ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ဖွဲ့စည်းတည်ထောင်ခြင်း (၅) နှစ်ပြည့် အထိမ်းအမှတ်နေ့တွင် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ပြောကြားသည့် မိန့်ခွန်း

(၂၀၂၆ ခုနှစ်၊ မေလ ၅ ရက်)
တိုင်းပြည်နဲ့လူထုအတွက် အသက်ကို ပဓာနမထားဘဲ အသက်၊ သွေး၊ ချွေး ပေးဆပ်ကာ တိုက်ပွဲဝင်နေကြတဲ့ ပြည်သူ့ကာကွယ်ရေးရဲဘော်အပေါင်းတို့ …
ဒီကနေ့ဟာဆိုရင် ပြည်သူ့ထံက ပေါက်ဖွားလာတဲ့ ဖက်ဒရယ်ပြည်ထောင်စု တပ်မတော်ရဲ့ ရှေ့ပြေးအမြုတေဖြစ်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ကို စတင်မျိုးစေ့ချ ဖွဲ့စည်း တည်ထောင်ခဲ့တာ (၅) နှစ်တင်းတင်း ပြည့်မြောက်တဲ့ နေ့ရက်ဖြစ်ပါတယ်။ ဒီလိုနေ့ရက်မျိုးမှာ အထူးအားဖြင့် ပြီးခဲ့တဲ့ ၅ နှစ်တာကာလအတွင်း စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးနဲ့ တိုင်းရင်းသားပြည်သူတရပ်လုံး မျှော်ရည်တောင့်တနေတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီး တည်ဆောက်ရေးဆိုတဲ့ ဘုံရည်မှန်းချက်ပန်းတိုင်အတွက် အသက်၊ သွေး၊ ချွေးနဲ့ ကိုယ်လက်အင်္ဂါတွေ စတေးကာ မြင့်မြတ်စွာ ပေးဆပ်တိုက်ပွဲဝင်ခဲ့ကြတဲ့ ပြည်သူ့အာဇာနည် သူရဲကောင်းအပေါင်းကို တိုင်းပြည်နဲ့ ပြည်သူလူထုကိုယ်စား လေးစားစွာ ဦးညွှတ်ဂုဏ်ပြုပါကြောင်း ကနဦး ပြောကြား လိုပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်အနေနဲ့ စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ လူမဆန်တဲ့ နှိပ်စက်မှုတွေကြားမှာ ပြည်သူနဲ့အတူရုန်းကန်တိုက်ပွဲဝင်ရင်း မတရားတဲ့ စစ်အာဏာရှင်စနစ်ဆိုးကို အမြစ်ဖြတ်ဖို့အတွက် ဇွဲ၊ သတ္တိ၊ ဝီရိယ အပြည့်နဲ့ နိုင်ငံတစ်ဝန်းမှာ တော်လှန်အောင်ပွဲ များစွာကိုလည်း ဆင်နွှဲနိုင်ခဲ့ကြပါတယ်။ ရဲဘော်တို့အနေနဲ့ ရရှိပြီးသား အောင်မြင်မှုများကို တည်မြဲအောင် ထိန်းသိမ်း နိုင်ပြီး ဆင့်ကဲအောင်မြင်မှုများလည်း ဆက်လက်ပိုင်ဆိုင်နိုင်ပါစေကြောင်း ဆန္ဒပြုအပ်ပါတယ်။
ပြည်သူ့ကာကွယ်ရေးရဲဘော်အပေါင်းတို့ …
၂၀၂၁ ခုနှစ်မှာ အကြမ်းဖက်စစ်ကောင်စီဟာ တရားဝင် ပြည်သူ့အစိုးရထံကနေ နိုင်ငံတော် အာဏာကို အဓမ္မလုယူပြီးနောက် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်တဲ့ ပြည်သူတွေကို အကြမ်းဖက် သတ်ဖြတ်ခဲ့တဲ့အတွက် ကျွန်တော်တို့ဟာ မလွှဲမရှောင်သာ လက်နက်စွဲကိုင် တိုက်ပွဲဝင်ခဲ့ကြရတာ ဖြစ်ပါတယ်။ တူမီးသေနတ်တွေ၊ လက်လုပ်သေနတ်လေးတွေကို ကိုင်ဆောင်ပြီး စတင်ခဲ့တဲ့ ကျွန်တော်တို့ရဲ့ ပြည်သူ့ခုခံ တွန်းလှန်စစ်ဟာ ပြည်သူလူထုရဲ့ မယိမ်းယိုင်တဲ့ ထောက်ခံမှု၊ ယုံကြည်အားကိုးမှုတွေနဲ့အတူ ဒီကနေ့ အချိန်မှာတော့ ခေတ်မီလက်နက်တပ်ဆင်နိုင်မှု၊ စစ်ရေးဗျူဟာကျွမ်းကျင်မှု၊ တပ်ပိုင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်း လိုက်နာမှု၊ ခိုင်မာတဲ့ စုဖွဲ့ကွပ်ကဲမှု စနစ်တွေနဲ့အတူ စနစ်တကျ ဖွဲ့စည်းထားတဲ့ တိုက်ခိုက်ရေးစွမ်းရည်ထက်မြက်တဲ့ ပြည်သူ့ ကာကွယ်ရေးတပ်မတော်ကြီးအဖြစ် ခိုင်ခိုင်မာမာ ရပ်တည်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ (၅) နှစ်ဆိုတဲ့ အချိန်ကာလဟာ သမိုင်းတစ်ကွေ့မှာ တိုတောင်းပေမယ့် ကျွန်တော်တို့ရဲ့ နွေဦးတော်လှန်ရေး ခရီးကြမ်းမှာတော့ ခက်ခဲကြမ်းတမ်းမှုတွေ၊ ကြီးမားတဲ့ စွန့်လွှတ်အနစ်နာခံမှု တွေနဲ့အတူ အရေးပါတဲ့ အချိုးအကွေ့တွေကို ဖြတ်သန်းခဲ့ရတဲ့ အချိန်ဖြစ်ပါတယ်။
ဒီ (၅) နှစ်တာကာလအတွင်းမှာ ညီနောင်မဟာမိတ် တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်း တွေနဲ့ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) တို့ရဲ့ စစ်ဒေသအလိုက် ဟန်ချက်ညီတဲ့ စစ်ရေး ပူးပေါင်းဆောင်ရွက်မှုတွေ၊ ထိုးစစ်ဆင်မှုတွေကြောင့် စစ်ကောင်စီရဲ့ အရေးပါတဲ့ စစ်စခန်းတွေ၊ ဗျူဟာကုန်းတွေနဲ့ မြို့ရွာအများအပြားကို သိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ဟာ ခုခံစစ်ကနေ တန်ပြန်ထိုးစစ်ကို အလုံးစုံ ကူးပြောင်းနိုင်ခဲ့ရုံသာမက လွတ်မြောက်နယ်မြေတွေမှာ ပြည်သူ့အုပ်ချုပ်ရေး ယန္တရားတွေကိုပါ အခိုင်အမာ တည်ဆောက်နိုင်ခဲ့ပါတယ်။
ပြည်သူ့ကာကွယ်ရေးရဲဘော်အပေါင်းတို့…
ကျွန်တော်တို့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေအနေနဲ့ စစ်ရေးအောင်မြင်မှုတွေ ရရှိနေတဲ့ ကြားကပဲ အကြမ်းဖက်စစ်တပ်ရဲ့ သာလွန်အင်အားနဲ့ ရင်ဆိုင်ကြရတဲ့အခါမှာ ပြည်သူလူထုရဲ့ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်ဖို့နဲ့ အစုလိုက်အပြုံလိုက် ထိခိုက်နစ်နာမှုတွေ မဖြစ်ပေါ်စေဖို့ အတွက် အလေးထား စဉ်းစားခဲ့ရတာတွေကြောင့် တချို့သော စစ်ဆင်ရေးနယ်မြေတွေမှာ နည်းဗျူဟာအရ ခံစစ်အနေအထားနဲ့ ရင်ဆိုင်ခဲ့ရတာတွေ၊ ယာယီဆုတ်ခွာပေးခဲ့ရတဲ့ မြေပြင် အမှန်တရားတွေ ရှိခဲ့ပါတယ်။ ဒါဟာ ရန်သူကို ကြောက်လို့မဟုတ်ဘဲ ပြည်သူကို