အမျိုးသားညီညွတ်ရေးအစိုးရက (၅၁) နှစ်ပြည့် ကချင်အာဇာနည်နေ့အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့သော ဂါရဝပြုသဝဏ်လွှာ

၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၁၀) ရက်
ယနေ့ ၂၀၂၆ ခုနှစ်၊ သြဂုတ်လ ၁၀ ရက်နေ့တွင် ကျရောက်သော ကချင်တိုင်းရင်းသားတို့၏ (၅၁) နှစ်မြောက် ကချင်အာဇာနည်နေ့ (Share Shagan Masat Ninghtoi) အခါသမယတွင် ကချင်အမျိုးသား ခေါင်းဆောင်ကြီးများနှင့်တကွ ကချင်လွတ်လပ်ရေးအဖွဲ့/ကချင်လွတ်လပ်ရေး တပ်မတော် (KIO/KIA) မှ ခေါင်းဆောင်များနှင့် ရဲဘော်များ၊ ကချင်အနွယ်ဝင်မျိုးနွယ်စုများ၊ ပြည်တွင်းပြည်ပရှိ ကချင်ပြည်သူတရပ်လုံးနှင့် ပြည်ထောင်စုဖွား တိုင်းရင်းသားညီအစ်ကို မောင်နှမများအားလုံး ဘေးအန္တရာယ်ကင်းရှင်း၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်း ဦးစွာ ဆုတောင်းမေတ္တာပို့သအပ်ပါသည်။
စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် ရရှိရေးတို့အတွက် KIO/KIA တို့ကို စတင်တည်ထောင်ကာ ဦးဆောင်ခဲ့ကြသည့် ကချင်အမျိုးသား ခေါင်းဆောင်ကြီးများအား ၁၉၇၅ ခုနှစ်၊ ဩဂုတ်လ (၁၀) ရက်နေ့တွင် အာဏာရှင်တို့၏ လက်ပါးစေ မသမာသူတစ်စု၏ လုပ်ကြံသတ်ဖြတ်မှုကြောင့် တိုင်းပြည်နှင့် လူမျိုးအတွက် အသက်ပေးလှူသွားခဲ့ ကြရပါသည်။ ထိုသို့ ခေါင်းဆောင်ကြီးများ၏ ကြီးမြတ်လှသော စွန့်လွှတ်အနစ်နာခံမှုနှင့် ပေးဆပ်ခဲ့မှုများကို အစဉ်အောက်မေ့ ဂုဏ်ပြုသောအားဖြင့် အဆိုပါနေ့ကို “ကချင်အာဇာနည်နေ့” အဖြစ် သတ်မှတ်ကျင်းပလာခဲ့ရာ ယခုအခါ (၅၁) နှစ်တိုင်ခဲ့ပြီ ဖြစ်ပါသည်။
ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့ရခြင်းသည် ကချင်လူထုတရပ်လုံးအတွက် ကြီးမားလှသော ဆုံးရှုံးနစ်နာမှုကြီး ဖြစ်ခဲ့သော်လည်း ကချင်လူမျိုးတို့သည် ကချင်တော်လှန်ရေး တပ်ဦးဖြစ်သည့် KIO/KIA ၏ ဦးဆောင်မှုအောက်တွင် ပိုမိုခိုင်မာစွာ ညီညွတ်စုစည်း၍ တောင်တန်းမြေပြန့် မခွဲခြားဘဲ ပြည်ထောင်စုဖွား တိုင်းရင်းသားညီနောင်များ အားလုံးနှင့်အတူ တော်လှန်ရေးပန်းတိုင်ဆီသို့ ဦးလည်မသုန် ဆက်လက်ချီတက်နေသည်မှာ အထူးပင် လေးစားဂုဏ်ယူဖွယ် ဖြစ်ပါသည်။
အင်္ဂလိပ်ကိုလိုနီနယ်ချဲ့ လက်အောက်မှ လွတ်မြောက်ရေးမှသည် ခေတ်အဆက်ဆက် အာဏာရှင်စနစ် ဆန့်ကျင်ရေး ခရီးကြမ်းတစ်လျှောက် အသက်သွေးချွေးများစွာ ရင်းနှီးမြှုပ်နှံခဲ့ကြ သော ကချင်အမျိုးသားခေါင်းဆောင်ကြီးများနှင့်တကွ ကချင်အာဇာနည် သူရဲကောင်းအပေါင်းတို့၏ မြင့်မြတ်လှသော စွန့်လွှတ်အနစ်နာခံမှုများကို အမျိုးသားညီညွတ်ရေးအစိုးရက အစဉ် အောက်မေ့လျက် လေးနက်စွာ ဦးညွှတ် ဂါရဝပြုအပ်ပါသည်။
အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ကချင်ပြည်သူလူထု၏ နိုင်ငံရေး မျှော်မှန်းချက်များကို အပြည့်အဝ နားလည်လေးစားလျက်၊ အာဇာနည်ခေါင်းဆောင်ကြီးများ လိုလားတောင့်တခဲ့သော နိုင်ငံရေးပန်းတိုင်များဆီသို့ မရောက်ရောက်အောင် မဟာမိတ် ကချင်တော်လှန်ရေးအင်အားစုများနှင့် အတူ စစ်ရေး အစရှိသည့် ဘက်စုံကဏ္ဍစုံမှ ဟန်ချက်ညီညီ ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ခိုင်မာစွာ ကတိပြုအပ်ပါသည်။
(၅၁) နှစ်မြောက် ကချင်အာဇာနည်နေ့မှသည် ကချင်အာဇာနည်အဆက်ဆက်တို့၏ လိုလားချက်များ ဆက်လက်ရှင်သန်ခိုင်မာစေပြီး၊ ကချင်ပြည်သူတရပ်လုံး လိုလားတောင့်တသော အမျိုးသားတန်းတူရေး၊ တရားမျှတမှုနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိသည့် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ်ကြီးကို တော်လှန်ရေးအင်အားစုများအားလုံး၏ စုစည်းညီညွတ်သော အင်အားဖြင့် မလွဲမသွေ အတူတကွ လက်တွဲတည်ဆောက်သွားနိုင်မည်ဟု အပြည့်အဝ ယုံကြည်သန္နိဋ္ဌာန်ချမှတ်လျက် ဤသဝဏ်လွှာကို ပေးပို့အပ်ပါသည်။
အမျိုးသားညီညွတ်ရေးအစိုးရ
Scroll to Top