၂၀၂၆ ခုနှစ်၊ မေလ ၅ ရက်
(၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၅ ရက်)
ချစ်ကြည်လေးစားအပ်ပါသော တော်လှန်ပြည်သူအပေါင်းတို့ခင်ဗျား –
ယနေ့သည် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တို့ကို စတင်တည်ထောင်ဖွဲ့စည်းခဲ့သည်မှာ (၅) နှစ်တိုင်တိုင် ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါသည်။ လွန်ခဲ့သော (၅) နှစ်တာကာလကို ပြန်လည်စူးစမ်းကြည့်မည်ဆိုလျှင် လက်နက်မဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြသည့် ပြည်သူများကို အကြမ်းဖက်စစ်ကောင်စီမှ ရက်ရက်စက်စက် ပစ်ခတ်ဖြိုခွင်းခဲ့ရာမှစ၍၊ မတရားမှုကို ခေါင်းငုံ့မခံလိုသော တော်လှန်လူငယ်များသည် တောတောင်ထဲသို့ ဝင်ရောက်ကာ မိမိတို့ရရှိနိုင်သော လက်လုပ်သေနတ်၊ တူမီးစသည်တို့ဖြင့် အသက်ကို ပဓာနမထားဘဲ ရဲရဲဝံ့ဝံ့ စတင်ခုခံခဲ့ကြပါသည်။ ထိုသို့သော ခက်ခဲကြမ်းတမ်းလှသည့် အခြေအနေမှသည် ယနေ့အချိန်အခါတွင် ခေတ်မီလက်နက်တပ်ဆင်ထားပြီး စစ်ရေးဗျူဟာကျကျ တိုက်ပွဲဝင်နိုင်သော ပြည်သူ့ကာကွယ်ရေးတပ်မတော်အဖြစ်သို့ ရောက်ရှိလာခြင်းသည် တော်လှန်ပြည်သူများ၏ သမိုင်းဝင် ကြိုးပမ်းမှုကြီးပင် ဖြစ်ပါသည်။
တော်လှန်ပြည်သူများခင်ဗျား –
ဤ (၅) နှစ်တာ ခရီးကြမ်းတစ်လျှောက်လုံးတွင် တော်လှန်ပြည်သူများ၏ မယိုင်လဲသော ထောက်ခံအားပေးမှု၊ ယုံကြည်ကိုးစားမှုနှင့် အဖက်ဖက်မှ ဝိုင်းဝန်းကူညီပံ့ပိုးမှုများသာ မရှိခဲ့လျှင် ကျွန်ုပ်တို့၏ တော်လှန်ရေးသည် ယနေ့ကဲ့သို့ အောင်မြင်မှုအဆင့်တစ်ခုသို့ ရောက်ရှိလာနိုင်မည် မဟုတ်ပါ။ စစ်ကောင်စီ၏ လူမဆန်သော ရွာလုံးကျွတ်မီးရှို့မှုများ၊ ဖမ်းဆီးသတ်ဖြတ်မှုများနှင့် လေကြောင်းရန်များကြားမှပင် မိမိတို့၏ ထမင်းလုပ်ကို ခွဲဝေကျွေးမွေးခဲ့ကြသော၊ ရရာနည်းလမ်းဖြင့် ရန်ပုံငွေများ ထည့်ဝင်လှူဒါန်းခဲ့ကြသော ပြည်သူများ၏ ကျေးဇူးတရားသည် တိုင်းထွာ၍ မရနိုင်လောက်အောင် ကြီးမားလှပါသည်။ အထူးသဖြင့် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးအတွက် မိမိတို့၏ ဘဝ၊ အိုးအိမ်နှင့် စည်းစိမ်များကို စွန့်လွှတ်အနစ်နာခံကာ တော်လှန်ရေးအင်အားစုများနှင့်အတူ ရေနှင့်ငါးပမာ တသားတည်း ရပ်တည်ပေးခဲ့ကြသော တော်လှန်ပြည်သူတစ်ရပ်လုံးကို ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ဦးညွှတ်ကာ အလေးအမြတ်ပြု ဂုဏ်ပြုအပ်ပါသည်။
ထို့အတူပင် နွေဦးတော်လှန်ရေး၏ ရည်မှန်းချက်များ အောင်မြင်ရန်အတွက် မိမိအသက်နှင့် ခန္ဓာကို စွန့်လွှတ်ပေးဆပ်သွားခဲ့ကြသော အာဇာနည်သူရဲကောင်း ရဲဘော်များ၊ ယခုအချိန်အထိ ရှေ့တန်းစစ်မျက်နှာပြင် အသီးသီးတွင် အခက်အခဲပေါင်းများစွာကို ရင်ဆိုင်ကျော်လွှားပြီး တိုက်ပွဲဝင်နေကြဆဲဖြစ်သော ရဲဘော်ရဲဘက်များ၏ ကြီးမြတ်သော စွန့်လွှတ်အနစ်နာခံမှုများကိုလည်း ကျွန်ုပ်တို့ ဘယ်သောအခါမျှ မေ့ပျောက်မည် မဟုတ်ပါ။
တော်လှန်ပြည်သူများခင်ဗျား –
