အမျိုးသားညီညွတ်ရေးအစိုးရက ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ (၃၈)နှစ်မြောက်နေ့ အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာ

၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၈) ရက်
ယနေ့ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၈) ရက်နေ့သည် မြန်မာ့သမိုင်းစာမျက်နှာတွင် မီးရှူး တန်ဆောင်အဖြစ် မော်ကွန်းတင်ရမည့် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီး (၃၈) နှစ် ပြည့်မြောက်သည့် နေ့ထူးနေ့မြတ် ဖြစ်ပါသည်။ လွန်ခဲ့သော (၃၈) နှစ်တာကာလက အလုပ်သမား၊ လယ်သမား၊ ကျောင်းသားလူငယ်များမှ အစပြု၍ လူမျိုး၊ ဘာသာ၊ အလွှာမရွေး ရဟန်းရှင်လူ ပြည်သူတရပ်လုံးသည် တစ်ပါတီအာဏာရှင်စနစ်ကို ပြတ်သားစွာ ဆန့်ကျင်ကာ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအတွက် ရဲရဲတောက် တောင်းဆိုတိုက်ပွဲဝင်ခဲ့ကြပြီး ပြည်ထောင်စုဖွား တိုင်းရင်းသား ပြည်သူအားလုံး၏ စည်းလုံးညီညွတ်မှုကို အခိုင်အမာ ပြသနိုင်ခဲ့သော သမိုင်းဝင်ပြယုဂ် တစ်ခုလည်း ဖြစ်ပါသည်။
(၃၈) နှစ်တိုင်တိုင် ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း “အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးနှင့် ဒီမိုကရေစီရရှိရေး” ဟူသော ရှစ်ဆယ့်ရှစ်စိတ်ဝိညာဉ်နှင့်အတူ မြန်မာပြည်သူလူထုသည် ရှစ်လေးလုံး အရေးတော်ပုံကြီးမှ မျိုးစေ့ချပေးခဲ့သည့် နိုင်ငံရေးနိုးကြားမှုကို လက်ဆင့်ကမ်းလျက် ယနေ့ ဆင်နွှဲလျက်ရှိသော နွေဦးတော်လှန်ရေး အထိ ခေတ်အဆက်ဆက် အာဏာရှင်အဆက်ဆက် တို့၏ မတရားမှုများကို ခေါင်းငုံ့မခံဘဲ အံတုတွန်းလှန်ဆဲရှိကြပါသည်။ ဤခရီးကြမ်းတစ်လျှောက် မဆုတ်မနစ်သော ဇွဲ၊ လုံ့လ၊ ခိုင်ကြည်ပြတ်သားသော သန္နိဋ္ဌာန်တို့ဖြင့် အသက်၊ သွေး၊ ချွေးများကို ရင်းနှီးပေးဆပ်ခဲ့ကြသော ရဟန်းရှင်လူ၊ ကျောင်းသား၊ ပြည်သူ အာဇာနည်အပေါင်းတို့အား အမျိုးသားညီညွတ်ရေးအစိုးရက အစဉ်အမြဲ အောက်မေ့လွမ်းဆွတ်လျက် အလေးအနက် ဦးညွှတ် ဂါရဝပြုအပ်ပါသည်။
ယနေ့အချိန်အခါသည် ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို အခြေခံသော တန်းတူညီမျှမှုနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိသည့် နိုင်ငံတော်သစ်ကို တည်ဆောက်ရန် တိုင်းရင်းသား ပြည်သူ တရပ်လုံးက ခိုင်မာသော သန္နိဋ္ဌာန်ဖြင့် ကြိုးပမ်းနေသောကာလ ဖြစ်ပါသည်။ သို့ပါသောကြောင့် လူမျိုး၊ ဘာသာ၊ အယူဝါဒ ကွဲပြားမှုများကို ဘေးဖယ်ကာ ဘုံရန်သူဖြစ်သည့် စစ်အာဏာရှင်စနစ် ကျဆုံးရေးအတွက် အလုံးစုံညီညွတ်ရေးကို ခိုင်မာစွာ တည်ဆောက်ထားရန် အလွန် အရေးကြီးပါသည်။ အာဏာရှင်စနစ်၏ နောက်ဆုံးထွက်သက်ကို ဖြတ်တောက်မည့် အဆုံးသတ် ကာလသည် ပိုမိုကြမ်းတမ်း ခက်ခဲနိုင်သဖြင့် ရန်သူ့၏ သွေးခွဲသပ်လျှိုမှုများနှင့် နိုင်ငံရေး လှည့်ကွက်များကို ညီညွတ်ခြင်းအင်အား၊ နိုင်ငံရေးသတိတို့ဖြင့် အတူတကွ ကျော်လွှား ကြရမည် ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ တိုင်းရင်းသားပြည်သူတရပ်လုံးအနေဖြင့် ရှစ်လေးလုံး အရေးတော်ပုံက မွေးဖွားပေးလိုက်သော စိတ်ဓာတ်ကို အခြေခံကာ ကဏ္ဍပေါင်းစုံမှ အချိတ်အဆက်မိမိ ဆက်လက် ပူးပေါင်းပါဝင်ပေးကြပါရန် လေးနက်စွာ တိုက်တွန်းနှိုးဆော်အပ်ပါသည်။
(၃၈) နှစ်မြောက် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံနေ့ကို ဂုဏ်ပြုသောအားဖြင့် အမျိုးသား ညီညွတ်ရေးအစိုးရအနေဖြင့် ရှေ့မျိုးဆက်တို့ရင်းနှီးတည်ဆောက်ခဲ့ကြသော အခြေခံ အုတ်မြစ်များ အပေါ်တွင် ခိုင်ခိုင်မတ်မတ်ရပ်တည်ကာ၊ အတိတ်သမိုင်း၏ အမှားများကို သင်ခန်းစာယူလျက် မြန်မာ့မြေပေါ်တွင် အာဏာရှင်စနစ် အငွေ့အသက်များ အလျဉ်းကင်းစင်ပြီး တရားမျှတမှု၊ လွတ်လပ်မှုနှင့် စစ်မှန်သော အမျိုးသားတန်းတူရေးတို့ကို အာမခံနိုင်မည့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုသစ် တည်ဆောက်နိုင်ရေးအတွက် တိုင်းရင်းသား ညီနောင် မဟာမိတ်များ နှင့်အတူ မဝေးတော့သည့် အောင်ပွဲဆီသို့ မလျော့သောဇွဲ၊ လုံ့လတို့ဖြင့် အရောက်လှမ်းချီ တိုက်ပွဲ ဝင်သွားမည် ဖြစ်ပါကြောင်း ကတိသစ္စာပြုရင်း ဤသဝဏ်လွှာကို ပေးပို့အပ်ပါသည်။
National Unity Government
Scroll to Top