မျက်နှာမူတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ ဆုံးဖြတ်ချက်တွေဖြစ်သလို ရှေ့ဆက်ရမဲ့ ဗျူဟာမြောက် တိုက်ပွဲများအတွက် အင်အားစုဆောင်းတာလဲ ဖြစ်ပါတယ်။ ဒီနေရာမှာ အလျဉ်းသင့်လို့ပြောရရင် စစ်ရေးသဘော သဘာဝအရ လိုအပ်လာတဲ့အခါ တန်ပြန်ထိုးစစ်မှ ခုခံစစ်ကို တစ်ဖန်ဆင်နွှဲရတဲ့အခါ စိတ်ဓာတ်ရေးရာအရ အားလျော့မသွားကြဖို့ သတိပေးလိုပါတယ်။
ပြည်သူ့ကာကွယ်ရေးရဲဘော်အပေါင်းတို့ …
လက်ရှိ ကျွန်တော်တို့ လျှောက်လှမ်းနေတဲ့ တော်လှန်ရေးခရီးဟာ ခဏလေးနဲ့ပြီးမဲ့ အပြေးပြိုင်ပွဲ မဟုတ်ဘဲ ကျွန်တော်တို့လိုချင်တဲ့ ပန်းတိုင်မရောက်မချင်း လျှောက်လှမ်းကြရမဲ့ ခရီးရှည်ကြီးတစ်ခု ဖြစ်ပါတယ်။ ဒီလိုခရီးမျိုးမှာ “ဘယ်သူက ပိုပြီးကြံ့ကြံ့ခံနိုင်မလဲ” “ဘယ်သူက ပိုပြီးဇွဲရှိမလဲ” ဆိုတဲ့အချက်ကပဲ အောင်ပွဲအတွက် အဓိကအဆုံးအဖြတ် ပေးသွားမှာ ဖြစ်ပါတယ်။ ခရီးက ရှည်လျားလွန်းတော့ လူဆိုတာ ပင်ပန်းတတ်တာ သဘာဝပဲ ဖြစ်ပါတယ်။ ပင်ပန်းလာတဲ့အခါ ခဏနားပါ၊ ဒါပေမဲ့ လမ်းဆုံးအထိ ဆက်လျှောက်ရမှာ ဖြစ်ပါတယ်။ အဲဒီလို နားနေတာဟာ လက်နက်ချဖို့ မဟုတ်သလို၊ လမ်းခုလတ်မှာ ရပ်တန့်သွားဖို့လည်း မဟုတ်ပါဘူး။ အားအင်တွေ ပြန်ပြည့်လာပြီဆိုတာနဲ့ ရှေ့ကို ဆက်လျှောက်ရမယ်ဆိုတဲ့ အသိစိတ်ကတော့ ရဲဘော်တွေနဲ့အတူ အမြဲရှိနေရမှာ ဖြစ်ပါတယ်။ တစ်ဦးချင်းစီက ပင်ပန်းတဲ့အခါ အနားယူ၊ အားပြန်ဖြည့်ပြီး အချင်းချင်း ပြန်တွဲခေါ်သွားကြမယ်ဆိုရင် အောင်ပွဲက ကျွန်တော်တို့ လက်တစ်ကမ်းမှာပဲ ရှိနေမှာ ဖြစ်ပါတယ်။ ငါတို့အားလုံးဟာ တစ်လှေတည်းစီး တစ်ခရီးတည်းသွား၊ ငါတို့ တိုင်းပြည် လွတ်လပ်ရေး အတွက် ငါတို့ကျရာတာဝန်ကို ယူကြမယ် ဆိုတဲ့ စိတ်ဓာတ်ကို ခိုင်ခိုင်မာမာဆုံးဖြတ်ပြီး တာဝန်သိစိတ်၊ တာဝန်ယူစိတ်ကို လက်တွေ့ကျကျ အကောင်အထည် ဖော်ကြဖို့ အထူး တိုက်တွန်းလိုပါတယ်။
ပြည်သူ့ကာကွယ်ရေးရဲဘော်အပေါင်းတို့…
တပ်တစ်ခုရဲ့ အင်အားဟာ လက်နက်ခဲယမ်းတွေ အပေါ်မှာတင် မူတည်တာ မဟုတ်ပါဘူး။ အဲဒီတပ်ရဲ့ “ကျင့်ဝတ်” စောင့်ထိန်းမှုဟာ ရန်သူကို ပစ်ခတ်တဲ့ ကျည်ဆန်ထက်ပင် ပိုမို အစွမ်းထက်ပါတယ်။ ဒါကြောင့် ရဲဘော်တို့အနေနဲ့ စစ်ရေးအရှိန်အဟုန် မြင့်မားလာတာနဲ့အမျှ ပြည်သူလူထုအပေါ် ကာကွယ်စောင့်ရှောက်ပြီး ပြည်သူအားလုံးက ချစ်ခင်လေးစား ယုံကြည် အားကိုးရတဲ့၊ လူ့အခွင့်အရေးနဲ့ စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်တွေကို