၂၀၂၆ ခုနှစ်၊ မေလ (၁) ရက်
ချစ်ကြည်လေးစားအပ်ပါသော တိုင်းရင်းသားညီအစ်ကိုမောင်နှမများ၊ ပြည်တွင်း၊ ပြည်ပရှိ နိုင်ငံသူ နိုင်ငံသားများ၊ တော်လှန်အလုပ်သမားထုနှင့် ပြည်သူများခင်ဗျား –
ယနေ့ ကျရောက်သော (၁၃၆) ကြိမ်မြောက် ကမ္ဘာ့အလုပ်သမားနေ့(May Day) အခါသမယ တွင် မြန်မာနိုင်ငံအနှံ့အပြားရှိ တော်လှန်အလုပ်သမားထုနှင့် ပြည်သူလူထုအပေါင်းတို့အား ဂုဏ်ပြု နှုတ်ခွန်းဆက်သအပ်ပါသည်။ ထို့အပြင် ကမ္ဘာတဝှမ်းလုံးရှိ အလုပ်သမားများ၏ အခွင့်အရေးများ၊ လူမှုတရားမျှတမှုနှင့် လူ့ဂုဏ်သိက္ခာအတွက် မဆုတ်မနစ် ရုန်းကန်ဆောင်ရွက်နေကြသော နိုင်ငံ တကာအလုပ်သမားထုအားလည်း ဤအခါသမယတွင် အထူးဂုဏ်ပြုလိုပါသည်။
ကမ္ဘာ့အလုပ်သမားနေ့သည် သမိုင်းကြောင်းရှည်လျားသည့် အလုပ်သမားလှုပ်ရှားမှုများမှ မွေးဖွားလာသော နေ့တစ်နေ့ဖြစ်ပြီး၊ အလုပ်သမားအခွင့်အရေးများအတွက် အနာခံ၊ အသက်ပေး၍ ရုန်းကန်ခဲ့ကြသည့် သူရဲကောင်းများ၏ သွေးနှင့် အာဇာနည်စိတ်ဓာတ်များကို အမှတ်ရစေသော နေ့လည်း ဖြစ်ပါသည်။ ယနေ့ခေတ်တွင်လည်း ကမ္ဘာတဝှမ်း၌ အလုပ်သမားများသည် အလုပ်အကိုင် မတည်ငြိမ်မှု၊ အလုပ်ခွင်အန္တရာယ်များ၊ လူမှုကာကွယ်ရေး မလုံလောက်မှု၊ အလုပ်သမား အခွင့်အရေး ချိုးဖောက်မှုများနှင့် နည်းပညာပြောင်းလဲမှုများကြောင့် ဖြစ်ပေါ်လာသော စိန်ခေါ်မှုအသစ်များကို ဆက်လက် ရင်ဆိုင်နေရပါသည်။
မြန်မာနိုင်ငံအတွင်းတွင် အကြမ်းဖက်စစ်တပ်၏ အာဏာသိမ်းမှုကြောင့် အလုပ်သမား အခွင့်အရေးများသာမက လူ့အခွင့်အရေးများနှင့် လူသားလုံခြုံရေးတို့သည် ပြင်းထန်စွာ ချိုးဖောက် ခံနေရပါသည်။ သို့သော်လည်း ယင်းအခက်အခဲများကြားတွင် မြန်မာအလုပ်သမားထုသည် တော်လှန်ရေး၏ အဓိကမဏ္ဍိုင်အဖြစ် မားမားမတ်မတ် ရပ်တည်လျက်ရှိပါသည်။
အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့်လည်း ယခုပြည်သူနှင့် အလုပ်သမားထု ခံစားနေရ သော ဒုက္ခအပေါင်းကို အဆုံးသတ်ရန်နှင့် နောင်မျိုးဆက်အတွက် ရေရှည်ငြိမ်းချမ်းတည်ငြိမ် တိုးတက်သော လူမှုပတ်ဝန်းကျင်ကို ဖန်တီးနိုင်ရန် အရေးကြီးဆုံးအလုပ်ဖြစ်သည့် အကြမ်းဖက် စစ်တပ်ကို နိုင်ငံရေးက ဖယ်ရှားနိုင်ရေး၊ တစ်နည်းအားဖြင့် တော်လှန်ရေး အောင်မြင်အောင် ဆောင်ရွက်လျက်ရှိပါသည်။ တစ်ပြိုင်တည်းမှာပင် အလုပ်သမားအခွင့်အရေးအပါအဝင် လူ့အခွင့်အရေး များကို အကာအကွယ်ပေးရန် ခိုင်မာသော ကတိကဝတ်များနှင့်အတူ လက်တွေ့ဆောင်ရွက်လျက် ရှိပါသည်။ အလုပ်သမားသမဂ္ဂများ လွတ်လပ်စွာ ဖွဲ့စည်းခွင့်ကို အာမခံပေးထားပြီး၊ အဓမ္မခိုင်းစေမှု တားဆီးကာကွယ်ရေးနှင့် လျော့နည်းပပျောက်ရေးဆိုင်ရာ မူဝါဒကို ချမှတ်အကောင်အထည်ဖော် သွားမည်ဖြစ်ပါသည်။ ထို့အပြင် အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုများနှင့် စစ်ရာဇဝတ်မှုများကို စနစ်တကျ မှတ်တမ်းတင်ကာ နိုင်ငံတကာ တရားမျှတမှုစနစ်များမှတစ်ဆင့် တာဝန်ခံမှု ရရှိစေရန် ဆက်လက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။
