၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၇) ရက်
ပြည်သူ့ကာကွယ်ရေးတပ်မတော် တည်ထောင်ခြင်း (၅) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဒီကနေ့ ကျင်းပပြုလုပ်တဲ့ စစ်ဘက်ဆိုင်ရာ သူရဲကောင်းဘွဲ့၊ ဆုနှင့် တံဆိပ်များ ချီးမြှင့်ခြင်း အခမ်းအနားကို တက်ရောက်လာကြသော နိုင်ငံတော် ယာယီသမ္မတကြီးနဲ့တကွ ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ မဟာမိတ် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများမှ ခေါင်းဆောင်များ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ စစ်ရေး၊ အုပ်ချုပ်ရေး အဆင့်ဆင့် တာဝန်ရှိသူများ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ စစ်ကြောင်းမှူးများ၊ တပ်ရင်းမှူးများ၊ အရာရှိ၊ စစ်သည်၊ ရဲဘော်များအာလုံး ကျန်းမာဘေးကင်း၍ တာဝန်များကို ကောင်းမွန်စွာ ထမ်းဆောင်နိုင်ကြ ပါစေကြောင်း ဦးစွာ ဆုတောင်းမေတ္တာပို့သရင်း နှုတ်ခွန်းဆက်သအပ်ပါတယ်။
ဒီနေ့ဟာဆိုရင် ပြည်သူ့ခုခံတွန်းလှန်စစ် စတင်ကြောင်း ကြေညာတာ (၅) နှစ်ပြည့်မြောက်တဲ့ သမိုင်းဝင်နေ့ ဖြစ်ပြီး ယခုကျင်းပတဲ့ အခမ်းအနားဟာလည်း ငါးနှစ်တာကာလအတွင်း ပြည်သူ့ တော်လှန်ရေးမှာ စွမ်းစွမ်းတမံ ပါဝင်တာဝန်ထမ်းဆောင်နေကြတဲ့ ရဲဘော်များရဲ့ ကြိုးပမ်း အားထုတ်မှုများကို အသိအမှတ်ပြု ဂုဏ်ပြုချီးမြှင့်တဲ့ အခမ်းအနားတစ်ရပ် ဖြစ်တာကြောင့် အလွန်ပဲ ဂုဏ်ယူစရာကောင်းတဲ့ နေ့တစ်နေ့ ဖြစ်ပါတယ်။ ဒီလို အဓိပ္ပာယ် ပြည့်ဝတဲ့နေ့မှာ တိုင်းပြည်နဲ့ လူမျိုးအတွက်၊ နွေဦးတော်လှန်ရေးကြီးရဲ့ ရှေ့တန်းမျက်နှာစာ အသီးသီးမှာ အသက်၊ သွေး၊ ချွေးတွေကို ပဓာနမထားဘဲ စွမ်းစွမ်းတမံ ရွပ်ရွပ်ချွံချွံ ပါဝင် တာဝန်ထမ်းဆောင်နေကြတဲ့ ရဲဘော်တို့ အားလုံးအတွက် အထူးပဲ ဝမ်းမြောက်ဂုဏ်ယူမိကြောင်း ပြောကြားလိုပါတယ်။
ပြီးခဲ့တဲ့ (၅) နှစ်တာကာလအတွင်း ဖြတ်သန်းကျော်ဖြတ်ခဲ့ရတဲ့ ခရီးဟာ ဘယ်လောက်တောင် ခက်ခဲကြမ်းတမ်းခဲ့သလဲဆိုတာ ရဲဘော်တို့အသိဆုံး ဖြစ်ပါတယ်။ မတရားတဲ့ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းဖို့နဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီး တည်ဆောက်ဖို့ဆိုတဲ့ ဘုံရည်မှန်းချက် အတွက် ဘာမှမရှိတဲ့ သုညအခြေအနေကနေ လက်နက်စွဲကိုင် တော်လှန်ခဲ့ကြတာ ဖြစ်ပါတယ်။ ရဲဘော်တို့ရဲ့ စွန့်လွှတ်အနစ်နာခံမှု၊ ရဲရင့်စွန့်စားမှုတို့နဲ့ ခက်ခဲကြမ်းတမ်းစွာ စတင်ခဲ့ရတဲ့ ဒီတော်လှန်ရေးတပ်မတော်ကြီးဟာ ယနေ့အချိန်အခါမှာတော့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ် ပေါ်ထွန်းရေးအတွက် မရှိမဖြစ် လိုအပ်တဲ့ စနစ်ကျပြီး ကြံ့ခိုင်တောင့်တင်းတဲ့ ပြည်သူ့ တပ်မတော်တစ်ရပ်အဖြစ် ပိုမို တိုးတက် ခိုင်မာလာပြီဖြစ်ပါတယ်။
ဒီ (၅) နှစ်တာအတွင်း ရဲ အသက်သွေးချွေး ပေးဆပ်သွားခဲ့ကြတဲ့ မြင့်မြတ်သော သူရဲကောင်း ရဲဘော်များရဲ့ ဝိညာဉ်များကို လေးနက်စွာ ဂုဏ်ပြုလိုသလို၊ ရဲဘော်တို့ရဲ့ နောက်ကွယ်ကနေ စိတ်ပိုင်းဆိုင်ရာ ခွန်အားပေးပြီး စောင့်မျှော် နားလည်ပေးကြတဲ့ မိသားစုဝင်များရဲ့ အနစ်နာခံမှုကိုလည်း ထိုက်ထိုက်တန်တန် မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါတယ်။
ယနေ့ ချီးမြှင့်တဲ့ ဂုဏ်ထူးဆောင်ဘွဲ့နဲ့ ဆုတံဆိပ်တွေဟာ ရဲဘော်တို့ရဲ့ စွန့်လွှတ်စွန့်စား ထမ်းဆောင်ခဲ့မှုများကို အသိအမှတ်ပြုရုံတင် မကဘဲ၊ အနာဂတ်မှာ ဆက်လက်ထမ်းဆောင်ရမယ့် ပိုမိုကြီးမားတဲ့ ပြည်သူ့တာဝန်များကို ပိုမိုတာဝန်ယူမှုရှိရှိ ဆောင်ရွက်သွားကြဖို့ သတိပေးလိုက်တဲ့ အမှတ်အသားတစ်ခုလည်း ဖြစ်ပါတယ်။ ဆုတံဆိပ်များ ရရှိခဲ့ကြတဲ့ ရဲဘော်များအနေနဲ့ ဒီဆုတံဆိပ်များနဲ့အတူ ပါလာတဲ့ တာဝန်နဲ့ ဂုဏ်သိက္ခာကို အစဉ်အမြဲ သတိမူပြီး တော်လှန်ရေးရဲ့ စံနမူနာပြ ရဲဘော်များအဖြစ် ဆက်လက် ရပ်တည်သွားကြလိမ့်မယ်လို့လည်း အပြည့်အဝ ယုံကြည်ပါတယ်။
ကျွန်တော်တို့ရဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ဟာ ပြည်သူကနေ ပေါက်ဖွားလာပြီး ပြည်သူ့အတွက် ပေးဆပ် တိုက်ပွဲဝင်နေတဲ့ တပ်မတော် ဖြစ်ပါတယ်။ ဒါကြောင့် “ပြည်သူသာလျှင် အဓိက” ဆိုတဲ့ ခံယူချက်ကို လက်ကိုင်ထားပြီး ပြည်သူလူထုရဲ့ အသက်အိုးအိမ်၊ ဂုဏ်သိက္ခာနဲ့ အခြေခံလူ့အခွင့်အရေးတွေကို တန်ဖိုးထား ကာကွယ်ပေးကြရမှာ ဖြစ်ပါတယ်။ မတရားမှုကို တော်လှန်တဲ့နေရာမှာ ရဲရင့်ပြတ်သားရမှာ ဖြစ်သလို၊ ပြည်သူ့အပေါ်မှာ ကာကွယ်စောင့်ရှောက်တဲ့ အခါမှာလည်း နွေးထွေးကြင်နာပြီး စစ်စည်းကမ်း၊ စစ်ဘက်ဆိုင်ရာကျင့်ဝတ်၊ တာဝန်ယူမှု၊ တာဝန်ခံမှုနဲ့ လူ့အခွင့်အရေးများကို အလေးအနက်ထားကြဖို့ အထူးအရေးကြီးပါတယ်။
စစ်ရေးအောင်မြင်မှုတွေ ဘယ်လောက်ပဲ ရရှိနေပါစေ၊ ပြည်သူ့မေတ္တာနဲ့ ယုံကြည်မှုကို ဆုံးရှုံးသွားရင် အဲဒီတော်လှန်ရေးဟာ အဓိပ္ပာယ်မဲ့သွားမှာ ဖြစ်ပါတယ်။ အထူးသဖြင့် တော်လှန်ရေး ကာလအတွင်းမှာ အထက်အောက် အနိုင်ကျင့်တာမျိုးတွေ၊ လက်နက်အားကိုး၊ အဖွဲ့အစည်းအားကိုးနဲ့ အာဏာပြတာမျိုးတွေကို လုံးဝ ရှောင်ကြဉ်ကြဖို့ အလေးအနက် တိုက်တွန်းချင်ပါတယ်။