ခိုင်မြဲစွာ စောင့်ထိန်းနိုင်တဲ့ ပြည်သူ့ရင်သွေးများ ဖြစ်အောင် ကြိုးစားကြဖို့ မှာကြားလိုပါတယ်။ တော်လှန်ရေးကာလ ကြာရှည် လာတာနဲ့အမျှ လူထုကို ဝန်ထုပ်ဝန်ပိုးဖြစ်စေမဲ့ ကိစ္စရပ်တွေ၊ လူထုထောက်ခံမှု ကျဆင်းစေမဲ့ လုပ်နည်းလုပ်ဟန်အမှားတွေကို လုံးဝ ရှောင်ကြဉ်ကြဖို့ အလေးအနက် တိုက်တွန်းချင်ပါတယ်။ အကြမ်းဖက်စစ်ကောင်စီရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ကျွန်တော်တို့က အမုန်းတရားနဲ့ လက်စားချေတဲ့နည်းကို မသုံးဘဲ၊ တရားမျှတမှု၊ ဥပဒေစိုးမိုးမှုနဲ့ လူသားဆန်မှုဆိုတဲ့ ဒီမိုကရေစီရဲ့ အခြေခံတန်ဖိုးတွေကို လက်ကိုင်ထားပြီး ရှေ့ဆက်နေကြတာဟာ ရဲဘော်တို့ရဲ့ အကြီးမားဆုံးသော ကျင့်ဝတ်ပိုင်းဆိုင်ရာ အောင်ပွဲပဲ ဖြစ်ပါတယ်။
ပြည်သူလူထုနဲ့ ဆက်ဆံတဲ့အခါမှာ လေးစားသမှုနဲ့ ဆက်ဆံရမှာဖြစ်သလို အထူးသဖြင့် အမျိုးသမီးများနှင့် ကလေးငယ်များအပေါ် ကာကွယ်စောင့်ရှောက်ရမှာ ဖြစ်ပါတယ်။ ပြည်သူပိုင် ပစ္စည်းတွေကို မထိပါးကြဖို့နဲ့ စစ်ဆင်ရေးတွေမှာလည်း လိုအပ်တဲ့ အင်အားကိုသာ အသုံးပြုပြီး ထိခိုက်ပျက်စီးမှု အနည်းဆုံးဖြစ်အောင် စီမံကြဖို့ လိုအပ်ပါတယ်။ ရဲဘော်တို့ဟာ “ပြည်သူ့အတွက် ပြည်သူက မွေးဖွားပေးလိုက်တဲ့ စစ်သည်တော်ကောင်းတွေ” ဖြစ်ပါတယ်။ ရန်သူနဲ့ မတူတာက လူ့ဂုဏ်သိက္ခာကို တန်ဖိုးထားတာဖြစ်လို့ စစ်သုံ့ပန်းတွေအပေါ်မှာလည်း ဂျီနီဗာ ကွန်ဗင်းရှင်းပါ ပြဋ္ဌာန်းချက်တွေအတိုင်း လူသားဆန်စွာ ဆက်ဆံရမှာ ဖြစ်ပါတယ်။ တော်လှန်ရေးဆိုတာ လက်နက်ကိုင်တိုက်ပွဲဝင်ခြင်း တစ်ခုတည်းမဟုတ်ဘဲ ပြည်သူ့ယုံကြည်မှု၊ နိုင်ငံရေးရင့်ကျက်မှုနဲ့ စည်းကမ်းသေဝပ်မှုတို့ ပေါင်းစပ်မှသာ အောင်ပွဲကို အမြန်ဆုံး ဆွတ်ခူးနိုင်မှာ ဖြစ်ပါတယ်။
ရဲဘော်တို့ဟာ ပြည်သူ့စစ်မဟာဗျူဟာကို ကျင့်သုံးနေရတာဖြစ်တဲ့အတွက် လူထု ထောက်ခံမှု၊ လူထုပံ့ပိုးမှုဟာ ပြည်သူ့ကာကွယ်ရေးတပ်မတော်တစ်ရပ်အတွက် အသက်သွေးကြောတမျှ အရေးကြီးသလို ပြည်သူကို မျက်နှာမူဖို့၊ ပြည်သူကို ကာကွယ်ဖို့ဆိုတဲ့ မူလရည်မှန်းချက်ကို ဘယ်သောအခါမှ မမေ့ကြဖို့ အလေးအနက် တိုက်တွန်းလိုပါတယ်။
ပြည်သူ့ကာကွယ်ရေးရဲဘော်အပေါင်းတို့…