ကျွန်ုပ်တို့၏ ပြည်သူ့ကာကွယ်ရေးတပ်မတော်သည် ပြည်သူ့ရင်သွေးများဖြင့် ဖွဲ့စည်းထားသည့် တပ်မတော်ဖြစ်သည်နှင့်အညီ ပြည်သူ့ယုံကြည်မှုကို ထိန်းသိမ်းရန်မှာ အသက်တမျှ အရေးကြီးပါသည်။ (၅) နှစ်တာ ဖြတ်သန်းမှုအတွင်း အောင်မြင်မှုများ ရှိခဲ့သလို၊ စစ်ရေးအတွေ့အကြုံနှင့် ကျင့်ဝတ်စည်းကမ်းပိုင်းဆိုင်ရာ ထိန်းကျောင်းကွပ်ကဲမှု လိုအပ်ချက်များကြောင့် နေရာဒေသအချို့တွင် ပြည်သူလူထု၏ ယုံကြည်မှုကို အတိုင်းအတာတစ်ခုထိ ထိခိုက်စေခဲ့သည့် အမှားအယွင်းများ၊ ဟာကွက်များ ရှိခဲ့သည်ကိုလည်း ကျွန်ုပ်တို့ မျက်ကွယ်ပြုထားမည် မဟုတ်ပါ။ ဤအချက်များအပေါ် ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် အထူးသတိပြု ဆန်းစစ်နေပြီး ထိရောက်သော အရေးယူဖြေရှင်းမှုများ ပြုလုပ်လျက်ရှိပါသည်။ နောင်တွင်လည်း ကွပ်ကဲမှုစနစ် ပိုမိုခိုင်မာအားကောင်းစေရန်၊ စစ်သည်တော်ကျင့်ဝတ်ကို တိကျစွာ လိုက်နာရန်နှင့် တော်လှန်ပြည်သူများကို အမှန်တကယ် အကာအကွယ်ပေးနိုင်သော ကျင့်ဝတ် စည်းကမ်းရှိသည့် တပ်မတော်ဖြစ်လာစေရန် ပြုပြင်ထိန်းကျောင်းမှုများကို ဆထက်ထမ်းပိုး အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမည်ဟု ပြည်သူလူထုရှေ့မှောက်တွင် ကတိသစ္စာပြုပါသည်။
လက်ရှိ စစ်ရေးအခြေအနေများကို သုံးသပ်ရလျှင် ကျွန်ုပ်တို့ သိမ်းပိုက်ရရှိထားသည့် မြို့အချို့ကို ဗျူဟာအရ ယာယီစွန့်ခွာရမှုများ အပါအဝင် မြေပြင်တွင် အခက်အခဲများ၊ အတက်အကျများ ရှိနေမည်မှာ စစ်မက်ရေးရာ၏ သဘာဝပင် ဖြစ်ပါသည်။ သို့ရာတွင် လှေနံဓားထစ် စစ်ဗျူဟာများကို မသုံးဘဲ ရန်သူ့အခြေအနေနှင့် မိမိအင်အားအပေါ် မူတည်၍ ပြောင်းလွယ်ပြင်လွယ်ရှိသော ပြည်သူ့စစ်မဟာဗျူဟာများကို ကျင့်သုံးကာ တိုင်းရင်းသား လက်နက်ကိုင် မဟာမိတ်အဖွဲ့အစည်းများနှင့် ပိုမိုခိုင်မာစွာ လက်တွဲ၍ တိုက်ပွဲဝင်သွားမည် ဖြစ်ပါသည်။
ထို့ကြောင့် တော်လှန်ပြည်သူများအနေဖြင့် လတ်တလော အခြေအနေများအပေါ် စိတ်ဓာတ်ကျဆင်းခြင်း မရှိဘဲ၊ မိမိတို့၏ ခိုင်မာသော သန္နိဋ္ဌာန်၊ ပြင်းပြသော ယုံကြည်ချက်များဖြင့် တော်လှန်ရေးပန်းတိုင်သို့ မရောက်မချင်း ဇွဲမလျှော့စတမ်း ဆက်လက်လက်တွဲ ဝိုင်းဝန်းပေးကြပါရန် လေးနက်စွာ တိုက်တွန်းနှိုးဆော်အပ်ပါသည်။ ကျွန်ုပ်ကိုယ်တိုင်နှင့်တကွ ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများသည် မြေပြင်ရှိ ရဲဘော်များနှင့်အတူ အမြဲတစေ အတူတကွ ရှိနေမည်ဖြစ်ပြီး၊ အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းကာ အပြီးသတ်အောင်ပွဲကို မုချရယူပေးသွားမည် ဖြစ်ပါသည်။
ပြည်သူ့တော်လှန်ရေးသည် ပြည်သူ့အင်အားဖြင့်သာ အောင်ရမည်ဖြစ်ပါကြောင်းနှင့် တော်လှန်ပြည်သူတစ်ရပ်လုံး ဘေးအန္တရာယ်ကင်းစင်ကာ မျှော်လင့်တောင့်တအပ်သော ဖက်ဒရယ်ဒီမိုကရေစီပန်းတိုင်သို့ မကြာမီ ရောက်ရှိပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း ဤ (၅) နှစ်ပြည့် သဝဏ်လွှာကို လေးစားစွာဖြင့် ပေးပို့အပ်ပါသည်။
ပြည်သူ့တော်လှန်ရေး မုချအောင်ရမည်။
ရည်မွန်
ပြည်ထောင်စုဝန်ကြီး
ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