လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ဖျက်သိမ်းခြင်းနှင့် စပ်လျဉ်း၍ ထုတ်ပြန်ကြေညာချက်

၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၂၁) ရက်
၁။ အမျိုးသားညီညွတ်ရေးအစိုးရသည် နွေဦးတော်လှန်ရေးကာလအတွင်း အစိုးရတစ်ရပ်၏ တာဝန်ဝတ္တရားများကို ထမ်းရွက်ရာတွင် လူ့အခွင့်အရေးကို လေးစားလိုက်နာမှု အပြည့်အဝ ဖော်ဆောင်နိုင်စေရန် ရည်ရွယ်ချက်ဖြင့် ၂၀၂၁ ခုနှစ်၊ မေလ (၃) ရက်နေ့တွင် လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနကို ဖွဲ့စည်းခဲ့ပါသည်။ ထိုသို့ထည့်သွင်းဖွဲ့စည်းခြင်းဖြင့် မြန်မာနိုင်ငံ၏ သမိုင်းတလျှောက် ပထမဦးဆုံး လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနပါဝင်သည့် အစိုးရအဖွဲ့တရပ်အနေဖြင့် သမိုင်း မှတ်ကျောက်တင်နိုင်ခဲ့ပါသည်။
၂။ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနသည် ပြည်ထောင်စုလူ့အခွင့်အရေးကော်မရှင်ဥပဒေကြမ်းကို ပြုစုလျက် အစိုးရအဖွဲ့၏ ထောက်ခံချက်ဖြင့် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) သို့ တင်ပြခဲ့ရာ NUCC ၏ အတည်ပြုမှုကို ရရှိခဲ့ပြီး ဖြစ်ပါသည်။ ယခုအခါ ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) အနေဖြင့် စိစစ်၊ သုံးသပ်၊ ဆွေးနွေးလျက် ရှိပြီး ဥပဒေကြမ်းကို အတည်ပြုပြဋ္ဌာန်းပြီးပါက ဥပဒေနှင့်အညီ လွတ်လပ်သော လူ့အခွင့်အရေး ကော်မရှင်တရပ် ပေါ်ပေါက်လာမည်ဖြစ်ပါသည်။
၃။ လူ့အခွင့်အရေးချိုးဖောက်မှုများကို မှတ်တမ်းတင်ခြင်း၊ လူ့အခွင့်အရေး အခြေပြုတိုက်တွန်း အရေးဆိုခြင်း၊ လူ့အခွင့်အရေး နှင့် ကိုက်ညီသော မူဝါဒများ ပေါ်ထွက်စေခြင်းနှင့် လူ့အခွင့်အရေး အသိပညာများ မြှင့်တင်ခြင်းတို့ဖြင့် ဝန်ကြီးဌာန၏ နွေဦးတော်လှန်ရေးတွင် ထမ်းဆောင်အပ်သည့် တာဝန်ဝတ္တရားများကို ကျေပွန်ပြီးစီးသည်ဖြစ်လျက် နောက်တဆင့် ခြေလှမ်းအတွက်ပါ အခြေခံကောင်းများကို ပြင်ဆင်ခဲ့ပြီးဖြစ်သည်ဟု မှတ်တမ်းတင်ရမည်ဖြစ်ပါသည်။
၄။ အမျိုးသားညီညွတ်ရေးအစိုးရသည် အစိုးရလုပ်ငန်းများဖော်ဆောင်ရာတွင် အချိန်ကာလ၊ အခြေအနေနှင့် ကိုက်ညီသော စဉ်ဆက်မပြတ် ပိုမိုထိရောက်အားကောင်းစေမည့် နည်းလမ်းများကို ရှာဖွေခြင်း၊ ပြန်လည်သုံးသပ်ခြင်းတို့ကို ပြုလုပ်လျက်ရှိရာ အစိုးရ၏ လူ့အခွင့်အရေးဆိုင်ရာ ကတိကဝတ်များကို ပိုမိုအားကောင်းစေမည့် လွတ်လပ်သော လူ့အခွင့်အရေး ယန္တရားများကို တည်ဆောက်နိုင်ရန် အစပြုသည့် ခြေလှမ်းတရပ်အနေဖြင့် လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ကို ဖျက်သိမ်းပေးနိုင်ပါရန် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသို့ တင်ပြအစီရင်ခံခဲ့ပြီး ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီကလည်း လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနကို ဖျက်သိမ်းကြောင်း ကြေညာခဲ့ပြီးဖြစ်သည်။
၅။ ဝန်ကြီးဌာနစတင် တည်ထောင်ချိန်မှ စတင်၍ ယခုအချိန်အထိ နွေဦးတော်လှန်ရေး ၏ လူ့အခွင့်အရေး စာမျက်နှာတွင် ဦးဆောင်အခန်းကဏ္ဍတရပ်မှ ပါဝင်ခဲ့ပြီး အခြေအနေနှင့် အချိန်အခါ အရ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များအပေါ် လိုက်ပါဆောင်ရွက်ခဲ့ကြသည့် ပြည်ထောင်စု ဝန်ကြီး၊ ဒုတိယဝန်ကြီးများ၊ အကြံပေးအဖွဲ့ဝင်များ၊ ဝန်ကြီးဌာနမှ ဝန်ထမ်းများ နှင့် မိတ်ဖက် အရပ်ဘက်အဖွဲ့အစည်းများ အပါအဝင် ပြည်သူ့တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြသူများ အားလုံးကို အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ကျေးဇူးတင် ဂုဏ်ပြုအပ်ပါသည်။
အမျိုးသားညီညွတ်ရေးအစိုးရ
Scroll to Top