ဒီ (၅) နှစ်တာ ခရီးစဉ်ဆိုတာဟာ အချိန်ကာလတစ်ခုကို လွန်မြောက်ခဲ့ရုံတင်မကဘဲ အခက်အခဲများနဲ့ စိန်ခေါ်မှုများအပေါ် ဘယ်လို ရင်ဆိုင်ဖြတ်သန်းခဲ့ကြသလဲဆိုတာကိုပါ ပြန်လည် သုံးသပ်ပြီး လိုအပ်ချက်၊ အားနည်းချက်များကို ပြန်လည်ပြင်ဆင် သုံးသပ်ရမယ့် အချိန်အခါလည်း ဖြစ်ပါတယ်။ ရဲဘော်တို့အနေနဲ့ နွေဦးတော်လှန်ရေးခရီးကြမ်းမှာ တစ်ခါတလေ ပင်ပန်းတဲ့အချိန်၊ အားလျော့ချင်တဲ့အချိန်တွေ ရှိကောင်း ရှိလာနိုင်ပေမယ့် ငါတို့ ဘာကြောင့် ဒီလမ်းကို ရွေးချယ် လျှောက်လှမ်းခဲ့ကြသလဲ ဆိုတာကို သတိရပြီး ပြည်သူလူထု နေ့စဉ်ရင်ဆိုင်ကြုံတွေ့နေရတဲ့ ဘေးဒုက္ခအမျိုးမျိုးနဲ့ အနာဂတ်ဖက်ဒရယ်နိုင်ငံတော်သစ် မျှော်လင့်ချက်ကို မမေ့ကြဖို့ လိုပါတယ်။ ဒီတော်လှန်ရေးဟာ လူတစ်ဦးတစ်ယောက်၊ အဖွဲ့အစည်းတစ်ခုတည်းရဲ့ ကြိုးပမ်းမှုနဲ့ ပြီးမြောက်နိုင်တာ မဟုတ်ဘဲ ပြည်သူလူထုရဲ့ ပါဝင်မှု၊ လူငယ်တွေရဲ့ အားမာန်နဲ့ အဖွဲ့အစည်းအသီးသီးရဲ့ ပူးပေါင်း ဆောင်ရွက်မှု၊ စုစည်းညီညွတ်မှု အင်အားများနဲ့သာ အောင်ပွဲခံနိုင်မှာ ဖြစ်ပါတယ်။
ခေတ်သမိုင်းက တောင်းဆိုလာတဲ့ တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နေကြတဲ့ ရဲဘော်တို့ရဲ့ ပခုံးပေါ်မှာ ပြည်သူလူထုရဲ့ မျှော်လင့်ချက်များစွာ တည်ရှိနေပါတယ်။ ဒါကြောင့် ရှေ့ဆက်ရမယ့် ခရီးမှာ အခက်အခဲနဲ့ စိန်ခေါ်မှုတွေ ဘယ်လောက်ပဲ ရှိနေပါစေ ရဲစွမ်းသတ္တိ၊ စည်းလုံးညီညွတ်မှု၊ ပြည်သူနဲ့ တစ်သားတည်းဖြစ်မှု၊ နိုင်ငံရေးသတိနဲ့ တာဝန်ယူမှုတို့ကို ဆက်လက်ထိန်းသိမ်းထားကြဖို့ လိုအပ်ပါတယ်။
နိဂုံးချုပ်အနေနဲ့ ပြောကြားလိုတာကတော့ ဒီကနေ့ ဂုဏ်ထူးဆောင်ဘွဲ့နဲ့ ဆုတံဆိပ် ရရှိကြသော ရဲဘော်များနဲ့တကွ ပြည်သူ့ကာကွယ်ရေး တပ်မတော်သား အပေါင်းတို့အနေနဲ့ ပြည်သူ့တာဝန်များကို ဆက်လက် ကျေပွန်အောင် ထမ်းဆောင်ရန် ခွန်အားတစ်ရပ်အဖြစ် မှတ်ယူကြဖို့ တိုက်တွန်းလိုပါတယ်။ ရဲဘော်တို့အနေနဲ့ တော်လှန်ရေးသစ္စာကို မြဲမြံစွာဆုပ်ကိုင်ပြီး ပြည်သူ့လွတ်မြောက်ရေးနဲ့ တရားမျှတမှု၊ ငြိမ်းချမ်းမှု၊ တန်းတူညီမျှမှုတို့ကို အာမခံမယ့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုသစ် ပေါ်ထွန်းလာသည်အထိ ပြည်သူလူထုနဲ့အတူ တစ်သားတည်း စည်းလုံးညီညွတ်စွာ အောင်ပွဲဆီသို့ ဆက်လက် ချီတက် တိုက်ပွဲဝင်သွားကြဖို့ တိုက်တွန်းရင်း နိဂုံးချုပ်အပ်ပါတယ်။