၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၁၂) ရက်
ယနေ့ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၁၂) ရက်နေ့တွင် ကျရောက်သော (၇၆) နှစ်မြောက် ကရင်အာဇာနည်နေ့ အခါသမယတွင် ကရင်အမျိုးသားခေါင်းဆောင်များ၊ ကရင်အမျိုးသား အစည်းအရုံး (KNU/KNLA) မှ ခေါင်းဆောင်များနှင့် ရဲဘော်များ၊ ပြည်တွင်းပြည်ပရှိ ကရင် တိုင်းရင်းသား ညီအစ်ကိုမောင်နှမများနှင့်တကွ ပြည်ထောင်စုဖွား တိုင်းရင်းသားပြည်သူတရပ်လုံး ဘေးအန္တရာယ်ကင်းရှင်း၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည်။
၁၉၅၀ ပြည့်နှစ်၊ ဩဂုတ်လ (၁၂) ရက်နေ့တွင် ကော့ကရိတ်မြို့နယ်၊ ထို့ကော်ကိုးကျေးရွာ၌ အကြမ်းဖက်စစ်အာဏာရှင်များကို မဆုတ်မနစ်သော ဇွဲ၊ ပြောင်မြောက်သော ရဲစွမ်းသတ္တိတို့ဖြင့် ခုခံတိုက်ခိုက်ရင်း ကရင်အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌ စောဘဦးကြီး၊ ဗိုလ်ချုပ်စောစိုင်းကေနှင့်တကွ ကရင်တိုင်းရင်းသား ရဲဘော်ရဲဘက်များ မြင့်မြတ်စွာ အသက်ပေးလှူခဲ့ကြရပါသည်။ ထိုနေ့ရက်သည် ကရင်လူမျိုးတို့၏ အမျိုးသားရေးနှင့် တော်လှန်ရေးသမိုင်းတစ်လျှောက် မေ့ပျောက်၍မရနိုင်သော၊ အစဉ်အမြဲ ဦးညွှတ်ဂုဏ်ပြုရမည့် ဝမ်းနည်းကြေကွဲဖွယ်ရာ နေ့တစ်နေ့ဖြစ်ခဲ့ပြီး ဤအောက်မေ့ဖွယ် ကရင်အာဇာနည်နေ့ကို တန်ဖိုးထား ဂုဏ်ယူစွာဖြင့် ကျင်းပလာခဲ့သည်မှာ ယနေ့ဆိုလျှင် (၇၆) နှစ်တိုင်ခဲ့ပြီ ဖြစ်ပါသည်။
နှစ်ပေါင်း (၇၀) ကျော် တော်လှန်ရေး ခရီးကြမ်းမှသည် မျက်မှောက်ခေတ် နွေဦး တော်လှန်ရေးကာလအထိ ကရင်အမျိုးသားခေါင်းဆောင် စောဘဦးကြီး ချမှတ်ခဲ့သည့် လမ်းညွှန်မူ (၄) ချက်ကို မဆုတ်မနစ် ကိုင်စွဲပြီး ကရင်အမျိုးသား တော်လှန်ရေးအတွက်သာမက မြန်မာနိုင်ငံ တစ်ဝန်းလုံး စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး ဟူသော ဘုံရည်မှန်းချက်အတွက် ဆယ်စုနှစ်များစွာတိုင် ရှေ့တန်းမှ ဦးဆောင်နေသော KNU/KNLA ၏ ရပ်တည်ချက်နှင့် စွန့်လွှတ်အနစ်နာခံမှုများကို အမျိုးသားညီညွတ်ရေးအစိုးရက အထူးပင် လေးစားဂုဏ်ယူမှတ်တမ်းတင်အပ်ပါသည်။
