုက်ခိုက်မှုများအား အမြန်ဆုံး ရပ်တန့်ရေးနှင့်
(ဂ) မျိုးဆက်သစ်လူငယ်များအား အဓမ္မစစ်သားစုဆောင်းနေသည့် ကိစ္စရပ်များအား အမြန်ဆုံး ရပ်တန့်ရေး။
၄။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့အနေဖြင့် အထက်ပါကိစ္စရပ်များ အမြန်ဆုံး အကောင်အထည်ပေါ်လာရေးအတွက် အကြမ်းဖက်စစ်အုပ်စုကို ထိရောက်သည့် နည်းလမ်းပေါင်းစုံဖြင့် ဖိအားပေးဆောင်ရွက်ကြရန် နိုင်ငံတကာအသိုင်းအဝိုင်းအား တိုက်တွန်းနှိုးဆော်လိုက်သည်။ မိမိတို့အနေဖြင့်လည်း အထက်ပါ ကိစ္စရပ်များအပါအဝင် တော်လှန်ရေး၏ရည်မှန်းချက်များ ပြီးမြောက် အောင်မြင်ပြီး ပြည်သူလူထု တရပ်လုံး၏ မျှော်ရည်ချက်ဖြစ်သည့် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ထူထောင် နိုင်ရေးကို မဟာမိတ်အင်အားစုများ အားလုံးနှင့် ညီညွတ်စွာ လက်တွဲလျက် အစွမ်းကုန် ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အခါသမယတွင် လေးနက်တည်ကြည်စွာဖြင့် ကတိသစ္စာ ပြုအပ်ပါသည်။
မွေးနေ့ရှင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ၊
အချုပ်အနှောင်မှ အမြန်ဆုံးလွတ်မြောက်ပါစေ။
Committee Representing Pyidaungsu Hluttaw National Unity Government
Scroll to Top