ထို့ကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော အလုပ်သမား အခွင့်အရေး ချိုးဖောက်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများအပေါ် ဆက်လက် အာရုံစိုက်ကာ ထိရောက်သော အရေးယူဆောင်ရွက်မှုများ ပြုလုပ်ရန် တိုက်တွန်းလိုပြီး တာဝန်ခံမှုနှင့် တရားမျှတမှုကို အာမခံနိုင်ရေးအတွက် ILO က အကြမ်းဖက်စစ်တပ်ကို Article 33 အရ အရေးယူထားသော ယန္တရားကို အသုံးချ၍ ပူးပေါင်းဆောင်ရွက်ကြရန်လည်း အလေးအနက် တောင်းဆိုအပ်ပါသည်။
ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို အလေးထားသော နိုင်ငံတကာအစိုးရများ၊ နိုင်ငံတကာ အလုပ်ရှင်များနှင့် နိုင်ငံတကာအလုပ်သမားသမဂ္ဂများ၏ များစွာသော ထောက်ခံအားပေးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများအတွက် ကျေးဇူးအထူးတင်ရှိပါသည်။ ထိုအားပေးမှုများသည် မြန်မာ ပြည်သူများအတွက် မျှော်လင့်ချက်နှင့် အားအင်တစ်ရပ် ဖြစ်ပါသည်။
လက်ရှိအခြေအနေများအရ မြန်မာနိုင်ငံ၏ ပြည်သူအများစုသည် ပြည်တွင်း အကျပ် အတည်းများကြောင့် မိမိတို့၏ အိမ်များကို စွန့်ခွာ၍ နိုင်ငံရပ်ခြားသို့ ထွက်ပြေးခိုလှုံနေရပါသည်။ အများစုသည် တရားဝင်အလုပ်အကိုင် မရရှိဘဲ ကြုံရာအလုပ်များကို လုပ်ကိုင်ကာ အသက်ရှင်ရေး အတွက် ခက်ခဲစွာ ရုန်းကန်နေရပါသည်။ ဤအခြေအနေကို ထောက်ထား၍ ၎င်းတို့အား လူ့ဂုဏ်သိက္ခာနှင့်အညီ ကာကွယ်စောင့်ရှောက်ပေးရန် အရေးကြီးပါသည်။ တရားဝင် အလုပ် လုပ်ကိုင်ခွင့်၊ လုံခြုံမှုရှိသော အလုပ်ခွင်များနှင့် အခြေခံအခွင့်အရေးများကို အာမခံပေးနိုင်ရေး အတွက် ပူးပေါင်းဆောင်ရွက်ပေးကြရန် လေးနက်စွာ တိုက်တွန်းတောင်းဆိုအပ်ပါသည်။
May Day စိတ်ဓာတ်သည် အလုပ်သမားများ၏ ညီညွတ်မှု၊ တာဝန်ယူမှုနှင့် မတရားမှုအပေါ် တော်လှန်မှုဖြစ်ပါသည်။ ယနေ့ မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေတွင် အလုပ်သမားအခွင့်အရေး အတွက် ရုန်းကန်မှုသည် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအတွက် ရုန်းကန်မှုနှင့် မခွဲမခွာ ဆက်နွှယ် လျက်ရှိပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့အားလုံးသည် စုပေါင်းအင်အားဖြင့် အတူတကွ ရှေ့ဆက်ကြ ရမည် ဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ပြည်တွင်းညီညွတ်မှု၊ နိုင်ငံတကာ မိတ်ဖက်များ၏ ပံ့ပိုးကူညီမှု၊ ခိုင်မာသော ဦးဆောင်မှုနှင့် မှန်ကန်သော မဟာဗျူဟာပူးပေါင်းကာ တရားမျှတမှု၊ ငြိမ်းချမ်းမှုနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတစ်ရပ် တည်ဆောက်ရန် ဆက်လက် ကြိုးပမ်း သွားမည်ဖြစ်ကြောင်း ကတိပြုရင်း ဤသဝဏ်လွှာအား ပေးပို့အပ်ပါသည်။
မန်းဝင်းခိုင်သန်း
ပြည်ထောင်စုဝန်ကြီးချုပ်
အမျိုးသားညီညွတ်ရေးအစိုးရ