ယနေ့အချိန်အခါတွင် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ၏ စုပေါင်းခေါင်းဆောင်မှုအောက်တွင် နွေဦးတော်လှန်ရေး အင်အားစုများအကြား နိုင်ငံရေးနှင့် စစ်ရေးဆိုင်ရာ ဟန်ချက်ညီ ပူးပေါင်းဆောင်ရွက်မှုများသည် ပိုမိုအားကောင်းလာခဲ့ပြီး အမြင့်မားဆုံး သော စည်းလုံးညီညွတ်မှု အခြေအနေသို့ ရောက်ရှိနေပြီဖြစ်ပါသည်။ တော်လှန်ရေး အင်အားစုများ အနေဖြင့် One Policy, One Strategy ကို ကျင့်သုံးလျက် စစ်ရေး၊ နိုင်ငံရေး၊ အုပ်ချုပ်ရေးနှင့် သံတမန်ရေးရာ မျက်နှာစာပေါင်းစုံတွင် ဟန်ချက်ညီညာစွာ ပူးပေါင်းဖော်ဆောင်နေမှုသည် အကြမ်းဖက်စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းရေးနှင့် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ် တည်ဆောက်ရေးတို့အတွက် ကြီးမားသော တွန်းအားတစ်ရပ် ဖြစ်လာနေပြီ ဖြစ်ပါသည်။
စစ်ရေး၊ နိုင်ငံရေး အရပ်ရပ်တွင် ရှုံးနိမ့်လျက် အသက်ငင်နေပြီဖြစ်သော အကြမ်းဖက် စစ်အုပ်စုသည် ၎င်းတို့၏ အာဏာသက်တမ်းကို ဆွဲဆန့်နိုင်ရန်အတွက် အပြစ်မဲ့ ပြည်သူလူထုအပေါ် လူမဆန်စွာ ပစ်မှတ်ထား အကြမ်းဖက် တိုက်ခိုက်နေသည့်အပြင်၊ တော်လှန်ရေးအင်အားစုများ အကြား သွေးကွဲစေရန် နိုင်ငံရေးလှည့်ကွက်များနှင့် ပရိယာယ်မျိုးစုံ အသုံးပြုလာသည်ကို တွေ့ရပါသည်။ သို့ဖြစ်ပါ၍ တော်လှန်ရေး အင်အားစုအသီးသီးနှင့် ပြည်သူလူထုတရပ်လုံးအနေဖြင့် ရန်သူ၏ လှည့်ကွက်မှန်သမျှကို ခိုင်မာသော နိုင်ငံရေးသတိ၊ တော်လှန်ရေးအသိတို့ဖြင့် ကြံ့ကြံ့ခံ ရင်ဆိုင်ကျော်လွှားပြီး၊ စည်းလုံးညီညွတ်မှုကို ပိုမိုခိုင်မာအောင် တည်ဆောက်ကာ အဆုံးသတ် တိုက်ပွဲဆီသို့ ဟန်ချက်ညီညီ ဆက်လက်ချီတက်ကြပါရန် အလေးအနက် တိုက်တွန်းနှိုးဆော် အပ်ပါသည်။
အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ကရင်အာဇာနည် ခေါင်းဆောင်ကြီးများ မျှော်ရည် ခဲ့သော နိုင်ငံရေးလမ်းစဉ်များကို အပြည့်အဝ နားလည်လေးစားလျက်၊ တိုင်းရင်းသားပြည်သူ တရပ်လုံး လိုလားတောင့်တနေသည့် စစ်အာဏာရှင်စနစ် အပြီးတိုင် ချုပ်ငြိမ်းရေး၊ အမျိုးသား တန်းတူညီမျှရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ အပြည့်အဝ အာမခံချက်ရှိသော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး တို့အတွက် ကရင်အမျိုးသားအစည်းအရုံး (KNU) အပါအဝင် တိုင်းရင်းသားညီနောင်များ၊ မိတ်ဖက်တော်လှန်ရေး အင်အားစုများအားလုံးနှင့် လက်တွဲ၍ အဆုံးတိုင် ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း အလေးအနက် ကတိသစ္စာပြုလျက် ဤသဝဏ်လွှာကို ပေးပို့အပ်ပါသည်။
အမျိုးသားညီညွတ်ရေးအစိုးရ