စစ်ကိုင်း၊ ဩဂုတ် ၁၀
မြန်မာနိုင်ငံအထက်ပိုင်းဒေသတွင် ဆက်တိုက် မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့် ဆည်ရေများ ဖောက်ထုတ်ခြင်းတို့ကြောင့် စစ်ကိုင်းယူနစ်အတွင်း ရေကြီးရေလျှံမှုများ ဆိုးရွားစွာ ဖြစ်ပေါ်လျက်ရှိပါသည်။ ဩဂုတ်လ (၉) ရက်နေ့အထိ ရရှိထားသော စာရင်းများအရ စစ်ကိုင်းယူနစ်တွင် အိမ်ထောင်စုပေါင်း (၅၁,၀၂၈) စုမှ လူဦးရေ (၂၂၃,၇၆၁) ဦးခန့် ရေဘေးဒဏ်ကို ခံစားနေရပါသည်။ ထို့ပြင် ဒေသတွင်း နေအိမ်များ ရေနစ်မြုပ်ခြင်း၊ စိုက်ပျိုးမြေဧက ထောင်ပေါင်းများစွာ ရေလွှမ်းမိုးခြင်းနှင့် ချောင်းကူးတံတားများ ပျက်စီးခြင်း စသည့် ကြီးမားသော ဆုံးရှုံးမှုများနှင့်လည်း ကြုံတွေ့နေရပါသည်။
လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးနှင့် အဖွဲ့ဝင်များက ရေဘေးကြုံတွေ့နေရသော ကျေးရွာ (၉) ရွာသို့အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေး ကိစ္စရပ်များအတွက် ငွေကျပ် သိန်း (၁၀၀) ကို ကနဦး ထောက်ပံ့ခဲ့ပြီး စားနပ်ရိက္ခာနှင့် အမိုးအကာများကိုလည်း ပေးအပ်ခဲ့ပါသည်။
ထို့အပြင် ရေဘေးအန္တရာယ်ကို အချိန်မီ ထိရောက်စွာ တုံ့ပြန်ကူညီနိုင်ရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန (NUG-MoSLHA) နှင့် စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရ၊ လူသားစာနာဝန်ကြီးဌာန (SFUIG-MoHAREM) တို့ ပူးပေါင်းကာ “အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေး ပူးပေါင်းကော်မတီ (Joint Emergency Response Committee – JERC)” ကို ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၈) ရက်နေ့တွင် သဘောတူညီဖွဲ့စည်းခဲ့ပြီး၊ ဩဂုတ်လ (၉) ရက်နေ့တွင် တရားဝင် ထုတ်ပြန်ကြေညာကာ ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။
လက်ရှိအခြေအနေတွင် ရေဘေးသင့် စစ်ဘေးရှောင်ပြည်သူများအား ယာယီနေရာချထားရေးနှင့် ထောက်ပံ့ပို့ဆောင်ရေး အစီအမံများကို သက်ဆိုင်ရာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များနှင့် လူမှုရေးအဖွဲ့အစည်းများက ပူးပေါင်းဆောင်ရွက်ကာ စားနပ်ရိက္ခာ အကူအညီများ ထောက်ပံ့ပေးလျက်ရှိပါသည်။ သို့သော်လည်း အရေးပေါ်ကယ်ဆယ်ရေးနှင့် လူသားချင်းစာနာမှု အကူအညီများ ဆက်လက်လိုအပ်နေဆဲဖြစ်ပါသဖြင့် ပြည်သူများအနေဖြင့် ရေဘေးသင့်၊ စစ်ဘေးရှောင် ပြည်သူများအတွက် လိုအပ်နေသော လူသားချင်းစာနာထောက်ထားမှု အကူအညီများကို ဝိုင်းဝန်းကူညီပံ့ပိုးပေးကြပါရန် မေတ္တာရပ်ခံ ပန်ကြားအပ်ပါသည်။’