(၂၀၂၆ ခုနှစ်၊ မေလ ၁၁ ရက်)
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ၏ အမြဲတမ်းဗဟိုကော်မတီဝင်နှင့် အထွေထွေ အတွင်းရေးမှူးဟောင်း၊ ကရင်နီပြည်သူတို့၏ ခေါင်းဆောင်တစ်ဦးဖြစ်သူ ခွန်းရီမာန်ထူးသည် ၂၀၂၆ ခုနှစ်၊ မေလ (၁၀) ရက်၊ တနင်္ဂနွေနေ့၊ ထိုင်းဒေသစံတော်ချိန် ညနေ (၅) နာရီ (၅၄) မိနစ်အချိန်တွင် ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်မြို့ရှိ သီရီစဝမ်ဆေးရုံ၌ လူကြီးရောဂါဖြင့် ကွယ်လွန်အနိစ္စ ရောက်ရှိသွားကြောင်း ကြားသိရသည့်အတွက် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ကျန်ရစ်သူ မိသားစုဝင်များ၊ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP) နှင့် ကရင်နီပြည်သူများနှင့် ထပ်တူထပ်မျှ အထူးပင် ဝမ်းနည်းကြေကွဲ ရပါကြောင်း ဦးစွာဖော်ပြအပ်ပါသည်။
ခွန်းရီမာန်ထူးသည် ကွယ်လွန်ချိန်တွင် အသက် (၈၂) နှစ်အရွယ်ရှိပြီဖြစ်ပြီး လွန်ခဲ့သော နှစ်ပေါင်း (၅၀) ကျော် ကာလမှစတင်၍ ကရင်နီလူမျိုးတို့၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ တန်းတူညီမျှရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးအတွက်တို့အတွက် မိမိ၏ ဘဝတစ်သက်တာလုံး ပေးဆပ်စတေးကာ တစ်စိုက်မတ်မတ် ကြိုးပမ်းအားထုတ်ခဲ့သော ခေါင်းဆောင်တစ်ဦး ဖြစ်ပါသည်။ ၎င်း၏ ခိုင်မာသော တော်လှန်ရေးစိတ်ဓာတ်၊ မဆုတ်မနစ်သော နိုင်ငံရေးဦးဆောင်မှု၊ မဟာမိတ်များ အပေါ် ထားရှိသည့် ရဲဘော်ရဲဘက်စိတ်ဓာတ်နှင့် ပြည်သူ့အကျိုးပြု လုပ်ငန်းစဉ်များသည် ကရင်နီ ပြည်သူများအတွက်သာမက မြန်မာ့နွေဦးတော်လှန်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီရေးအတွက် ကြိုးပမ်းဆောင်ရွက်နေကြသည့် အင်အားစု အားလုံးအတွက် အားကျအတုယူဖွယ် ဖြစ်ပါသည်။
ခွန်းရီမာန်ထူးသည် ကရင်နီတော်လှန်ရေးနှင့် နိုင်ငံရေးသမိုင်းကြောင်းကို နှံ့နှံ့စပ်စပ် သိရှိ နားလည်သည့် ရှေ့မီနောက်မီ ခေါင်းဆောင်တစ်ဦး ဖြစ်သကဲ့သို့ လူ့အခွင့်အရေးနှင့် စစ်သုံ့ပန်း ကျင့်ဝတ် များကိုလည်း အစဉ်တစ်စိုက် အလေးထားလိုက်နာကျင့်သုံးခဲ့သူ ဖြစ်ပါသည်။ မိမိ ကိုယ်ကျိုးထက် ကရင်နီလူမျိုးများနှင့် မြန်မာပြည်သူပြည်သားအားလုံး၏ လွတ်မြောက်ရေးကို ရှေ့တန်းတင်ကာ ရိုးသားကျိုးနွံစွာဖြင့် ဘဝကို မြှုပ်နှံခဲ့သည့် ခွန်းရီမာန်ထူး၏ မဆုတ်မနစ်သော ဇွဲ၊ လုံ့လနှင့် စိတ်ဓာတ်သည် ကျွန်ုပ်တို့၏ နွေဦးတော်လှန်ရေး ခရီးလမ်းအတွက် အားအင်များအဖြစ် ကျန်ရစ်နေမည် ဖြစ်ပါသည်။
ခွန်းရီမာန်ထူးကဲ့သို့သော နိုင်ငံရေးအတွေ့အကြုံရင့်ကျက်ပြီး လေးစားထိုက်သော နိုင်ငံရေး ခေါင်းဆောင်တစ်ဦး ကွယ်လွန်သွားခြင်းသည် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) နှင့် ကရင်နီ တစ်မျိုးသားလုံးအတွက်သာမက လက်ရှိ နွေဦးတော်လှန်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် ကြိုးပမ်းနေကြသော တော်လှန်ရေးအင်အားစု အားလုံး အတွက် ကြီးမားလှသည့် ဆုံးရှုံးမှုကြီးတစ်ရပ် ဖြစ်ပါသည်။
ခွန်းရီမာန်ထူး၏ ဝိညာဉ်သည် ကောင်းရာသုဂတိ၌ ငြိမ်းချမ်းစွာ နားခိုနိုင်ပါစေကြောင်းနှင့် ၎င်းမျှော်မှန်းခဲ့သည့် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေး၊ အမျိုးသား တန်းတူရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေးအတွက် တိုင်းရင်းသားပြည်သူ တရပ်လုံးနှင့်အတူ လက်တွဲ၍ အစွမ်းကုန် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း သန္နိဋ္ဌာန်ပြု၍ ဤဝမ်းနည်းကြောင်းသဝဏ်လွှာကို ပေးပို့အပ်ပါသည်။
အမျိုးသားညီညွတ်ရေးအစိုးရ