ရန်သူဟာ လက်နက်၊ လူအင်အားနဲ့ လေကြောင်းပစ်ကူတွေ အားသာနေချိန်မှာ ကျွန်တော်တို့ရဲ့ တော်လှန်ရေး စိတ်ဓာတ်ကို ဖြိုလဲဖို့ သတင်းမှားတွေ၊ ဝါဒဖြန့်မှုတွေနဲ့ အဆက်မပြတ် တိုက်ခိုက်နေတာကို သတိပြုကြရမှာ ဖြစ်ပါတယ်။ ရန်သူ့အင်အား သာနေချိန်မှာတောင် ရဲဘော်တို့ရဲ့ စိတ်ဓာတ်ကို သူတို့ မဖြိုလဲနိုင်ရင် အဲဒီစိတ်ဓာတ်ကပဲ အောင်ပွဲဆီကို ခေါ်ဆောင်သွားမှာ ဖြစ်ပါတယ်။ စစ်ပွဲတစ်ခုရဲ့ အဆုံးအဖြတ်ဟာ လက်နက်အင်အားထက် တိုက်ပွဲဝင်နေသူတွေရဲ့ မယိမ်းယိုင်တဲ့ ယုံကြည်ချက်အပေါ်မှာပဲ မူတည်ပါတယ်။
ခေတ်ပြောင်းစနစ်ပြောင်း တော်လှန်ရေးဟာ ယနေ့ခေတ် မျိုးဆက်သစ်တွေရဲ့ စိတ်ပိုင်းဖြတ်မှု အရှိန်အဟုန်တွေနဲ့ ဘယ်သူမှ တွန်းလှဲရပ်တန့်လို့မရတဲ့ အနေအထားကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။ ဒီကနေ့ ရရှိနေတဲ့ နိုင်ငံရေး၊ စစ်ရေး အောင်မြင်မှုတွေဟာ ပြည်သူ့ကာကွယ်ရေးတပ်မတော် တစ်ခုတည်းရဲ့ ကြိုးပမ်းမှု သက်သက်မဟုတ်ဘဲ၊ မဟာမိတ် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းတွေရဲ့ စည်းလုံးညီညွတ်မှု၊ နားလည်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေအပြင် ပြည်တွင်းပြည်ပက ပြည်သူလူထုရဲ့ ယနေ့အချိန်အထိ မယိမ်းမယိုင်တဲ့ ယုံကြည်ချက်၊ အားပေး ထောက်ခံမှု၊ ပံ့ပိုးကူညီမှုတွေကြောင့်သာ ဖြစ်ပါတယ်။
ပြည်သူ့ကာကွယ်ရေးရဲဘော်အပေါင်းတို့ …
နိဂုံးချုပ်အနေနဲ့ ပြောကြားလိုတာကတော့ ကျွန်တော်တို့ ဆက်လက်လျှောက်လှမ်းနေတဲ့ တော်လှန်ရေး ခရီးစဉ်ဟာ စိန်ခေါ်မှုတွေ၊ အခက်အခဲတွေလည်း ပိုမိုကြီးမားလာနိုင်ပါတယ်။ ဒါပေမဲ့လဲ ပြည်သူလူထုရဲ့ မဆုတ်မနစ်တဲ့ ထောက်ခံပံ့ပိုးမှု၊ တော်လှန်ရေး အင်အားစုအသီးသီးရဲ့ စည်းလုံး ညီညွတ်မှု၊ ရဲဘော်တို့ရဲ့ ဇွဲ၊ သတ္တိ၊ စိတ်ဓာတ်ခိုင်မာမှုတွေနဲ့အတူ အကြမ်းဖက် စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းပြီး၊ အားလုံးတန်းတူညီမျှမှုရှိတဲ့ “ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု” ကြီးကို မကြာမီကာလမှာ မလွဲမသွေ တည်ဆောက်နိုင်တော့မယ်လို့ အပြည့်အဝ ယုံကြည်ပါတယ်။
(၅) နှစ်တာကာလအတွင်း ရရှိခဲ့တဲ့ သင်ခန်းစာတွေ၊ အတွေ့အကြုံတွေကို ရယူပြီး ပိုမို ကောင်းမွန်တဲ့ မဟာဗျူဟာတွေ၊ ပိုမိုသာလွန်တဲ့ အားထုတ်ကြိုးပမ်းမှုတွေနဲ့ ရှေ့ဆက်ကြဖို့ တိုက်တွန်းလိုပါတယ်။ ပြည်သူ့အာဏာကို ပြည်သူ့ထံ မလွဲမသွေ ပြန်လည်အပ်နှင်းနိုင်ရေးအတွက် တိုင်းရင်းသားညီနောင် မဟာမိတ်တပ်ဖွဲ့များနဲ့အတူ စုစည်းညီညွတ်စွာ လက်တွဲညီညီနဲ့ အောင်ပွဲဆီ သို့ ဆက်လက် ချီတက်ကြပါစို့လို့ တိုက်တွန်းရင်း နိဂုံးချုပ်အပ်ပါတယ်။
Scroll to Top