၂၀၂၆ ခုနှစ်၊ မေလ (၅) ရက်နေ့
ဒီနေ့ မေလ ၅ ရက်နေ့ဟာ ပြည်သူ့ကာကွယ်ရေးတပ်မတော် ဖွဲ့စည်းတည်ထောင်ခြင်း (၅) နှစ်ပြည့် မြောက်တဲ့ နေ့တစ်နေ့ ဖြစ်ပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်မတော်ဟာ ပြည်သူလူထုရဲ့ ဝမ်းကြာတိုက်ထဲကနေ မွေးဖွား သန့်စင်လာတဲ့ ပြည်သူ့တပ်မတော်ဖြစ်ပါတယ်။ ကျွန်တော်တို့ အားလုံးဟာ တော်လှန်ရေးခရီးကြမ်းတွေ ကိုလည်း အတူဖြတ်သန်းခဲ့ကြသလို၊ နိုင်ငံရေးလောကဓံ အနိမ့်အမြင့်တွေကိုလည်း အတူတူ ဖြတ်သန်း ကျော်ဖြတ်ခဲ့ကြပါတယ်။ ယနေ့အချိန်အထိ ကျော်ဖြတ် ကူးမြောက်ခဲ့တဲ့ တော်လှန်ရေးခရီးကြမ်းထဲမှာ၊ ကျွန်တော်တို့ပြည်သူ့ကာကွယ်ရေးတပ်မတော်ဟာ — လက်နက်ကိုင်တော်လှန်ရေးသမိုင်းမှာ၊ မကြုံဖူးတဲ့ အောင်မြင်မှုအထွဋ်အထိပ်တွေကိုလည်း ရရှိခဲ့တာ တွေ့ရပါတယ်။ ဒါပေမယ့် လက်ရှိ အချိန်မှာ၊ ကျွန်တော်တို့ဟာ ပြည်သူလူထုတစ်ရပ်လုံး လိုလားတဲ့ ခရီးဆုံးပန်းတိုင်ကိုတော့ မရောက်သေးဘူးဆိုတာ သတိပြုရမှာဖြစ်ပါတယ်။
ကျွန်တော်တို့အနေနဲ့ လက်ရှိ အချိန်မှာ၊ ကြုံတွေ့နေရတဲ့ နိုင်ငံရေးစိန်ခေါ်ချက်တွေ အမြောက်အမြား ရှိနေသလို၊ စစ်ရေးအရ လက်လွှတ်ဆုံးရှုံးရမှု တချို့လည်း ခပ်စိပ်စိပ် ကြုံတွေ့နေကြရပါတယ်။ တော်လှန်ရေးရဲ့ သဘောဟာ အနိမ့်အမြင့် – အတက်အကျတွေ ရှိတတ်သလို၊ ရှေ့နှစ်လှမ်းတိုး – နောက်တစ်လှမ်း ဆုတ်ရတဲ့ ဖြစ်စဉ်မျိုးတွေလည်း ရှိတတ်ကြောင်း ပြောကြားလိုပါတယ်။ ဒါ့အပြင် နိုင်ငံရေးမိုးသက်မုန်တိုင်းကြားထဲမှာ ပြင်းထန်တဲ့ လှိုင်းတွေအပေါ် စီးနင်း ကျော်ဖြတ်ကြရတာတွေ လည်း ရှိနေတတ်ပါတယ်။ ကျွန်တော်တို့အနေနဲ့၊ မြေပြင်မှာ ဖြစ်ပေါ်နေတဲ့ အရှိပကတိတွေကို လျစ်လျှူရှုလို့ မရသလို၊ ကျွန်တော်တို့ အားလုံး မျှော်လင့်တဲ့ ရည်မှန်းချက်ပန်းတိုင်ကိုလည်း မျက်ခြေပြတ်လို့ မရဘူးလို့ ပြောချင်ပါတယ်။
သေချာတာ တစ်ခုကတော့ — ကျွန်တော်တို့အားလုံး လုံ့လထုတ် ကြိုးစားရုန်းကန်ခဲ့တဲ့ တော်လှန်ရေး ခြေလှမ်းတွေဟာ — ယနေ့ အချိန်အထိ “အလဟဿ မဖြစ်ခဲ့ဘူး” ဆိုတာ၊ ရဲရဲဝံ့ဝံ့ ပြောနိုင်ပါတယ်။ အားထုတ်မှုတိုင်းမှာ၊ ရလဒ်တွေ ရှိသလို၊ သက်ရောက်မှုတိုင်းမှာ ထိရောက်တဲ့ ခရီးလမ်းတွေကို လျှောက်လှမ်းနိုင်ခဲ့တာတွေ့ရပါတယ်။ ဒါပေမယ့်….တစ်ဖက်မှာလည်း/ ကျွန်တော်တို့ အားလုံးဟာ တော်လှန်ရေးတစ်ခုလုံးကို မြော်မြင်ပြီး၊ ဇွဲနပဲရှိရှိ ထပ်မံ ကျော်ဖြတ်ကြဖို့ — အထူး လိုအပ်တယ်လို့ တိုက်တွန်းချင်ပါတယ်။
ကျွန်တော်တို့ရဲ့ တော်လှန်ရေးရဲဘော်တွေဖြစ်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်သားအားလုံးဟာ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးမှာ ခြေစုံရပ် ပါဝင်ထားကြတဲ့သူတွေ ဖြစ်ပါတယ်။ ပြည်သူ့ကာကွယ် ရေးတပ်မတော်သားတွေဟာ တစ်ဖက်မှာ တော်လှန်ရေးသမားတွေဖြစ်သလို၊ တစ်ဖက်မှာလည်း ပြည်သူ့အရေးတော်ပုံတပ်သားတွေအဖြစ် တာဝန်ယူထားကြရပါတယ်။ တော်လှန်ရေးအလွန်ကာလ တွေ ရောက်လာရင်လည်း၊ “တိုင်းပြုပြည်ပြုသမားတွေအဖြစ်” – ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်ရေးမှာ ဆက်လက်ပါဝင်ကြရအုံးမှာဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ရဲ့ ရဲဘော်ရဲဘက် အားလုံးဟာ တော်လှန်ရေးကာလအတွင်းမှာ၊ မိမိတို့ရဲ့ အသိဉာဏ်ပညာကိုယ်ခံအားကို ဖြည့်တင်းရင်း ရဲရဲဝံ့ဝံ့ တိုက်ပွဲဝင်ကြဖို့ လေးနက်စွာ တိုက်တွန်းလိုပါတယ်။ နွေဦးတော်လှန်ရေး အရေးတော်ပုံတပ်သား အားလုံးဟာ ပြည်သူအားကိုးထိုက်တဲ့သူတွေဖြစ်ရမှာဖြစ်သလို / လူထုယုံကြည်ထိုက်တဲ့သူတွေလည်း ဖြစ်ဖို့ လိုပါတယ်။ ဒါ့အပြင် စည်းကမ်းသေဝပ်ပြီး၊ စနစ်ကျတဲ့ ပြည်သူ့တပ်မတော်တစ်ရပ်ကိုလည်း ပါဝင် တည်ဆောက်ကြဖို့ လိုပါတယ်။
ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ပြည်သူ့အစိုးရကောင်းတစ်ရပ်ဖြစ်အောင် ကြိုးစားနေသလို၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်အနေနဲ့လည်း ပြည်သူချစ်တဲ့ တပ်မတော်အဖြစ် အမြဲ ချီတက်နိုင်ဖို့ မျှော်လင့်ပါတယ်။ ကျွန်တော်တို့ လက်ရှိ ဖြတ်သန်းနေတဲ့ နွေဦးတော်လှန်ရေး – အရေးတော်ပုံကြီးဟာ၊ ဖြစ်မှု ပျက်မှုတွေ အင်မတန်မှ မြန်ဆန်ပါတယ်။ တက်လွယ်ကျလွယ်ဖြစ်စဉ် တွေလည်း များပြားလွန်းတာတွေ့ရပါတယ်။ တစ်ဖက်မှာလည်း သတ္တိ၊ ဗျတ္တိနဲ့ ဇွဲလုံ့လ၊ ဝီရိယတွေကို ထင်ထင်ရှားရှားတွေ့မြင်ရပါတယ်။ ယုံကြည်ချက် ထက်သန်ပြင်းပြမှုတွေက ဒီရေလှိုင်းလုံးကြီးတွေလို အရှိန်အဟုန် ပြင်းထန်တာကိုလည်း တွေ့မြင်ခဲ့ရပါတယ်။ ဒီလို အသွင်အပြင်တွေကို လူထုတစ်ရပ်လုံး မှာ တွေ့မြင်ခဲ့ရသလို၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်သားအားလုံးထဲမှာလည်း ထင်ရှားစွာ မြင်တွေ့ နေရပါတယ်။ ကျွန်တော်တို့အနေနဲ့ — နွေဦးတော်လှန်ရေးရဲ့ ဂုဏ်ဒြပ်ကို အမြင့်မားဆုံးအထိ ဆက်လက် ဖော်ဆောင်နိုင်ကြဖို့ လေးနက်စွာ တိုက်တွန်းချင်ပါတယ်။ ဒါ့အပြင် ပြည်သူ့တပ်မတော် သားကောင်း ပီသစွာနဲ့ နွေဦးတော်လှန်ရေးကို အလေးအမြတ် ဦးညွှတ်ကြဖို့ ဖြစ်ပါတယ်။
နိဂုံးချုပ်အားဖြင့် ပြောကြားလိုတာကတော့ — ယနေ့ အချိန်အထိ မိမိတို့ရဲ့ အသက်နဲ့ ခန္ဓာကို ပေးဆပ်ခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်သား အပေါင်းကို၊ လေးနက်စွာ အသိအမှတ်ပြုကြောင်း ထပ်မံပြောကြားလိုပါတယ်။ ဒါ့အပြင် နွေဦးတော်လှန်ရေးသမိုင်းမှာ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ အခန်းကဏ္ဍကို ထင်ထင်ရှားရှား ရေးထွင်းပုံဖော်လာနိုင်ပြီဖြစ်ကြောင်း ပြောကြားလိုပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်မတော်သားတွေထဲမှာ၊ အသက်နဲ့ ခန္ဓာကို ပေးစွန့်ခဲ့ကြသူတွေရဲ့ မိသားစုဝင် တွေနဲ့၊ ထိခိုက်ဒဏ်ရာရရှိထားတဲ့ ရဲဘော်တွေကိုလည်း အချင်းချင်း ဝိုင်းဝန်းကူညီပေးကြဖို့ မေတ္တာရပ်ခံ ပါတယ်။ ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့လည်း ပြည်သူ့အစိုးရ ပီသစွာ၊ ပြည်သူ့တော်လှန်ရေးကို ဦးဆောင်ပြီး၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့အတူ — စစ်အာဏာရှင်စနစ် အမြစ်ပြတ် ချေမှုန်းရေးကို၊ ပြတ်ပြတ်သားသား တိုက်ပွဲဝင်နေကြောင်း ပြောကြားရင်း နိဂုံးချုပ်အပ် ပါတယ်ခင်ဗျား