ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ၏ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၂၁) ရက်စွဲပါ ကြေညာချက်အမှတ် (၄/၂၀၂၆) အရ “ပြည်ထောင်စုလူ့အခွင့်အရေးကော်မရှင်ဥပဒေ” အား လုပ်ထုံးလုပ်နည်းများနှင့်အညီ အတည်ပြုပြဋ္ဌာန်း၍ လွတ်လပ်သော ကော်မရှင်တရပ်အဖြစ် ပြောင်းလဲဖွဲ့စည်းကာ လူ့အခွင့်အရေးဆိုင်ရာ လုပ်ငန်းများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်သဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ၏ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအား ဖျက်သိမ်းကြောင်း တရားဝင် ကြေညာခဲ့ပြီး ဖြစ်ပါသည်။
အဆိုပါ အကူးအပြောင်း နှင့် စပ်လျဉ်း၍ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေဖြင့် ငါးနှစ်တာ ကာလတလျှောက် အတူရပ်တည်ပေးခဲ့ကြသော ပြည်သူလူထုတရပ်လုံးနှင့် မိတ်ဖက်များအား အထူးကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင်အပ်ပါသည်။
ဝန်ကြီးဌာနအနေဖြင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ကြုံတွေ့ခဲ့ကြသူများ၊ မျက်မြင်သက်သေများ၊ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများ နှင့် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရသူများဖြစ်ကြသည့် မြန်မာပြည်သူပြည်သားများ၏ ကြံ့ကြံ့ခံနိုင်စွမ်းကို ဦးညွှတ်ဂုဏ်ပြုအပ်ပါသည်။ မြန်မာပြည်သူများ၏ အန္တရာယ်မျိုးစုံအကြားမှ သတင်းပို့ပေးခြင်းများကြောင့်သာလျှင် လူ့အခွင့်အရေး ချိုးဖောက်မှု ဖြစ်စဉ်များကို မှတ်တမ်းတင်နိုင်ခဲ့ခြင်းဖြစ်ပြီး၊ ထိုသို့ မှတ်တမ်းတင်နိုင်ခြင်းကြောင့်သာ အနာဂတ်တွင် တရားမျှတမှု ဖော်ဆောင်နိုင်ရေးအတွက် အခြေခံကောင်းများကို တည်ဆောက်နိုင်ခဲ့ခြင်းဖြစ်ပါသည်။
ထို့အပြင် မြေပြင်တွင် ဆက်လက်ဆောင်ရွက်နေသော လူ့အခွင့်အရေးရာတာဝန်ခံများ၊ ဝန်ကြီးဌာန၏ အကြံပေးများ နှင့် ဝန်ထမ်းများ၊ NUG၊ တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းများ နှင့် မရှိမဖြစ် အရေးပါသော အရပ်ဘက်လူထုအဖွဲ့အစည်းများကိုလည်း ကျေးဇူးတင်ရှိပါကြောင်း ဖော်ပြအပ်ပါသည်။ မြန်မာပြည်သူများနှင့်အတူ ရပ်တည်ပေးခဲ့သော နိုင်ငံတကာ မိတ်ဖက်များ၊ အစိုးရများနှင့် လွှတ်တော်များကိုလည်း အထူးပင် ကျေးဇူးတင်ရှိပါသည်။
ဝန်ကြီးဌာန တာဝန်ထမ်းဆောင်ခဲ့သည့် ကာလအတွင်း ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာများ၊ အချက်အလက်များနှင့် ထုတ်ပြန်ချက်များ အားလုံးကို အများပြည်သူအနေဖြင့် အချိန်မရွေး ပြန်လည်ကြည့်ရှု လေ့လာနိုင်ရေးအတွက် ဝန်ကြီးဌာန၏ Official Website နှင့် Social Media Platforms (Facebook, Telegram, Twitter ,Instagram,Threads စသည်) တို့တွင် ဆက်လက်ထိန်းသိမ်း ထားရှိသွားမည် ဖြစ်ပါကြောင်း လေးစားစွာ အသိပေးအပ်ပါသည်။
လွတ်လပ်သော ပြည်ထောင်စုလူ့အခွင့်အရေးကော်မရှင်အဖြစ် တရားမျှတမှု နှင့် လူ့အခွင့်အရေး မဏ္ဍိုင်များ ခိုင်မာရေးအတွက် ဆက်လက်ပါဝင် ထောက်ပံ့သွားမည် ဖြစ်ပါသည်။
လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ
